23 May 2010

သနားစရာကောင်းသော မြန်မာပြည်ရှိ အနာကြီးရောဂါသည်တွေကို ကူညီလှူဒါန်းကြရအောင်

ဂျပန်နိုင်ငံက လှူဒါန်းထားတဲ့ အပ်ချုပ်စက်ကို အသုံးပြုလို့စက်ချုပ် နေတဲ့ မရမ်းချောင်းဂေဟာမှာ နေထိုင်သူတစ်ဦး။
ဓာတ်ပုံ - ခရစ္စတိုဖာဒေဗီ


“လူတောထဲသွားတဲ့အခါခြေတွေလက်တွေကို ၀ှက်ထားရတယ်။မဟုတ် လို့ တွေ့သွားရင် လူတွေက မနှစ်မြို့တဲ့ အကြည့်တွေနဲ့ ရှောင်သွားကြ တယ်။ အဘတို့မှာ ရောဂါမရှိတော့ပေမယ့် ခုချိန်ထိ အဘတို့နဲ့ ဆက်ဆံ ရင် ရောဂါကူးမှာပဲလို့ ထင်နေကြတုန်းပဲ။”



ဆောင်းပါးအတွက် စာရေးသူရဲ့ အမေးကို ဖြေပေးနေတဲ့ အသက် ၇၃ အရွယ် အနာကြီးရောဂါဝေဒနာရှင် အဘဦးမောင်မောင်ခင်ရဲ့ ဟန်ပန် ကစကားပြောနေရင်း စိတ်မကောင်းဖြစ်လာလေဟန်ညှိုးညှိုးရော်ရော်။



အနာကြီးရောဂါဟာ မြန်မာနိုင်ငံမှာ လွတ်လပ်ရေးရပြီးတဲ့နောက်ပိုင်း လူဦးရေအယောက်၅၀မှာ တစ်ယောက် နှုန်းဖြစ်တဲ့အထိ ကျန်းမာရေး ပြဿနာ တစ်ရပ်အနေနဲ့ရှိခဲ့ဖူးပေမယ့် ၂၀၀၀ ပြည့်နှစ်ရောက်တဲ့အခါ ရောဂါထပ်မံ ဖြစ်ပွားမှု မရှိတော့ တာကြောင့် ရောဂါ ကင်းစင်ကြောင်း ကြေညာချက်ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ထုတ်ပြန်ခဲ့ပါတယ်။ တကယ်တော့ ဦးမောင်မောင်ခင်တို့တစ်တွေဟာ အဲဒီ လွတ် လပ်ရေးရပြီးနောက်ပိုင်း အစပြု ခဲ့တဲ့ အနာကြီးရောဂါရဲ့ နောက်ဆုံး မျိုးဆက်တွေအဖြစ် ရောဂါလက္ခဏာ တွေနဲ့အတူ ကျန်ရှိခဲ့ကြတဲ့ သူတွေပဲ ဖြစ်ပါတယ်။



သူတို့တစ်တွေဟာ လူ့အသိုင်းအ၀ိုင်းက ဖယ်ခွာခြင်းခံရသူတွေမို့ သူတို့ ကိုယ်ပိုင်ဝန်းကျင်အသိုင်းအ၀ိုင်းလေး ထဲမှာပဲ စုပေါင်း နေထိုင် လေ့ရှိကြပြီးအဲဒီနေရာတွေထဲက ခိုလှုံရာတစ်ခုက တော့ လှည်းကူးမြို့နယ်၊ မရမ်းချောင်း ကျေးရွာမှာတည်ရှိတဲ့ ပရဟိတဂေဟာ ပဲဖြစ် ပါတယ်။ ဒီဂေဟာဟာ လူမှု ၀န်ထမ်းဦးစီးဌာနရဲ့အောက်မှာ တည် ထောင်ထားခြင်းဖြစ်ပြီး စားဝတ်နေ ရေးအတွက်ကို လူမှုဝန်ထမ်းဦး စီးဌာန အပြင် စေတနာရှင်တွေရဲ့ ပံ့ပိုးမှုနဲ့ပါ ရပ်တည်ကြရပါတယ်။



ဂေဟာရဲ့ ဥက္ကဋ္ဌ ဦးလှဌေးက "ကျွန်တော်က မရမ်းချောင်းရွာဇာတိ။ မိဘတွေကလည်း အနာကြီးရောဂါ သည်တွေပါ။ ခုတော့ ဆုံးပါး ကုန်ပါပြီ။ ရောဂါသည်တွေဟာ ရောဂါမရှိတော့ ပေမယ့် ရုပ်ပျက်ဆင်းပျက်ဖြစ်နေတာ တွေကြောင့် လူ့အသိုင်းအ၀ိုင်းကလက်သင့်မခံ ကြပါဘူး။ ဒါကြောင့် ခုလို ဂေဟာရောက်လာကြတာပါ" လို့ ပြော ပြပါတယ်။



လက်ရှိဂေဟာမှာ ရောဂါသည် ၅၆ ယောက်နေထိုင်ပြီး မရမ်းချောင်းရွာထဲ မှာတော့ ရောဂါသည် ၂၀ လောက်ရှိ တယ်လို့ သိရပါတယ်။ ရောဂါသည် တွေဟာ ခြေလက်အင်္ဂါမစုံလင်တာ ကြောင့် လူတောထဲမတိုးရဲတဲ့အနေ အထားမျိုးနဲ့ ၀မ်းရေးအတွက် အလုပ် မလုပ်နိုင် ဘဲဂေဟာကို လာရောက်လှူဒါန်းကြတဲ့အလှုရှင်တွေရဲ့အထောက် အပံ့နဲ့ပဲ စားသောက်နေထိုင်ကြရတာ ပါ။ ထို့အတူပဲရွာထဲမှာ နေထိုင် တဲ့ ရောဂါသည်တွေရဲ့ စားသောက်ရေးကို လည်း ဂေဟာက တာဝန်ယူစီစဉ်ပေး တယ်လို့ သိရပါတယ်။



ဒီလိုဝေဒနာရှင်တွေ မရမ်းချောင်း ကျေးရွာဘက်ကို ရောက်ရှိလာပုံက ၁၉၈၀ ပြည့်နှစ် ၀န်းကျင်လောက်က ထောက်ကြံ့မှာ အနာကြီး ရောဂါဆေးရုံတည်ရှိခဲ့ဖူးပြီး ရောဂါသည်တွေဟာ ဆေးရုံမှာဆေးကုသမှုလာရောက်ခံယူ ရင်း ကုသမှုယူရချိန်က ကြာရှည်လှတဲ့အပြင် သူတို့ရဲ့အရပ်ဒေသကိုလည်း မပြန်လိုတော့တာကြောင့် ထောက်ကြံ့ တစ်ဝိုက်မှာပဲ အခြေချနေထိုင်ခဲ့ကြပါတယ်။ အဲဒီကမှ နောက်ပိုင်း ၁၉၈၉ခုနှစ်မှာ မရမ်းချောင်းကျေးရွာဘက်ကိုပြောင်းရွေ့အခြေချလာခဲ့ပြီး ၂၀၀၀ ပြည့်နှစ်ဇွန်လမှာ ဂေဟာတည်တဲ့ အဆင့်ကို ရောက် လာခဲ့ပါတယ်။



မရမ်းချောင်းဂေဟာမှာ နေထိုင်သူတစ်ဦးဖြစ်တဲ့ အသက် ၇၂ နှစ်အရွယ် ဒေါ်ဝင်းမေဆိုရင် အသက် ၃၀ အရွယ်မှာ အနာကြီးရောဂါ စ တင်ခံစားခဲ့ရပြီးထိထိရောက်ရောက် ဆေးမကုသနိုင်ခဲ့တာရယ်၊ ဆေးမြီးတိုတွေနဲ့ကုသခဲ့တာတွေရယ်ကြောင့် ခုဆိုရင်ဘီးတပ်ကုလား ထိုင်နဲ့ သွားလာရတဲ့ အခြေ အနေမျိုး ဖြစ်နေရသူပါ။



"ဒီမရမ်းချောင်းဂေဟာကို ရောက် တာ နှစ် ၂၀ ကျော်ပါပြီ။ အမျိုးတွေ တော့ ဖျာပုံမှာရှိသေးတယ်။ ကိုယ့် ကြောင့် သူတို့ကို ဒုက္ခမပေး ချင်တာ ကြောင့် ဒီမှာပဲ နေလိုက်တော့တာပါ။ ခုတော့ နေသားကျနေပါပြီ။ ဒီကို လာလှူကြတဲ့ အလှူရှင်တွေကို ကျေးဇူး အရမ်းတင်ပါ တယ်။ လှူတာအပြင် ကိုယ်တွေကို ကြင်ကြင်နာနာ ကောင်း ကောင်းမွန်မွန် ဆက်ဆံတာကို အရမ်း ကျေးဇူးတင်မိပါတယ်"လို့ အဘွား ဒေါ်ဝင်းမေက ပြောရှာပါတယ်။



လက်ရှိမှာ မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာအနေနဲ့ အနာကြီးရောဂါ သည်အကြွင်းအကျန် ၄,၀၀၀ ၀န်းကျင် ခန့်ရှိပြီး သူတို့တွေကို မန္တလေးတိုင်း၊မတ္တရာမြို့နယ်ကနံ့သာမြိုင်စခန်း၊ မော်လမြိုင် တောင်ဝိုင်းစခန်း၊ စစ်ကိုင်းတိုင်းက မြရတနာစခန်းနဲ့ မုံရွာကအိုးတစ်လုံး စခန်းတွေမှာစောင့်ရှောက် ထားပါတယ်။ အားလုံးဟာ ရောဂါကင်း နေကြပြီဖြစ်ပေမယ့်လူတောမတိုးရဲ တော့တာကြောင့် စားဝတ်နေ ရေး အတွက် အလှူရှင်တွေကိုပဲ အားထား နေရသလို ဂေဟာတွေမှာ နေထိုင်သူ အချင်းချင်းဟာလည်း တစ်ဦးနဲ့တစ်ဦး ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီ စောင့်ရှောက် နေထိုင်ကြတယ်လို့ သိရပါတယ်။



"ကျွန်မက လက်တွေ ခြေတွေ အကောင်းရှိနေသေးတော့ ကျန်တဲ့သူ တွေအတွက် ချက်တဲ့ပြုတ်တဲ့အပိုင်းမှာ ကူညီတယ်။ အနာတွေ ဆေးထည့်ပေး တာမျိုးလည်း လုပ်ပေးပါတယ်။ အနာ ကြီးရောဂါကြောင့် အာရုံကြောတွေ ပျက်စီးသွားတဲ့အခါ ရောဂါသည်တွေ ဟာ ခလုတ်တိုက်မိလို့ တိုက်မိမှန်းမသိ၊ အပူလောင်လို့ လောင်မှန်းမသိတော့ ဘူး။ အဲဒါကြောင့် ခဏခဏဒဏ်ရာ ရလာတာတွေကို ဆေး ထည့်ပေးရ တယ်"လို့ မရမ်းချောင်းဂေဟာမှာပဲ နေထိုင်တဲ့ အသက် ၅၈ နှစ်ရှိပြီဖြစ်တဲ့ ဒေါ်ဝင်းက ဂေဟာမှာ သူလုပ်ကိုင်ရတဲ့ အလုပ် ကို ပြောပြပါတယ်။



ဝေဒနာရှင်တွေထဲမှာ စက်ချုပ်တတ် သူ၊ စက်ချုပ်နိုင်တဲ့သူတွေရှိတာကြောင့် တစ်ပိုင်တစ်နိုင် အလုပ်လုပ်ကိုင်နိုင်အောင် အပ်ချုပ်စက် ၁၅ လုံးကို ဂျပန် နိုင်ငံက အလှူရှင်တွေက လှူဒါန်းထား ပေမယ့် ချုပ်ထည်အပ်နှံသူ မရှိတာ ကြောင့် ဝေဒနာရှင်တွေဟာ အခက် အခဲ ဖြစ်နေရတယ်လို့ သိရပါတယ်။



နောက် လတ်တလော မရမ်းချောင်း ဂေဟာမှာ ကြုံတွေနေရတဲ့ အခက်အခဲ ကတော့ ရေပါပဲ။ တစ်တွင်းတည်းသော ရေတွင်းဟာပေ ၃၀၀ လောက် အထိ အနက်တူးထားရတဲ့ တွင်း ဖြစ်ပြီး ရေတင်နေတဲ့ မီးစက်ကလည်း အိုဟောင်း နေပြီဖြစ်တာကြောင့် ရေတင်ရာမှာ အခက်အခဲရှိနေပါတယ်။ ဒါကြောင့် ရေချိုးဖို့အတွက်တောင် အခက်အခဲ ဖြစ်ရတယ်လို့ ရောဂါသည်တစ်ဦးဖြစ်တဲ့ ဦးဇော်လွင်က ပြော ပါတယ်။



ရောဂါသည်တွေအပြင် သူတို့ရဲ့သားသမီးတွေအတွက်လည်း ပညာရေး ထောက်ပံ့မှုတွေလိုအပ်နေတာမို့ ဆရာချစ်စံဝင်းဦးဆောင်တဲ့ အဖွဲ့ကအနာကြီးရောဂါသည်တွေရဲ့သားသမီးတွေပညာရေးအတွက်Education Supporting Programme for Children of leprosy patients (ESP) ကို ၁၉၉၉ ခုနှစ်မှာ စတင်ခဲ့ပြီး ပညာရေး အထောက်အပံ့တွေပြုလုပ် ပေးနေတယ်လို့ သိရပါတယ်။



“အနာကြီးရောဂါစခန်းတွေမှာလက်ရှိပညာသင်ကလေးပေါင်း ၁,၀၀၀ ၀န်းကျင်လောက် ရှိတယ်။ သူတို့ဟာအနာကြီးရောဂါသည်တွေ က မွေးဖွားလာတာဖြစ်ပေမယ့် ရောဂါကင်းစင်ပါတယ်။ အဲဒီကလေးတွေ အနာဂတ်အတွက် ပညာရေးအထောက်အပံ့တွေလို အပ်နေ ပါတယ်”လို့ ဆရာချစ်စံဝင်း က ဆိုပါတယ်။



ကလေးတွေအတွက် ကျောင်းဝတ်စုံ၊ ကျောင်းဖတ်စာအုပ်၊ လေ့ကျင့်ခန်း စာအုပ်တွေ၊ ကျောင်းသုံးပစ္စည်းတွေ၊ ကျောင်းဝင်ကြေးတွေ လိုအပ်နေတာမို့ လှူဒါန်းချင် ရင်ပဲဖြစ်ဖြစ်၊ ရောဂါသည် တွေရဲ့ လိုအပ်ချက်တွေအတွက်လည်း လှူဒါန်းချင်တယ်ဆိုရင် ဆရာချစ်စံဝင်း (ပန်းမျိုးတစ်ရာစာပေ၊ ဖုန်းနံပါတ်၂၀၂၃၇၂ နဲ့ ဦးလှဌေး (ဥက္ကဋ္ဌ)မရမ်းချောင်းပရဟိတဂေဟာ၊ ဖုန်းနံပါတ် ၆၀၀ ၂၆၁) တို့မှ တစ်ဆင့် ဆက်သွယ် လှူဒါန်းနိုင်ပါတယ်။



နီလာဝင်း