11 December 2011

(နိုဘယ်လ်ငြိမ်းချမ်းရေးဆုရရှိခဲ့ခြင်းနှစ် ၂၀ ပြည့် ဂုဏ်ပြုပွဲ အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့သည့် မိန့်ခွန်းမှကောက်နှုတ်ချက်)


" လူတွေကငြိမ်းချမ်းရေး ၊ ငြိမ်းချမ်းရေး ဆိုပြီးပြောနေကြတော့ ငြိမ်းချမ်းရေးရဲ့ခံစားမှုကိုဘယ်လိုနားလည်ကြလဲ ၊ ငြိမ်းချမ်းရေးရဲ့အရသာကိုဘယ်လိုနားလည်ရမလဲဆိုတာ ကျွန်မ စဉ်းစားကြည့်တယ် ။ ဘာဖြစ်လို့လဲဆိုတော့ ငြိမ်းချမ်းရေးလိုချင်လှပါချည်ရဲ့လို့ပြောနေတဲ့လူတွေကိုယ်တိုင်က ငြိမ်းချမ်းရေးဟာဘာလဲဆိုတာ ဆင်ခြင်သုံးသပ်ကြရဲ့လားလို့ကျွန်မ စဉ်းစားမိတယ် ။

ကျွန်မအနေနဲ့ငြိမ်းချမ်းရေးဆိုတာကိုတကယ့်ကိုရိုးရိုးစင်းစင်းနဲ့လွယ်လွယ်လေးပြောရမယ် ဆိုရင် . . . ကျွန်မတော့ဒီလိုပြောချင်တယ် . . . ငြိမ်းချမ်းရေးဆိုတာဟာ အိပ်တဲ့အခါချမ်းသာရမယ် ၊ နိုးတဲ့အခါချမ်းသာရမယ် ဒါပါပဲ "။

" ကျွန်မတို့ပြည်သူပြည်သားတွေအားလုံးကို ငြိမ်းချမ်းစေချင်တယ် ။ အထူးသဖြင့်အခုအချိန်မှာ စစ်ပွဲတွေကြောင့်အေးအေးချမ်းချမ်းမနေရတဲ့ ကျွန်မတို့ရဲ့တိုင်းရင်းသားတွေကိုအထူးပဲစဉ်းစားမိပါတယ် "။

" ကျွန်မတို့နိုင်ငံမှာငြိမ်းချမ်းရေးရဖို့ဆိုရင် အတိတ်ကအကုသိုလ်တွေကို အခုပစ္စုပ္ပန်နဲ့အနာဂတ်အတွက် ကုသိုလ်ယူနိုင်အောင်ကြိုးစားရမယ် ။အဲဒီလိုလုပ်နိုင်မှသာ ကျွန်မတို့လိုချင်တဲ့ပန်းတိုင်ကိုရနိုင်မယ် ။ဒါကမဖြစ်နိုင်တဲ့ကိစ္စမျိုးတော့မဟုတ်ဘူး ။အကုသိုလ်တွေကိုကုသိုလ်ဖြစ်အောင်လုပ်ခဲ့တဲ့ အဲဖရက်နိုဘယ်လ်ကိုသတိရပြီးတော့ကျွန်မတို့တတွေလည်းအကုသိုလ်ထဲကနေကုသိုလ်တွေပွားပြီးငြိမ်းချမ်းရေး
ပန်းတိုင်ကိုအရောက်လှမ်းဖို့ အားပေးချင်ပါတယ်။တိုက်လည်းတိုက်တွန်းချင်ပါတယ် "။

" အရင်ခေတ်အဆက်ဆက်ကမရခဲ့တဲ့ငြိမ်းချမ်းရေးကို အခုအချိန်မှာလုပ်နိုင်ဖို့ အခွင့်အရေးတွေရနေပြီဆိုတဲ့စိတ်တွေထားပြီးဒီအခွင့်အရေးကိုလက်မလွတ်တမ်းအသုံးပြုစေချင်တယ် "။

" ကျွန်မကိုဂုဏ်ပြုမယ့်အစား ငြိမ်းချမ်းရေးကိုဂုဏ်ပြုကြပါ ။ တကယ်ပဲ မေတ္တာအရ ၊ ဂရုဏာအရ ဂုဏ်ပြုချင်တယ်ဆိုရင် ငြိမ်းချမ်းရေးရအောင် ၀ိုင်းလုပ်ကြပါ ။ ငြိမ်းချမ်းရေးရအောင်ဝိုင်းလုပ်ပေးတယ်ဆိုတာ ကျွန်မတင်မကဘူး ဒီနိုင်ငံအတွက်အကျိုးဆောင်သွားတဲ့ပုဂ္ဂိုလ်တွေအားလုံးကိုဂုဏ်ပြုရာရောက်ပါတယ် "။