Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts

06 April 2012

ပို့စ်ရိုမန်တစ်



ဘယ်သူ့ကိုမှမယုံရဘူး ဘယ်သူမှမယုံဘူး (ကိုယ်ဒူးတောင်ကိုယ်)

လက်ရှောင်တယ်

ဟိုဘက်လှည့်နေတုန်း ဒီဘက်နားရွက်ထဲဟုတ်ယောင်ဟုတ်ငြားတွေ ပစ်ထည့်သွား

ကစားမှာလား နားမှာလား

ကစားရင်လည်း ဒီကိုင်းကြီးကြီးမှာ နားချင်ရင်လည်း ဒီကိုင်းကြီးကြီးမှာ

အမှိုက်ကစ၍ပြသာဒ်အထိ မီးပေါင်အတိုးအလျှော့လုပ်လိုရတယ်

(ကျမရဲ့ efficiency က…..)

သဘာဝမှာအင်အားမရှိပါဘူး အင်အားမရှိတာသဘာဝဘဲ…

အသင်ဇိးုသမားတစ်ယောက်ဘယ်လိုစဖြစ်!

ခပ်အစ်အစ်အသံနှင့်တူသည့် ကျီးပေါင်းတက်ဘ၀က

ဝိညာဉ်တစ်ကောင်လို

အရိုးကို အသက်ငါးဆယ်ကျော်ကျော်မှာပျော့ဆင်းစေခဲ့

အရည်ဘဲသောက်လို့ရခဲ့တယ်

မှည့်ဆေးအသုံးခံလိုက်ရတဲ့သစ်သီးတစ်လုံးရဲ့သွေးသားဖွဲ့စည်းမှုလို

ချက်ခြင်းကြီး ကဗြောင်းတိကဗြောင်းဆန် ဥဏ်

မှီသလောက်လေးလိုက်တွေးကြည့်တော့ ထိပ်မှာ

ဖင်ဆီခံက အလျားလိုက် ကြပ်တယ် စပ်တယ်

မီးညှိလိုက် ရေစွတ်လိုက် တဖွာဖွာလိုက် နှပ်ထားလိုက်နဲ့

လူကို ဘယ်အတန်းအစားထဲက မှတ်နေ ညနေ

နေ၀င်ရီမှာထိုးတဲ့ တယောလို သောက ဗျာပါဒ

ပုဒ်ထီးနဲ့ပုဒ်မ ဘယ်သူ့အရင်တယောက်နဲ့တယောက်ချကြမလဲ

ခုထိဘယ်သူ့မှလည်းမယုံဘူးဆိုတဲ့အကြောင်း

ဘယ်သူ့ကိုယုံအောင်ပြောရပါ့ အရှုးလို

အရောတ၀င်နဲ့ မီးသွားဝိုင်းပေးလိုက်တာ

လိုင်းပေါ်ချက်ခြင်းတက်လာတယ်

ကျမ်းကိုင်ပြီးပြောတော့ ကာလာတတ်တယ်ပေါ့

အဲဒါက ခင်ဗျားအပိုင်းလေ

ကမ်းနားမှ ဆူးလေအ၀ိုင်းကိုဖြတ်တိုက်၍တက်လာသောလေများ

သူမ၏စကတ်အနားစများနှင့်တွေ့သောအခါကျမှပင်

မယုံရဲရဲ ယုံရဲရဲ

ဒါပုံပြင်ထဲက သူရဲခြောက်သောအိမ်ကြီး နဲ့

ထိုအိမ်တွင် မခြောက်တတ်တတ်ခြောက်တတ်တတ်နှင့်

ခြောက်နေသောသူရဲများက

မိုဃ်းဇော်၏ကများများအား ဇစ်အဆုံးဖွင့်၍

ဇေယျာလင်း၏ကဗျာများအား ကြယ်သီးတလုံးစီချွတ်၍

ခွဲခြမ်း စိတ်ဖြာ စမ်းသပ် ရွတ်ဖတ်

ဘုရားသခင်လည်း ကြုံတောင့်ကြုံခိုက် ၄င်းနှင့်

ကြိုက်ရောင်းကြိုက်ဝယ် ဈေးဆစ်ကြလေသောအခါ

ပြန်ချင်ရင် ကားဂိတ်ထိလိုက်ပို့ပေးမယ်

တိတ်တိတ်လေးတော့ ကြိတ်ကြိတ်ပြီးမငိုနဲ့

အမှောင်ဆိုတာ ဘယ်တော့မှမလင်းဘူး

အမှောင်ကအမှောင်သတ်သတ် အလင်းက အလင်းသတ်သတ်

တို့ရဲ့ဆုံရပ်က မင်းနှုတ်ခမ်းကိုသတ်ထားတဲ့ လိုင်နာစလေးပေါ်မှာ

လွန်ရောကျွံရော သေရောကြေရော အဖန်ငါးရာ ငါးကမ္ဘာပေါ့

ကိုယ့်ကဗျာကို ကိုယ်ကိုယ်တိုင်ကြိုးဆွဲချရမှ ကျေနပ်မယ်

အရပ်တကာလှည့်ပြီးတိုက်နေရတဲ့ကြက်ဖ

သူ့ရဲ့မျိုးဗီဇက သူ့ဆီမှာလား ခင်ဗျားဆီမှာလား

ဒီနေရာမှာ ကျနော်ပြချင်တဲ့ performance က

ပျက်ကျသွားတဲ့တိုက်လေယာဉ်ထဲက ခုန်ထွက်လာတဲ့လေသူရဲလို

ဘာကောင်မှတင်မထားဘဲ အခုတ်ခံရဲတဲ့စဉ်းတီတုံးလို့

နေပူစပ်ခါးထဲရပ်ထားခဲ့တဲ့ရဲရဲတောက်ရေခဲတင်ကားတစ်စီးလို

ခင်ဗျားရဲ့ဒဿနိက အလှဗေဒကျောင်းက

ဒါမှမဟုတ်

ရေထဲကပေါ်လာပြီးရေထဲပြန်ခုန်ချသွားတဲ့ငါးလို

ဘ၀ကိုဥုံခံပြီး ဥုံခံပြီးသားဘ၀ကိုမှ

ခြေအိတ်လိုအသင့်ဝယ်စွပ်ချင်ကြ ကျုပ်က

ဆူးကိုငုံပြီး ဒီခရောင်းလမ်းကိုဖောက်ခဲ့တာ

ခုလိုတယောက်နဲ့တယောက်ယုံယုံကြည်ကြည်လက်တွဲလျှောက်လာခဲ့ကြတဲ့ နှစ်တွေမှာ -

အချစ်ရေ

ဘာတစ်ခုမှ သာမန်ကာလျှံကာ မဖြစ်စေချင်ဘူး

မြစ်ရေက အခုနှစ်တွေထဲ တိုးတယ်……………………….။

လူလူလက်ျာ (ကိုအောင်သူ)

၆.၈.၂၀၁၁

22 March 2012

ပြည်သူများကြား ပျံ့နှံ့နေသော ကဗျာ ဒေါ်အောင်ဆန်းစုကြည် မရေးပါ


ပြည်သူများအကြား ပျံ့နှံ့နေသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည် ၏ပုံပါ ကဗျာလက်ကမ်း စာစောင်နှင့် ကောလာ ဟလ သတင်း များမှာ မဟုတ် မှန်ကြောင်း ပါတီ ဗဟိုကော်မတီ ဝင် ဦးအုန်းကြိုင်က ငြင်းဆိုလိုက်သည်။

''ဒေါ်အောင်ဆန်း စုကြည်က ဒီကဗျာ ကိုမရေးဘူး။ အဖွဲ့ ချုပ်အနေနဲ့လည်း ထုတ်ဝေမှု မရှိပါဘူး။ အဲဒီကဗျာမှာ ပုဂ္ဂလိကတိုက်ခိုက်ရေး သားထားတာ ဖတ်ရပါတယ်''ဟု ဦးအုန်းကြိုင် က ပြောသည်။ ယခုရက်ပိုင်းအတွင်း ပြည်သူ လူထုအကြား ရောက်ရှိလာ သော လေးခေါက်ချိုး ရှစ်မျက်နှာ ပါ ကဗျာမှာ ဒေါ်အောင်ဆန်းစု ကြည်ကိုယ်တိုင်ရေးသားထားခြင်း မဟုတ်မှန်ကြောင်းနှင့် ဒေါ်အောင် ဆန်းစုကြည်မှာ လုပ်ကြံ ခံရနိုင် သည်ဟုဆိုကာ ၄င်းကိုယ်တိုင် သေတမ်းစာရေး သားထားသည် ဟု ပျံ့နှံ့ လျက်ရှိရာ မဟုတ်မှန် ကြောင်း ဒီချုပ်ပါတီ ရန်ကုန်တိုင်း ဒေသကြီး ဥက္ကဋ္ဌ ဦးနိုင်းနိုင်းက ထပ်မံငြင်းဆို လိုက်သည်။ ''ဒါကို အများက မေးလာရင် ဒေါ်အောင် ဆန်းစုကြည် ကိုယ်တိုင် ဖြေပါလိမ့်မယ်။ ပါတီအ နေနဲ့လည်း မဝေပါဘူး။ ဘယ်လိုအ ကြောင်းနဲ့မှမဝေပါဘူး။ ဒေါ်အောင်ဆန်းစုကြည် ကတော့မျိုးစုံအန္တရာယ် ရှိတာပေါ့။ ဘာသာရေးအရရော လုပ်ထုံးလုပ်နည်းအရပါ မျိုးစုံကာ ကွယ်ပေးထားပါတယ်။ ဒီကဗျာနဲ့ ပတ်သက်လို့ လာပြောတာတွေ တော့ ရှိတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘာမှတော့ ထုတ်ပြန်ဖို့ မရှိပါဘူး''ဟု ဦးနိုင်းနိုင်းက ဆက်လက်ပြောသည်။

ယင်းအကြောင်းအရာနှင့် ပတ်သက်၍ ရန်ကုန်မြို့နေအမျိုးသမီး တစ်ဦးက ''အန်တီက သေတမ်း စာရေးတယ်ဆိုတာ ဟုတ်လား။ နောက်သူက လုပ်ကြံခံရမယ်လို့ သိ ထားတယ်တဲ့။ သူပိုင်ဆိုင်သမျှ တွေကို နိုင်ငံတော် အတွက် လှူခဲ့ မယ်ဆိုပြီး သတင်းတွေထွက်နေ တာ'' ဟု ပေါ်ပြူလာ နယူးစ်သို့ ဆက်သွယ် မေးမြန်းခဲ့သည်။ ပြည်သူ့အချစ်တော် ဒေါ် အောင်ဆန်းစုကြည်၏ ကဗျာဟု ခေါင်းစဉ်ပါရှိ သည့် လက်ကမ်းစာ စောင်ကဗျာတွင် ကဗျာခေါင်းစဉ် မပါရှိသလို ဒေါ်အောင်ဆန်းစု ကြည် ရေးသားထားသည်ဟုလည်း မပါရှိပေ။ ယင်းကဗျာ၌ ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ မောင် ပြည်ပရောက် ဒေါက်တာ စိန်ဝင်းနှင့် ပတ်သက်သည် များ၊ ၄င်းရရှိသည့် ငြိမ်းချမ်း ရေး နိုဗယ်ဆုငွေဒေါ်လာ ၁ ဒသမ ၃ သန်းအား ကျန်းမာရေးနှင့် ပညာရေးရန်ပုံငွေ လှူဒါန်း ရန် စသည်ဖြင့် ရေးသားထားသည်။

သတင်း...... Popular News

14 December 2011

ပြည်သူတွေ ရင်နာနေပြီ ။


ပြည်သူတွေ ရင်နာနေပြီ ။
အဖျား အနာ နဲ့
သနားစရာ ကောင်းတဲ့ ကလေးတွေ… ၊
အဖေပျောက် အမေမရှိ ကာ
နေစရာ ပျောက်တဲ့ ကလေးတွေ…. ၊
အမေ အဖေအို တွေကို
မသေစေလို သော်လည်း
တွဲခေါ်ပြေးဖို့ အခြေအနေ မပေး ၊
ကျန်းမာရေး သိပ်မကောင်းလို့
စိတ်မကောင်းစွာ စစ်တလင်းမှာ
သေမင်းက ခေါ်မသွားအောင်
ဘုရားသခင်ထံ ဆုတောင်းပြီးထားခဲ့
လူတွေရဲ့ အဖြစ်ဆိုးတွေ…။
နှစ်ဘက်ထောင် မြေမြုတ် ဗုံးတွေကြား
ပြေးလွားရင်း ရောက်နေတဲ့
အပြစ်မဲ့ လူစုတွေကို
ကယ်လိုသော်လည်း ကယ်မရ ၊
ကာလတွေ ကြာလေ ပိုပိုဆိုး
အရိုးကောက်ချိန် အမျိုးပျောက်လေမလား
အမျိုး ဖျောက်နေသလား ၊
ဒီလိုများ တွေးမိရင် မှားမလား
တာဝန်ရှိသူများ ဖြေစမ်းပါ ၊
ငြိမ်းချမ်းရေးလမ်းကို
အခုလို လျှောက်လှမ်းလို့ ရသလား…။
ဘာကြောင့်ပဲ ဖြစ်ဖြစ်
ဘယ်သူကြောင့်ပဲ ဖြစ်ဖြစ်
ပြည်တွင်းစစ်ကို ချက်ခြင်းရပ်ပါ ၊
သေနေတာ လူတွေ
လူတွေကို လူကသတ်
ဒီဇာတ်ကို မကြည့်ချင်
ဒို့ရင်မှာ … နာနေပြီ….။

မောင်မြေလွှာ(နွေသွေး)
၁၂-၁၂-၁၁

22 August 2011

ဧရာဝတီ တိုက်ပွဲ ။


ဧရာဝတီ တိုက်ပွဲ ။


ဟေ့ …
အကြောင်းဖန်မှ
ဗြောင်းဆန်အောင်
ပြောနေတာ
ဘာ … ဖြစ်လဲ..။

ဘာမှမဖြစ်ခင်က
ဘာမှမပြောခဲ့တာကို
ခုမှပြောတဲ့အခါ
ခါတော်မှီလို့ 
ထင်နေတာလား ။

ဟိုတုန်းကလည်း
မပြော ………….
ခုကျတော့လည်း
မပြော …………
အဲ………………
ပြောတဲ့သူကိုတော့
မပြောရတြဲ့သူတွေက
ဝေဖန်နေလေရဲ့ ….။

လုပ်နိုင်တဲ့သူက လုပ်ပြမယ်
ပြောနိုင်တဲ့သူက ပြောပြမယ်
နိုင်ရာဝန်ကို ယူကြတယ်
ဆိုရေးရှိမှ ဆိုအပ်ရာ၏
အချိန်သင့်မှ ပြောလို့ ရတယ်
အခွင့်ရှိမှ လုပ်လို့ ရတယ် ၊

ဒါတွေ ..ကို
သိရဲ့နဲ့
နားလည်ရဲ့နဲ့
မပြောရဲသူ
မလုပ်ရဲသူ
မပူးပေါင်း
မပါဝင်
ကိုယ့်ဘဝင်နဲ့ကိုယ်
နေသူတွေက
လုပ်နေသူတွေကို
ဝေဖန်လိုက်
ကဲ့ရဲ့လိုက်
အားအား ယားယား
မညီစကား
ဆိုလား ဆိုရဲ့
သွေးခွဲစကား
ပြောလား ပြောရဲ့
ဟေ့ …….
မကူညီလည်း
ဝင်မရှုပ်နဲ့ ….
ဧရာဝတီ ဆိုတာ
သမိုင်းနဲ့
ရာဇဝင်နဲ့
မိုးရွာမှ ဖြစ်လာတဲ့
ရေစီးချောင်း မဟုတ်ဘူး
တန်ဖိုး အဖုံဖုံ
အန္တရာယ် ကြုံ
မြစ်ဆုံကို ပူပင်လို့ 
ဒီကောင်တွေ ရင်ထဲမှာ
ပြောပြော
လုပ်လုပ်
မျိုးချစ် စိတ်ခံ
အမျိုးသားဟန်
အမျိုးသားမာန် ကို
မစော်ကားလေနဲ့ …။

ကိုဝိုင်ဝိုင်ကေ
(22.08.2011)

21 July 2011

( ၆၄ ) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် ဘလော့ဂါ နေဘုန်းလတ်က ဂုဏ်ပြုဖွဲ့ဆိုသည့် ကဗျာ


အောင်ဆန်းက ကျွန်တော့်ကို ငုံ့ကြည့်နေတယ်…



သူ့မျက်နှာကို မော့ကြည့်တိုင်း
ကျွန်တော့်ရဲ့ မာန်မာနတွေ သိမ်ဖျော့မှေးမှိန်သွား
ကြီးမြတ်သော ပေးဆပ်စွန့်လွှတ်ခြင်းမှာ
လုပ်မြဲအလုပ်တစ်ခုလို သူရိုးရှင်းတည်ငြိမ်ခဲ့ပုံက
အသံကျယ်တဲ့ သင်္ကြန်အမြောက်တွေကို အရှက်ရစေခဲ့
သူ့မျက်နှာက ခက်ထန်မာကြောသယောင်ယောင်
ဒါပေမယ့် … သူ့ရဲ့ အားပြင်းတဲ့ စိတ်အလင်းရောင်မှာ
သူ့ရဲ့ တည်ကြည်လေးနက်ခြင်းက မဲညစ်ပိတ်မှောင်မနေခဲ့
တိုင်းပြည်နဲ့လူမျိုးကို ချစ်ခြင်း
လွတ်လပ်မှုနဲ့ ငြိမ်းချမ်းရေးကို မြတ်နိုးခြင်း
သူ့နှလုံးသားက အဲဒီအားနှစ်ခုတည်းနဲ့ ထိန်ထိန်လင်းတယ်
အဲဒီအလင်းကို ကျွန်တော့်ရင်ဘတ်ဆီ နှလုံးသားချင်း ချိတ်ဆက်စီးကူး
ကျွန်တော့်ရင်ခုန်သံတွေ ပူနွေးပြင်းရှမှုတစ်ခုနဲ့ တက်ကြွတောက်မြူးခဲ့ … ။

သူ့မျက်နှာကို မော့ကြည့်တိုင်း
ကျွန်တော့်ရဲ့ သိမ်ငယ်စိုးထိတ်မှုတွေ အားပျော့ကင်းစင်သွား
သူ့ရုပ်သွင်ရဲ့ သတ္တိရသက
ကျွန်တော့်စိတ်ဓါတ်ကို ဆွဲယူထူမတယ်…
သူ့သွေးတွေရဲ့ လတ်ဆတ်ပူနွေးမှုက
ကျွန်တော့်သွေးကြောတွေထဲ ဖောက်ဝင်စီးဆင်းတယ်…
ကျွန်တော့်အခန်းကျဉ်းလေးရဲ့ တိတ်ဆိတ်မှုထဲမှာ
သူ့စကားသံတွေ အသံမဲ့ပဲ့တင်ထပ်
တစ်သားတည်းကျသွားတဲ့ စိတ်ဓါတ်ခွန်အားနဲ့
သူမက်ခဲ့တဲ့ အိပ်မက် ကျွန်တော် ဆက်မက်တယ်
တစ်ထပ်တည်းကျသွားတဲ့ ရင်ခုန်သံစည်းချက်နဲ့
သူပျိုးခဲ့တဲ့ တစ်ပွင့်ပန်း ကျွန်တော် ဆက် လက်ဆင့်ကမ်းမယ်
သူချစ်ခဲ့သော တိုင်းပြည် သူမျှော်လင့်တဲ့အတိုင်း တည်စေဖို့
နီစွေးပြတ်သားသော ရဲရင့်ခြင်းနဲ့
ကျွန်တော် ရှေ့ဆက်ချီတက် ထမ်းရွက်မယ် …။

ကျွန်တော်တို့လမ်းရဲ့ ခက်ခဲကြမ်းတမ်းမှုတွေ
သူလျှောက်ခဲ့ရတဲ့လမ်းလောက် ဆိုးဝါးပြင်းထန်ခဲ့သလား
ကျွန်တော်တို့ခရီးရဲ့ ရှုပ်ထွေးခဲယဉ်းမှုတွေ
သူနှင်ခဲ့ရတဲ့ခရီးလောက် ပွေလီကျပ်တည်းခဲ့သလား
ဦးနှောက်တွေ ဆူဝေပေါက်ကွဲလုမတတ်
သူတွေးခေါ်တွက်ချက်ခဲ့သလောက်
ကျွန်တော်တို့တွေ ဘယ်နှစ်ယောက်များ အားထုတ်ခဲ့ကြဖူးသလဲ
အိပ်လဲ ဒီစိတ် စားလဲ ဒီစိတ် သွားလဲ ဒီစိတ်နဲ့
သူ စွဲစွဲလမ်းလမ်း တောင့်တရယူပေးခဲ့တဲ့ လွတ်လပ်ရေး
အဲဒီ… လွတ်လပ်ရေးဆိုတာအတွက်
ကျွန်တော်တို့ သူ့လောက် ရူးသွပ်ပေးဆပ်ခဲ့ကြရဲ့လား
မေးခွန်းတွေများစွာက
ကျွန်တော့်ရင်ကို တွန်းထိုးတူးဆွကြ
သူ့မျက်နှာကို မော့ကြည့်တိုင်း
ကျွန်တော့်ကိုယ်ကျွန်တော် အားမလို အားမရ ဖြစ်မိတုန်းပဲ …. ။

နေဘုန်းလတ်

ကိုနေဘုန်းလတ်သည် ယနေ့ အချိန်ထိ အာဏာရှင်များက ဘားအံ အကျဉ်းထောင်တွင် မတရား ဖမ်းဆီး အကျဉ်းချ ထားဆဲ ပါ..။

ပန်းတို့သတ္တိ

ပန်းတို့သတ္တိ

ပန်းတို့သတ္တိ အမျိုးသမီးမှာလက်နှစ်ဖတ်ရှိတယ်
စည်းစိမ်နွံတော်မှာ နှစ်မြုတ်နေဖို့မဟုတ်
မူဝါဒကိုတုပ်ကိုင်ဖို့ အလုပ်လုပ်ဖို့။

အမျိုးသမီးမှာ ခြေနှစ်ဖက်ရှိတယ်
ဒို့ မျှော်မှန်းချက်အတိုင်း မြင့်နိင်သမျှမြင့်အောင်တတ်ဖို့
သူများအပေါ် အခွင့်ရေးမယူဘဲ
ညီညွန့်​စွာ အခိုင်အမာ ရပ်တည်ဖို့။

အမျိုးသမီးမှာ မျက်လုံးတစုံရှိတယ်
အမျိုးသားတွေကို ညို့ငင်ဖို့မဟုတ်
ဘဝသစ်ကိုရှာဖို့။

ကျယ်ပြန့်တဲ့ ကမ္ဘာတခွင်ကိုစူးစမ်းဘို့
အမျိုးသမီမှာ မယိမ်းမယိုင်မြဲခို​င်တဲ့ မီရူးတိုင်လိုနလုံးသားရှိတယ်
လူသားကိုဖန်တီးဖို့ အင်အားတွေစုစည်းဖို့။

အမျိုးသမီးဟာ
ကာမဂုဏ်ပျော်ပါးရာမှာ အသုံးတော်ခံမဟုတ်
လွတ်မြောက်ခြင်း တန်ဘိုးကိုသင်ယူဖို့
အမှန်တရားကိုရင်ဆိုင်ဖို့။

ပန်းတွေမှာ ချွန်မြတဲ့ဆူးတွေ
ပြည်သူတွေ အတွက် မပွင့်တပွင့်မဟုတ်
အစွမ်းကုန်ပွင့်ဘို့။

မဟာပထဝီမြေကြီး လက်ကိုင်ဆုတ်ပြီး
တော်လှန်ရေး အစ ဆုံးပြီး အထိ ရှိတဲ့အင်အား စုစည်းထားပြီး
စစ်အစိုးရကို ပြုတ်တဲ့အထိ ရဲရဲရင့်ရင့်တိုက်ပွဲဝင်စို့ အမျိုးသမီးတို့။

အတာ(၁၀၁) ဘုရားသုံဆူတပ်ရင်းမှာရေးသားခဲ့ေ​သ်ာကဗျာလေးပါ၊
(၁၉၈၉ မှ အမှတ်#၁ အလင်းသစ်စာစောင်မှ)

04 July 2011

ကျောင်းသားအတ္ထုပ္ပတ္တိ - တာရာမင်းဝေ

(၁)

မင်းရဲ့ ရုပ်အလောင်းဟာ

ခြင်္သေ့ဂူထဲမှာ ရှိလိမ့်မယ်

အမှောင်စုန်းစုန်းမှာ

အရာအားလုံး မေ့ဖျောက်ပစ်

နောက်တစ်ခေတ် မင်းအောင်မြင်စေကွယ်

အက်ကွဲနေသောလက်များနဲ့

ဘုရားသခင်ထံငါတို့ဆုတောင်း

မင်း.. ကောင်းရာသုဂတိလားပါစေ..လို့

ငါတို့ရဲ့

သွေးတစ်စက်ကို ထက်ဝက်ခွဲ

မင်းခံတွင်းထဲ

တဲတဲလေးလျှောချကြည့်ယင်

နှုတ်ခမ်းသေများက

ဖွဖွတိုးတိုးလေး လှုပ်ရှားအော်မြည်

ဒီ..မို..က..ရေ..စီ..

ဒီမိုကရေစီလို့ .. ဆိုလိမ့်မယ်

ညီလေးရယ်

ရနိုင်မယ်ဆိုယင်

မင်းရဲ့အရိုးတစ်မှုံကို

နိဗ္ဗာန်ဘုံအထိယူပြီး

ဘုရားရှင်ကို ပြကြည့်ချင်တယ်..

မင်းဟာ သူရဲကောင်းလေးဖြစ်တယ်

မင်းဟာ အာဇာနည်လေးဖြစ်တယ်

မင်းဟာ ဗမာကျောင်းသားလေး.. ဖြစ်တယ်လေ။



(၂)

ရေငတ်သလို.. ငတ်ခဲ့ရတဲ့

ဗမာပြည်က “လူ့အခွင့်အရေး”ဟာ

အကျဉ်းထောင်ထဲမှာ

သင်္ချိုင်းမြေမှာ

တရားရုံးရဲ့ ရာဇ၀တ်မှုတွေထဲမှာ.. ရှိနေတယ်..

မင်း.. စွန့်ခွာခဲ့တဲ့

စာသင်ကျောင်းကလေး

မင်းသတင်းတွေ မေးနေပြီ

မင်းရဲ့ စာအုပ်ဟောင်းထဲမှာ

ဆရာမရဲ့ မှတ်ချက်...

မင်းအတွက်...

“နောက်ထပ်စာအုပ်အသစ်လဲပါ” တဲ့

စာအုပ်မလုံလောက်မှု

ဖောင်တိန်မလုံလောက်မှု

မုန့်စားဆင်းချိန်မှာ ကျောင်းခန်းထဲအိပ်နေမှု.. စတဲ့

လူမှုကိစ္စအ၀၀

မင်းချည်းမှ မဟုတ်ခဲ့ပါဘူးကွယ်

တိုက်ပွဲမှာ

ချွန်မြစွာ တောင်းဆိုနိုင်ဖို့

ခေါင်းလောင်းအိုကြီးကို နှုတ်ဆက်

ချီတက်လာတဲ့ အာဇာနည်လေးရေ..

ခွပ်ဒေါင်းရဲ့

တစ်ကြောင်းစာချွန်

သမိုင်းစင်ကိုထမ်း

ရာဇ၀င်ကြမ်းခက် သွေးစက်ရွှဲစို

ခုတော့..

မင်းရဲ့ ခုံနံပါတ်လေး “ငို” နေပြီ... ။



(၃)

ရွှေဘုန်းရောင်လက်ဝင်းတဲ့

နှင်းပြာပြာမနက်ဦးများမှာ

ဒို့ ကမ္ဘာကို

ပြန်လာဦးမှာလား.. ဟင်...

“အမျိုးဘာသာ သာသနာအတွက်

သား .. နှုတ်ဆက်ခဲ့ပါတယ်” တဲ့

မင်းထားခဲ့တဲ့ စာတိုကလေး

မင်းတို့ အိမ်ကို ပေးလိုက်ပြီ

ယိုင်ရဲ့ ကျဉ်းမြောင်းနေတဲ့

မင်းတို့ရဲ့ အိမ်ကလေးထဲမှာ

မင်းရဲ့ ဖေဖေဟာ

လက်သီးကို ကျစ်ကျစ်ပါအောင်

ဆုပ်ထားတယ်..

မင်းရဲ့ မေမေဟာ

အခန်းထောင့်မှာ

ငြိမ်သက်စွာထိုင်ပြီး

မျက်ရည်စီးကြောင်းတစ်ခုကို အဖော်ပြု

(ရင်ထဲမှာတော့)

သား ပြန် “လု” နေရှာတော့မယ်။



“ကောင်းမွန်စွာ

သင်္ဂြိုဟ်ပြီးစီးပါကြောင်း” .. တဲ့

အလောင်းကိုမှ

မမြင်ရ မတွေ့ရ

ဘယ်နေရာမှာ ကျဆုံးခဲ့သလဲ ညီလေးရယ်...

ဒေါင်းရုပ်ကလေးလိုပဲ

မင်းရဲ့ အတ္ထုပ္ပတ္တိဟာ

အတောင်ပံပါတယ်

တိုက်ပွဲဝင်တယ်

နွယ်လိုပတ်ချည် ခိုင်ကျည်နစ်စူး

ရောက်လေရာဘ၀အဆက်ဆက်မှာ

မင်း.. မော်ဖူးရခြင်းများစွာနဲ့

ကင်းဝေးပါလိမ့်မယ် ... ။



(၄)

အိမ်ထရံမှာ

တခါခါ မင်းမျက်ရည်သုတ်တဲ့

စုတ်ချာချာ လွယ်အိတ်ကလေး

ခေတ်ဘေးခေတ်ဒဏ်သင့်နေရှာတယ်..

“ခေတ်လွတ်လပ်မှ

ကျောင်းသားလွတ်လပ်မယ်”

အရွယ်နဲ့ မလိုက်အောင်တွေး

“ကျောင်းသားအရေး”ဆိုတာ

မင်းမှာ မရှိခဲ့ပါဘူး

“ဘုရားခေတ်မှာဆိုယင်

ရဟန္တာဖြစ်တဲ့အထိ လိမ္မာမယ်”

ဒါပေမယ့်...

“အမှောင်ခေတ်မှာတော့

အာဏာရှင်ကို ဖီဆန်တယ်”

ညီလေးရယ် မင်းသိပ်မှန်တယ်..



ခံယူချက်ကို

အမြောက်ဆံလို ပစ်ဖောက်

အဝေးဆုံး အမြင့်ဆုံး

ဘ၀တဆုံး မင်းရောက်ခဲ့တယ်..

စစ်မောင်းသံကြားယင်

ခွာတရှပ်ရှပ်ဖြစ်ချင်တဲ့

ခေတ်ရဲ့ စစ်မြင်းကလေးလို မင်းဟာ

ရာဇ၀င်ကို ထိုးခွဲ

တိုက်ပွဲကို ဒုန်းဖောက်

မီးတောက်ဆူးခြစ်

ခေတ်သစ်ပူဇော်

တော်လှန်တဲ့ ညီလေးရေ

ခွပ်ဒေါင်းအပေါင်းရဲ့

ကောင်းချီးသြဘာသံစေ

မင်းရောက်ရာအရပ်က ကြားပါစေ...



(၅)

ညီလေးရေ

ရာဇ၀င်ရေးရာ

စာအုပ်ပိတ်

တော်လှန်ရေးမှာ “အိပ်”တော့နော်

စိတ်ချသွားပါ

အရာအားလုံးကို မေ့ဖျောက်

သွေးနဲ့တည်ဆောက်တဲ့ အုတ်ဂူတစ်လုံး

တလောကလုံး လင်စေအားကွယ်..

တိမ်သားရိုးရီ

ဒီမိုကရေစီ တောင်တက်လမ်းက

ခပ်ကြမ်းကြမ်းကျောက်လေးတွေအဖြစ်

စွဲနစ်ကျန်တင်လို့ .. အောင်မြင်မှာပါ

ဗမာပြည်အတွက်

လိုအပ်တဲ့

“လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ”

အရှေ့ဖက်အရပ်မှာ

ခြင်္သေ့တွေ ချီလာပြီ

စစ်မြင်းတွေ ပြိုင်လာပြီ

ခွပ်ဒေါင်းတွေ ပျံလာနေပြီလေ..

ညီလေးရယ်

ငြိမ်းချမ်းစွာ

အေးမြစွာ

ရှင်းသန့်စွာ

နောက်ဘ၀မှာ မြင်ယောင်ကြည့်စမ်းကွယ်

ဘာပဲဖြစ်ဖြစ်

ယမ်းငွေ့တလူလူကြားထဲမှာ

မင်းချစ်တဲ့ ဗမာပြည်ကြီးဟာ

ဒေါင်းအလံကို ပန်းလို ပန်လို့ လှလို့..

သြော်..

ဒေါင်းအလံကို ပန်းလို ပန်လို့

လှလို့ပါပဲ .. ညီလေးရယ်.... ။ ။



ရွှေဘုန်းလူ (ခ) တာရာမင်းဝေ

(ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမ္မဂ္ဂများအဖွဲ့ချုပ်မှ ထုတ်ဝေသော “အရေးတော်ပုံမှ ထွက်လာသော ၀ိညာဉ်များ၏ ပုံရိပ်များ” ကဗျာစာအုပ်တွင် ဖော်ပြထားသော ကဗျာကို မူရင်းသတ်ပုံအတိုင်း ဖော်ပြထားပါသည်)

26 June 2011

တန်ဖိုး … ကိစ္စ


ဂုဏ်သိက္ခာတဲ့

ငွေကြေးနဲ့ ၀ယ်ထားကြသူများ

အာဏာနဲ့ တည်ဆောက်ထားသူများ

ခန့်ညားထည်ဝါ ဥစ္စာဓနပစ္စည်းများ

သူတောင်းစားရဲ့

ခွက်စုတ်တလုံးလောက်တောင် မရိုးသားခဲ့မှုများ

ငါ့ရှေ့မှာ မော်ကြွားနေကြတယ် …။



အထီးကျန်ဆန်မှုဆိုတာ

ခေတ်ကြီးက သယ်ဆောင်လာတာလား

ခေတ်ကြီးကိုသာ …

အထီးကျန်ဆန်မှုက သယ်ဆောင်နေတာလား

သားဈေး ငါးဈေးထဲက အလှုခံပိုက်ဆံ သေတ္တာပုံးတလုံးလို

ဘ၀က ငါ့ကို ပစ်ချထားခဲ့တယ် …။



နေညိုချိန်လည်း နေညိုချိန်မို့

ပျို့ပျို့တက်လာတဲ့ ချဉ်ခြင်းဟာ

သေရည်အတွက်လို့ မင်းကထင်မယ်

တကယ်က

ငါတို့ငတ်မွတ်နေတာ …။



ကျောင်းထွက်သွားရတဲ့

ကျောင်းသူမကလေးကို

စာနာစိတ်နဲ့

ငါ့မှာ လွမ်းနာကျတယ်

ဒါကို မင့်က ….

မင့်စိတ်နဲ့ နှိုင်းတယ်

မနက်ဖြန်ဟာ …

တန်ဖိုးတွေကို သယ်ဆောင်လာလိမ့်မယ် … ။ ။



ကမာပုလဲ

၂၁၊ ၀၆၊ ၂၀၁၁။

19 June 2011

အမေ့ အတ္တ




ကိုယ့်ကိုကိုယ်ထက်

ဘယ်သူက ဘယ်သူ့ကို

ပိုချစ်ဖူးလို့လဲ……။



ကိုယ့်သား ကိုယ့်သမီး ထက်ရော

ဘယ်သူက ဘယ်သူ့ကို

ပိုချစ်ဖူးလို့လဲ…….။



ကိုယ့်လင့် ကိုယ့်သား

ကိုယ့် မယား ထက်ရော

ဘယ်သူက ဘယ်သူ့ကို

ပိုချစ်ဖူးလို့လဲ………..။



ကိုယ့်ဆွေကိုယ့်မျိုး

ကိုယ့်အကျိုး ထက်ရော

ဘယ်သူက ဘယ်သူ့ကို

ပိုချစ်ဖူးလို့လဲ……။



ဘယ်သူတွေ

ဘယ်လိုဖြေဖြေ

အမေ့ အဖြေကတော့

ရှင်းတယ်………….။



အတွေးအတောတွေနဲ့

မရေးမပြောပဲ လက်တွေ့ဖြေတာ…….။



ငါ့လင် ငါ့သား ငါ့စီးပွားထက်

ငါ့တိုင်း ငါ့ပြေ(ပြည်) ငါ့ရေမြေနဲ့

ငါ့ပြည်သူတွေကို ငါပိုချစ်တယ်……။



အဲ့ဒါ … …

ငါ့ကို ငါချစ်တဲ့

ငါ့ အတ္တပါပဲ…တဲ့။



နန်းရှင်

06/17/11

၆၆နှစ်မြောက် အမေစုမွေးနေ့ကို ဂုဏ်ပြုရေးသားပါသည်။

02 June 2011

အဖေ့ကို ပြန်လွှတ် ပေးကြပါတော့ (ကဗျာရှင် ဗမာ့သွေး)

အဖေ့ကို ပြန်လွှတ် ပေးကြပါတော့
(ကဗျာရှင် ဗမာ့သွေး)
အဖေ.........
သမီးဘ၀မှာ အဖေဆိုတာ
ပြင်ပကမ္ဘာမှာ   မမြင်တွေ့ရသေးပါဘူး ........။
မြင်ဘူးချင်လိုက်တာ အမေရယ်ဆိုတော့
ကြိတ်ပြီး ရှိုက်ကာ မျက်ရည်ကျတတ်တဲ့
 အမေ့က  အမြဲတမ်းလိုလို
ဝမ်းနည်းစွာ ငိုကြွေးပြတဲ့ အခါတိုင်း
အမေ့ကို တင်းကြပ်စွာဖက်ထားပြီး
ခေါင်းရင်းခန်းက  သမီးကို ချီထားတဲ့
အဖေ့ဓါတ်ပုံလေးကို ငေးကာကြည်ရင်း
သမီးလည်း ရောလို့ မျက်ရည်တွေ
ကျခဲ့ရတာ များလှပါပြီ အဖေ……….။

သူငယ်ချင်းတွေမှာ အဖေရှိလို့
ကျောင်းကို လိုက်ပို့ခဲ့ကြတယ်
စားချင်တာတွေ ၀ယ်ကျွေးပြီး
နွေးထွေးစွာ ကြင်နာပြနေကြတယ်……..
သမီးမှာတော့ တစ်ယောက်ထဲပါလားလို့
တွေးမိလိုက်တိုင်း  အဖေ့ကို တမ်းတနေရတုန်းပါဘဲ  အဖေ....။

သုံးယောက်ထဲ နဲ့ တည်ထောင်ထားတဲ့
မိသားစုမှာ အဖေမရှိတော့ မပြည့်စုံသလို
ခံစားရတယ်လို့ အမေပြောတိုင်း
အဖေ့ကို အရမ်းတမ်းတ မိတဲ့ အခါ
အဖေ့ဓါတ်ပုံအောက်က
အမှန်တရားကို လက်ကိုင်ထားလို့
ဒုက္ခခံစားရတာ ဒီမိုကရေစီ စံနစ်
မထွန်းကားလို့ပါ ဆိုတဲ့စာသားလေးကို
သေချာ နားမလည်ပေမယ့်
အကြိမ်ကြိမ် စာလုံးပေါင်း ဖတ်နေဆဲပါဘဲ အဖေ……..။

တခါမှ မကြုံဘူးအောင် ရွှင်လန်းနေတဲ့ အမေ
မှန်ရှေ့မှာ တသသနဲ့ ဖီးလိမ်းလို့ ချယ်သနေတယ်…….
မသေချာတဲ့ အတွေးတစ ပေမယ့်
အမေ့ကိုကြည့်ပြီး ပျော်မြူးခဲ့ရတယ်…..
မနေနိုင်လို့  အမေ့လက်ကို ကိုင်စွဲပြီး
ဘာကြောင့်လည်း ဆိုတာ မေးလိုက်တဲ့ အချိန်
အမေ့စကားကြောင့် တကိုယ်လုံး 
မြှောက်တက်သွားတယ် အဖေပြန်လာတော့မယ်တဲ့……….။

11 May 2011

ပြည်သူ့ ခရီးကြမ်း (ကဗျာ)

ပြည်သူ့ ခရီးကြမ်း

သံတိုင်အထပ်ထပ်
သော့ နဲ့ ခတ်လည်း
မင်းခွန်မင်းအား
စိတ်ဓာတ်များက
သွေးတို့ ရဲနီ
တာဝန်ကြေခဲ့ ပြီ......။

ယုတ်ရင်းကြမ်းတမ်း
အာဏာရှင်ရဲ့ 
ငရဲခန်းမှာ
နှိပ်စက်ညှဉ်းပမ်း
ပြည်သူတွေအတွက်
ခရီးလည်းပမ်းခဲ့ ပြီ....။

မင်းရဲ့ စိတ်ဓာတ်
ဆုံးဖြတ်ချက်က
နိုင်ငံအရေး
ကိုယ်အရေးလို
အနစ်နာခံ
ဇွဲသန်သန်နဲ့ 
ပြည်သူထဲကတစ်ယောက်
ရဲရဲတောက်တောက်ခဲ့ ပြီ....။

မင်းရဲ့ တိုက်ပွဲ
မပြီးသေးလည်း
မျက်နှာအဟောင်း
အသစ်တစ်ယောက်
ပြောင်းခဲ့ ပြီ.....။

အာဏာရှင်
တစ်ယောက်ပြီး တစ်ယောက်ရဲ့ လက်ထဲ
တိုင်းပြည်လည်းမွဲခဲ့ ပြီ.....။

တို့ ရဲတိုက်ပွဲ
ရှေ့ ဆက်နွဲရန်
မင်းရဲ့ ဆန္ဒ
ထက်တူကြအောင်
တို့ ကြိုးစားနေတယ် သူငယ်ချင်း....။


ကိုမိုးဟိန်း (နိုင်ငံရေး တက်ကြွလှုပ်ရှားသူ လူငယ်တစ်ဦး )

-နိုင်ငံရေးအကျဉ်းသား တစ်ဦးဖြစ်သူ ကိုကြည်ဖြူ(NLD)အတွက် ဂုဏ်ပြုကဗျာ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်အဖွဲ့ဝင် တစ်ဦးဖြစ်တဲ့ ကိုကြည်ဖြူဟာ ယခု စစ်အစိုးရ အကျဉ်းထောင်တွင် မတရားပုဒ်မများဖြင့် ထောင်ဒဏ် ၆ နှစ် ၆ လပြစ်ဒဏ် ချမှတ်ခံနေရပါတယ်။ လာမယ့် ၁၅ ရက်နေ့မှာ ကျရောက်မယ့် ကိုကြည်ဖြူ မွေးနေ့ အမှတ်တရ အတွက် ကဗျာလေးတစ်ပုဒ်ပါ။

16 January 2011

ငယ်စဉ်ကြီးလိုက်

ငယ်စဉ်ကြီးလိုက်

ငယ်   -        သူငယ်ချင်းတို့ . . .
                   မင်းတို့နဲ့ငါ ငယ်ငယ်ကလေးထဲက သူငယ်ချင်းတွေပါ။
                   ကစားဖော်, ကစားဖက်
                   ကျောင်းပြေးဖော်, ကျောင်းပြေးဖက်
                   ဆိုးဖော်, ဆိုးဖက်
                ဆော့ဖော်, ဆော့ဖက်
                   ဘောလုံးကစားဖော်, ကစားဖက်
                   ဘာဘဲလုပ်လုပ် တဖက်ဖက်နဲ့
                   မင်းတို့ထဲမှာ ငါက စာအညံ့ဆုံး
                   ဒါပေမဲ့ “ငယ်” သူငယ်ချင်းတို့ . . . မင်းတို့ ငါ့ကိုအချစ်ဆုံး။

စဉ် -            သူငယ်ချင်းတို့ . . .
                   အစဉ်လိုက် - တပူးပူး, တတွဲတွဲနဲ့ ကောလိပ်ရောက်တော့လဲ ရှေ့ဆင့်နောက်ဆင့်ဘဲ။
                   မင်းတို့က ရှေ့ကသွား ငါက နောက်ကလိုက်ခဲ့။
                   ပညာရေးကနိမ့်ပါးတော့ ငယ်ဘဝ မိဘတွေမရိပ်မိအောင်
မူးယစ်သုံးတော့လည်း မင်းတို့က တား၊
                   တားမရတော့လည်း ချစ်နေကြမြဲ။
                   မင်းတို့ကတော့ ပညာတတ်ကြီးတွေဖြစ်သွား
                   ငါကတော့ မူးယစ်သံသရာထဲ တဝဲဝဲလည်။
                   ဒါပေမဲ့ “ငယ်စဉ်” သူငယ်ချင်းတို့ . . . မင်းတို့ ငါ့ကိုအချစ်ဆုံးဘဲ။

ကြီး -           သူငယ်ချင်းတို့ . . .
                   ဘဝပေးအခြေအနေကြောင့် ငါက မင်းသားဖြစ်သွား
                   မင်းတို့မှာတော့ အင်ဂျင်နီယာကြီးတွေ၊ ဆရာဝန်ကြီးတွေ၊
                   စစ်ဘက်အရာရှိတွေ၊ သဘောင်္အရာရှိတွေနဲ့
                   ငါနဲ့မင်းတို့ ဘဝတွေက ကွာခြားသွား။
                   ငါ့ရဲ့ဘဝထဲ ကြီးသူငယ်ချင်းတို့ နဲ့ ထပ်ဆုံတွေ့
                   ငါ့ရဲ့ လောကထဲမှာက ပြဿနာပေါင်းစုံ။
                   အရက်၊ မူးယစ်၊ မိန်းမ၊ လောင်းကစား အစုံဘဲ။
                   အဲဒီ အစုံအစုံတွေကြား နစ်မွန်းခဲ့ရ။
                   ဒါပေမဲ့ “ငယ် စဉ် ကြီး” သူငယ်ချင်းတို့ . . . မင်းတို့ ငါ့ကိုအချစ်ဆုံးဘဲ။

လိုက် -        သူငယ်ချင်းတို့ . . .
                   ငါ့ဘဝကို ငါရုန်းထွက်
                   နာရေးကောင်းမှုထဲ စုံးစုံးဝင်ခဲ့။
                   လူမှုရေးလမ်းကြောင်းထဲ အဆုံးထိလိုက်ခဲ့။
                   နာရေး လူမှုရေး တပူးတွဲတွဲ စက်တင်ဘာကိစ္စ စခဲ့ပြီဘဲ။
                   အကျဉ်းကျ မိသားစု ဘဝကိုယ်ချင်းစာခဲ့။
                   ငါ့ကို ခေါ်ယူမေးမြန်းခဲ့။
                   ငါလှည့်ကြည့်မိတယ်    …… ဘယ်သူမှ မရှိတော့ဘူး။
                                                …… ဘယ်သူမှ ပါမလာတော့ဘူး။
                    ၂ဝဝ၇ နောက်ပိုင်း      …… ငါ့ဘဝမှာ ငါတစ်ယောက်တည်း။
          မွေးကတည်းက တစ်ယောက်ထဲ ….. ဆုံးတဲ့အခါမှာလဲ တစ်ယောက်တည်း။
          ဒီစကားက မှန်နေဆဲပါ သူငယ်ချင်းတို့
                    အခု……ငါကောင်းမှုတွေလုပ်နေပြီလေကွာ။
          မြတ်စွာဘုရား ဆုံးမဟောကြားထားတဲ့ အတိုင်းဗြဟ္မစိုရ် လူမှုရေးတွေ လုပ်နေလေပြီကွာ။
                    လူလူချင်း စာနာထောက်ထားနေပြီလေကွာ။

                    ငါ့နားမှာ ငယ်စဉ်ကသူငယ်ချင်းတွေ “မင်းတို့ မရှိကြတော့ဘူးလားကွာ”
                   ငါ့ဘေးမှာ ကြီးမှပေါင်းတဲ့ အနုပညာသူငယ်ချင်းတွေ “မင်းတို့ မရှိကြတော့ဘူးလားကွာ”
                   ငါတို့ လက်ချင်း မတွဲကြတော့ဘူးလားကွာ။
                   ငါဟာ အနက်ရောင်လူသား မဟုတ်ရပါလားကွာ။
                   ငါဟာ အရှင်လတ်လတ် ဥပေက္ခာလူသားဖြစ်သွားပြီလား ……

                   အခုတော့ …. ငါ့ဘေးမှာ လူသေတွေနဲ့ လူနာတွေချည်းပဲပေါ့။
                   ငါ့ကို မင်းတို့တွေ့ရမှာ၊ ဆုံရမှာ ဘာလို့များ ကြောက်နေရတာလည်းကွာ။
                   ငါဟာ တစ္ဆေ၊ သရဲ၊ ပြိတ္တာ၊ မကောင်းဆိုးဝါး မဟုတ်ပါဘူးကွာ။
                   ပြည်သူတွေရဲ့ဒုက္ခ အခက်အခဲတွေကို တပိုင်တနိုင် ဖေးမပေးနေတဲ့ ငါပါကွ။
                   မင်းတို့၊ ငါတို့ အများပြည်သူ လူသားအားလုံးဟာ
                   ခင်ပွန်းကြီးဆယ်ပါးထဲမှာ အကျုံးဝင်တယ်ဆိုတာ မမေ့ကြပါနဲ့ကွာ။

                   လူမှုရေးဟာ … ပြည်သူ့အရေး
                   ပြည်သူ့အရေးဟာ … နိုင်ငံ့အရေး
                   နိုင်ငံ့အရေးဟာ …. မင်းတို့ ငါတို့ရဲ့ အရေးလေကွာ။

                   မင်းတို့ မရက်စက်ကြပါနဲ့
                   မင်းတို့ အတ္တမကြီးကြပါနဲ့
                   မင်းတို့ရဲ့ ပညာရပ်တွေကို ဘယ်သူမှမထိနိုင်၊ မခိုးနိုင်ပါဘူး။
                   မင်းတို့ရဲ့ ပညာတွေ မပွန်းနိုင်ပါဘူး။ မပဲ့နိုင်ပါဘူးကွာ။
                   ဓားဆိုတာ သွေးနေမှထက်တယ်တဲ့။
                   မင်းတို့တတ်မြောက်ထားတဲ့ပညာရပ်တွေကို အသုံးချကြပါတော့ကွာ။
ဒါမှ မင်းတို့ရဲ့ပညာတွေ တောက်ပြောင်ထက်မြက်လာမှာပါ။

ခုတော့ ……    ငါ့မှာတော့ တစ်ယောက်ထဲ
                   မင်းတို့ရဲ့ ဥပေက္ခာလုပ်ရပ်က မှားနေပြီလား။
                   မင်းတို့ရဲ့ အယူအစွဲတွေ မှားနေပြီလား။
                   မင်းတို့ရဲ့ ပညာရပ်တွေ ဥစ္စာချောက်နေကြပြီလား။
မိချောင်းမင်း  ရေခင်းပြတာတော့ မဟုတ်ရပါကွာ။

ငယ်စဉ် ကြီးလိုက် သူငယ်ချင်းတို့ရေ …
ငါတို့ ဟိုတုန်းကလို … လက်ချင်းဆက်ပြီး စိတ်ချင်းဆက်ကာ
  အများအတွက် ဒို့တွေပေးဆပ်ကြပါစို့လား။ ။

ဒါပေမဲ့ . . . “ငယ် စဉ် ကြီး လိုက်” သူငယ်ချင်းတို့ မင်းတို့ကိုတော့ ငါချစ်နေဆဲပဲ။

                                                                           မောင်မောင် (ခ) ကျော်ဝင်း (ခ) ကျော်သူ

13 October 2010

"ပစ္စုပ္ပန် အနွမ်း”

"ပစ္စုပ္ပန် အနွမ်း”

အရောင်မဲ့ သက်သက်
ရာဇ၀င် အဆက်ဆက်
ပြည့် အတွက်ဆို
အမောင်ဒေါင်းတို့ ..ရှေ့ကဦးဆောင်..။

ရှစ်ပူး နှစ်ပယ်မှာ
အဆိပ်လူး ကျည်ဖူး
ရင်ဘတ်တွေ ခံကတုတ်နဲ့ 
အံတုဘက်ပြိုင်..
သွေးပျက်ကာ ပြေးထွက်သူက
မ.ဆ.လ…။

ဧကရာဇ်ပန်းတွေလဲ
သုံးပွင့်ဆက်ကြွေကျ..
ရိုက်ချက်တွေ ပီသပေမယ့်
ဘာမျှ ဒို့ မရလိုက်ဘူး။

သွေးဆာသူ မိစ္ဆာတစုရဲ့ 
မောင်းပြန်တွေအောက်
တမလွန်ရောက်သူ ရောက်

အကျဉ်းကျသူ ကျ
သူပုန်ထသူ ထ…
ကြယ်တွေ တစင်းပြီး တစင်း ကြွေ
သွေးတွေ တကွက်ပြီးတကွက် စွန်း…။

ဒီလိုနဲ့ 
၂၂ နှစ်ကျော်ကာလ
အတိတ်မေ့ရောဂါသည်တွေက
အတ္တတွေကို အပြိုင်ပျိုးလို့ 
ဇာတ်တူသားတွေ အလုအယက်စား
အရင်ရောက်သူ တန်းစီးလုပ်..
အဝေးကွင်းမှာ..ရောမလိုကျင့်ရင်း
ကိုယ်ယုံကြည်ချက်..ကိုယ်ပြန်တိုက်စား
သိက္ခာတွေ ရိက္ခာနဲ့ လဲ
အပြို ပြိုအကွဲကွဲ..စာရိတ္တတွေနဲ့ 
စားခွက်လုလို့ ကောင်းနေဆဲ…
ရန်သူနဲ့ စီးချင်းမထိုးခင်
နောက်ကျောဓါးဝင်…။

အိမ်ကြီးကတော့ အမိုးတွေလန်
တိုင်တွေနဲ့ ..အကာတွေရွဲ့ 
သာသနာကိုချ စတေးတာတောင်
End game က မရောက်…။

အနိုင်ရပါတီက
လူမှူ့ ရေးအသင်းဖြစ်..။

စစ်ဧကရာဇ်ကတော့
ထင်ရာစိုင်းဖို့ 
၂၀၀၈ ဥပဒေတွေနဲ့ - တံတိုင်းခတ်။
နျုးကလီးယားပေါ်တက်ရပ်ဖို့ ကြံဆောင်
သယံဇာတတွေလဲ ပြောင်။

ဝမ်း မ၀လို့ 
တန်းအပြင်ရောက်သူရောက်
ကောင်းခြင်းတွေအားလုံးပျက်သုဉ်းတဲ့
ရာဇ၀င်ရိုင်းရိုင်း ခေတ်သမိုင်းမှာ
စစ်ခွေးဘီလူးရဲ့ အစွယ်ဖွေးဖွေးတွေကြား
အသားထစ်တွေပါသွားမှာ တွေးကြောက်လို့ 
မျိုးဆက်သစ်ကို ချကြွေးတော့မှာလား…..။

(ဆောင်းယွန်းနွေ)

05 September 2010

ပခုက္ကူသွေးစက်

ပခုက္ကူသွေးစက်



ပခုက္ကူမှာ

ကျခဲ့ရတဲ့

သံဃာ့သွေးစက်တွေ

မြေပေါ်မှာ

ခြောက်သွေ့ချင်

ခြောက်သွေ့သွားလိမ့်မယ်၊

ငါတို့နှလုံးသားထဲမှာတော့

မခြောက်သေးဘူးဟေ့။


သွေးစုပ်မိစ္ဆာ

အာဏာရှင်စနစ်ဆိုး

မြန်မာပြည်မှာ

ကွယ်ပျောက်စေရမယ်၊

ငါတို့နှလုံးထဲက

ကြွေးကြော်သံတွေ

ပေါင်းဆုံလာတဲ့နေ့။


ခင်မမမျိုး (၅၊ ၉၊ ၂၀၁၀)

15 August 2010

လက်သစ်ကဗျာ

လက်သစ် ကဗျာ

လူငယ်တွေ လူငယ်တွေ
ရေတစ်ပေါက် အတွက် သေသောက်နေကြ
ရွက်ကြွေကောက်ဖို့ အတွက်
ကိုယ့်လှေကိုယ် ပြန်ဖောက်နေကြ
ပဲခူးရောက်အောင် ထိုးနေတဲ့လှေတွေ
ပေါက်နေမှတော့
ဧရာဝတီမြစ်ရေထဲ နစ်မြုပ်သွားကြ။

သုံးမရတော့လောက်အောင်ပဲ
ပျောက်ဆုံးနေတဲ့ အနာဂတ်
ဆိတ်သုဉ်းနေတဲ့ စိတ်ဓာတ်
ပြန်ကောက်တပ်ဖို့
စိတ်အခံကောင်းတွေ ထားတတ်ရမယ်။

လူငယ်ဆိုတာ
ကမ္ဘာကို ကိုင်လှုပ်နိုင်တဲ့သူတွေ
ဒီလှိုင်းတွေ ပုတ်ရုံနဲ့
အမြုပ်ခံနေကြတော့မှာလား
အမှားတွေနည်းပါးရေးအတွက်
ပုဒ်ဖြတ် ပုဒ်ရပ်မှန်အောင်
ငါတို့သမိုင်း ငါတို့ပြန်ရေးရမယ်။

လူငယ်တွေ စိတ်ဓာတ်သန့်စင်ရေး
ရက်သတ္တပတ်တိုင်း အချိန်ပေးလို့
သန့်ရှင်းရေးတွေ လုပ်ပေး
နယ်ပယ် အသစ်အဟောင်း ဆိုတာတွေ ရွေးမနေနဲ့
ကြယ်ပွင့်တွေ ဝေးဝေးသွားမယ်
လင်းလက်တယ်ဆိုတာ သူ့စွမ်းရာသန်ရာပဲ
ကိုယ့်ဇွဲနဲ့ကိုယ် ဆွဲထုတ်တတ်ကြရမယ်
ကိုယ့်နဘဲနဲ့ကိုယ် ပွဲထုတ်နေကြရမယ်။

လူငယ်
နယ်ပယ်ဟောင်း နယ်ပယ်သစ်
အဲမ်ဖားစစ်(Emphasis) စစ်တမ်းထုတ်ထား
ထူးခြားပြီး ရှူးဝါး(Sure) နေရမယ်။

ခန့်မိုးခက်

08 August 2010

မေမေ့သား မှာစကား

မေမေ့သား မှာစကား

သမိုင်းအစ ရှစ်လေးလုံးက
ကျောင်းသူ၊ ကျောင်းသား
အများအပြားပေါ့။

ဒီမိုကရေစီအရေး
လူတိုင်းတွေး၊ လူတိုင်းရေး
လူတိုင်းအော်သံ ဆူဆူညံခဲ့
အော်သံလူထု အခြေပြု
ပုခက်လွှဲသောလက်
ငါ့လက်တဖက်
ကျစ်ကျစ်ပါအောင် ဆုပ်
မိုးကောင်းကင် မြှောက်ထုတ်။

ပေးပါ၊ ပေးပါ ဒီမိုကရေစီ
ရေးပါ၊ ရေးပါ လူ့အခွင့်ရေး
တွေးပါ၊ တွေးပါ နိုင်ငံရေးပေါ့
အော်သံမဆုံး တဒုန်းဒုန်း
ဖြိုခွင့်ပစ်ခတ် ရက်စက်ကြတဲ့
စစ်အာဏာဘီးလူး အရူးအမူးတွေပေါ့
သွေးချင်းနီရဲ လူတွေထဲ
အားပြုပြီး အကြည့် ငါ့အသိ
လေးတန်းကျောင်းသား
မောင်ရွှေပွား။

ဘုရားဘုရား ငါ့သားပါလား
ဆူညံမစဲ ကျည်ဆံကြားထဲ
ပြေးဝင်ထွေးပိုက် ကြည့်နေခိုက်
တစ်ခွန်းစကား သားမှာကြားခဲ့
အာဏာစစ်ဘီးလူး အရူးအမူးတွေကို
ဆုပ်ထားလက်သီး မေမေဖြေပြီး
လက်နက်စွဲကိုင်
လက်ညှိုး မောင်းခလုပ်
မေမေဖြုတ်လော့။


အာဏာရူး စစ်ဘီးလူးတွေကို
အနိုင်ပြိုင်လိုက်စမ်းပါ
မေမေရယ်။




ဗိုလ်မှူး မျိုးချစ်

တပ်ရင်း (၂ဝ၆)

ကျောင်းသားတပ်မတော်။

(၃၁၊ ၁ဝ၊ ၁၉၉၉) ရက်နေ့ သူ မကွယ်လွန်မီအချိန်တွင် ၄င်းကဗျာအား ကိုယ်တိုင် ရေးစပ်ခဲ့ပါသည်။

04 August 2010

ကမ္ဘာလောကရဲ့ သမီး....(ကဗျာ)

ကမ္ဘာလောကရဲ့ သမီး




ဆီရွှဲပြီး နက်ပြောင်နေတဲ့ ဆံပင်ကို
အကျအနဖီးလို့
သနပ်ခါးကို မှုန်နေအောင် လိမ်းထားတဲ့
သမီးလေးဟာ
စိမ်းမြတဲ့ ရွက်နုတွေအကြား
ငုံနေတဲ့ စပယ်ဖြူလေးလို
လှပလန်းဆန်းနေတယ်။

အိပ်ရာထ၊ မျက်နှာသစ်၊ အ၀တ်လဲ
ကျောင်းသွားဖို့
ပြင်ဆင်နေတဲ့
သမီးလေးဟန်ပန်က
လေပြေနဲ့အတူ
ယိမ်းနွဲ့နေတဲ့ စပယ်ငုံလေးပေါ့။

သမီး
လမ်းကူးရင် သတိထားနော်
ဆော့လည်းမသွားနဲ့
ကျောင်းလွှတ်ရင် အိမ်ကိုတန်းပြန်ခဲ့
ဟုတ်လား… သမီး၊
နားထောင်နေတဲ့ သမီးလေးဟာ
ပါးချိုင့်လေးနဲ့ တခါပြုံး
အဖေ့ပါးကို တချက်နမ်းလို့
ပေါ့ပါးစွာပြေးထွက်သွားခဲ့တယ်
လွယ်အိတ်လေးကို
မနိုင့်တနိုင်ဆွဲလို့
ဂါဝန်လေးက လေမှာလွှဲလို့။

ပြန်ရောက်မလာတော့ပါလား
“ခလေးတွေ သတ္တိ ရှိလိုက်ကြတာ
ခွေးတွေ ရက်စက်လိုက်ကြတာ
ကောင်မလေးတယောက်ဆိုရင်….”
အို…
တော်ကြပါတော့ တော်ကြပါတော့
ဆက်မပြောကြပါနဲ့တော့ဗျာ၊

သမီးလေးရယ်
အဖေနဲ့အမေတို့ရဲ့
အချစ်တွေနဲ့တင် မလုံလောက်လို့
ကမ္ဘာလောက တခုလုံးရဲ့အချစ်ကို
သိမ်းကြုံးပြီး အရယူသွားလေရော့သလားကွယ်။

(ဌေးအောင်) ....

ရဲဘော်ဌေးအောင် ရဲ့ လက်ရာဖြစ်တဲ့ အထက်ပါကဗျာမှာ "၈၈၈၈" ရဲ့ အမွေအနှစ်ဖြစ်ပါတယ်။ ဒါမှမဟုတ် ၈၈-အထွေထွေ လူထုလူပ်ရှားမူကာလ စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ပြကွက်များစွာထဲက ပြကွက် တစ်ခုပါ။

သမီးလေးအတွက် အမှတ်တရ


တနေ့ တနေ့နဲ့
ဒီနေ့ကို ရောက်ခဲ့ရပြန်ပေါ့
အရင့်အရင် နှစ်တွေကလိုပဲ
မိုးစက်တွေဟာ
ဖြည်းဖြည်း ဖြည်းဖြည်းနဲ့
ကြွေနေကြတယ်သမီး။

သမီးရဲ့အမေကတော့
အစိမ်းမှာ အဖြူလေးတွေ ကွပ်ထားတဲ့
ဂါဝန်လေးကိုပဲ အသာအယာပိုက်ရင်း
ပင့်သက်တွေ ချနေလေရဲ့။

ဒီအချိန်ဆိုရင် ထပြီ
မျက်နှာသစ်ပြီ
ရေချိုးပြီ
အော် ...
ကြာခဲ့ပေမယ့်လည်း
အဖေတို့အတွက် လန်းဆန်းနေဆဲပါ
သမီးရဲ့ ဓါတ်ပုံရှေ့
ပန်းအိုးထဲက
စံပယ်ပွင့် သေးသေးလေးတွေလိုပေါ့။


ကာတွန်းစာအုပ်လေးတွေကလည်း
သမီးကို ဖတ်ပြလို့ဆိုပြီး
ငြိမ်နေအောင် နားထောင်တတ်တဲ့သမီးကို
သတိရနေမှာပါ။

တဖက်ထဲ ပြန်ရတဲ့
ဂေါက်ဂေါက်ဖိနပ်လေးက
အဖေတို့
မမြင်လိုက်ရတဲ့အကြောင်းတွေ
ပြန်ပြောပြတဲ့အခါတိုင်း။

သမီးလေးရယ်...
တကယ်ကတော့
မိုးကောင်းကင်ကြီးတောင်မှ
ငိုလို့ မ၀သေးပါဘူးကွယ်။

(ဌေးအောင်)

07 July 2010

ဥဒါန်း မကြေ....

ဥဒါန်း မကြေ....

ဇူလိုင်(၇)ရက်...၊သွေးမြေ သက်၍

ဖြစ်ပျက် ပေါင်းစုံ၊ ရေးတော်ပုံကြောင့်

ရင်အုံ ငလျင်၊ ရင်ပြင် အနီ

တက္ကသီလာ၊ မြကျွန်းသာငယ်

ကမ္ဘာ လဆန်း ချိန်ဖြတ်သန်းလည်း

ဥဒါန်း မကြေ......။


ဤ ကဗျာလေးသည် မည်သူရေးသား ထားသည်ကို တော့မသိရှိခဲ့ပါ.။

ဤကဗျာအား ပြန်လည် ဖော်ပြနိုင်အောင် ပေးပို့ ပေးသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ)
ဒုက္ကဌ ဒေါက်တာအေးကျော် အားကျေးဇူး အထူးတင်ရှိပါသည်။