16 December 2011

ရွှေည၀ါ ဆရာတော်အားအရေးယူမှု ကိစ္စနှင့်ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်စာရေးမည်

ရွှေည၀ါ ဆရာတော် သာဓု ပရိယတ္တိ ကျောင်းတိုက်မှ ဖယ်ရှားပေးရန် အချက်ပါဝင်သည့် နိုင်ငံတော် ဗဟို သံဃာ့နာယက အဖွဲ့မှ သတိပေးစာ ပို့ခံရသည့် ကိစ္စနှင့် ပတ်သက်၍ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အစည်းအဝေး ယနေ့နံနက်ပိုင်းတွင် ကျင်းပပြီး ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် နိုင်ငံတော် ဗဟိုသံဃာ့နာယက အဖွဲ့ထံစာရေးမည်ဟု ဆရာတော်၏ တကာအချို့ကပြောသည်။

ယခုကိစ္စနှင့် ပတ်သက်ပြီး ယနေ့နံနက်ပိုင်းက ဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ဗဟိုအလုပ်အမှုဆောင်များ အန်အယ်ဒီရုံးချုပ်၌ စည်းဝေးခဲ့ကြပြီး ဆရာတော် အနေဖြင့် မန္တလေးတိုင်း အန်အယ်ဒီရုံးဖွင့်ပွဲတွင် တရားဟောရာမှ ယခုကဲ့သို့ဖြစ်ပွားရသဖြင့် စိတ်မကောင်းကြောင်းနှင့် နိုင်ငံတော် သံဃာ့မဟာနာယက အဖွဲ့ထံသို့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် စာတစ်စောင် ရေးသားပေးပို့ရန် သဘောတူညီခဲ့ကြသည်ဟု မွန်းလွဲပိုင်းတွင် ဦးတင်ဦးက ဆရာတော်အား လာရောက်လျှောက်ထားခဲ့သည်။

ယခုလို ဒေါ်အောင်ဆန်းစုကြည်က စာတစောင်ရေးသားပေးပို့မည်ဖြစ် သကဲ့သို့ ဆရာတော် အနေဖြင့်လည်း နိုင်ငံတော် သံဃာ့မဟာနာယက အဖွဲ့ထံသို့ အသနားခံစာ တစောင် ပေးပို့ရန် မွန်းလွဲပိုင်းတွင် ရေးသားလျှက်ရှိသည်ဟု မွန်းလွဲ ၃ နာရီဝန်းကျင်တွင် ဆရာတော်အားတွေ့ဆုံမေးမြန်းခွင့် ရခဲ့စဉ် ဆရာတော်က မိန့်ကြားလိုက်သည်။

၎င်းအနေဖြင့် ယခုလို အသနားခံစာ တင်ရန် အကြောင်းမရှိသော်လည်း အားလုံးက ၀ိုင်းဝန်းတိုက်တွန်းသဖြင့် ယခုလိုစာတင်ဖို့ လုပ်ဆောင်ရခြင်းဖြစ်ကြောင်းနှင့် ပြီးနောက် သူတို့ဘက်က မည်သို့ ဆုံးဖြတ်မည်ကို စောင့်ကြည့် ရမည်ဖြစ်ကာ အဆိုးဆုံးတွက်လည်း ပြင်ဆင်ထားကြောင်း လည်း ဆက်လက် မိန့်ကြားသည်။

ယနေ့မွန်းလွဲ တနာရီတွင် နိုင်ငံတော် သံဃာ့မဟာ နာယက အဖွဲ့၏ ဥက္ကဋ္ဌ ဗန်းမော်ဆရာတော် ကြွရောက်လာမည်ဟု သတင်းများထွက်ပေါ်ခဲ့၍ အရပ်သူ အရပ်သားများနှင့် ဆရာတော် တကာ တကာမများ ရာနှင့်ချီကာ ကျောင်းတိုက်သို့ လာရောက်စောင့်ဆိုင်းခဲ့ကြသည်။ သို့ရာတွင် ဗန်းမော်ဆရာတော် ကြွရောက်လာခြင်းမရှိပဲ မွန်းလွဲ ၂ နာရီခွဲတွင် ရွှေည၀ါ ဆရာတော်က ပရိတ်သတ်အား လူစုခွဲဖို့ မေတ္တာရပ်ခံပြီးနောက်တွင် စုဝေးနေသူများ လူစုကွဲသွားခဲ့သည်။

တိုင်းသံဃာ့နာယက အဖွဲ့မှ တဆင့် ယမန်နေ့ညနေက ပေးပို့လာသည့် စာတွင် ဆရာတော် အနေဖြင့် မန္တလေးတိုင်း အန်အယ်ဒီရုံးတွင် တရားဟောသည့် ကိစ္စကိုရည်ညွှန်းထားကာ သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်၏ ဆိုဆုံးမမှုကို မခံခြင်း တို့ကိုဖေါ်ပြပါရှိပြီး ၄၇ ပါးစုံညီ သံဃာ့နာယက အဖွဲ့ စည်းဝေးမှ ဆုံးဖြတ်ချက်အရ ဆရာတော် ကျောင်းတိုက်မှ ဖယ်ရှားပေးရန်၊ ဒုဗ္ဗစ ပုဂ္ဂိုလ်အဖြစ်သတ်မှတ်ရန်နှင့် ယင်းကျောင်းတိုက်တွင် သံဃာ့နာယက အဖွဲ့၏ ခွင့်ပြုချက်မရှိပဲ မည်သည့်သင်တန်းမှ ဖွင့်လှစ်ခြင်းမရှိရန်တို့ ပါရှိသည်။


သတင်း..Yangon Press International