16 December 2011

တရုတ်သံအမတ်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့တွေ့ဆုံဟု ဘေဂျင်းဆို

(Bangkok Post သတင်းစာမှ၊ 15 Dec 2011 ရက်စွဲပါ China says its ambassador to Burma met Suu Kyi ကို Transparency Myanmar မှဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးနှင့် ဒီမိုကရေစီအတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ဘေဂျင်းအစိုးရ၏ အဆိုအရသိရသည်။ ထို့ပြင် တရုတ်နိုင်ငံတော်ကောင်စီဝင် Dai Bingguo သည်လည်း လာမည့်ရက်သတ္တပတ်အတွင်း မြန်မာနိုင်ငံသို့ သွားရောက်ကာ တွေ့ဆုံဆွေးနွေးမှုများပြုလုပ်မည်ဖြစ်ကြောင်း ဘေဂျင်းအစိုးရကဆိုသည်။ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Liu Weimin က သံအမတ်ကြီး နှင့် ဒေါ်အောင်ဆန်းစုကြည်တို့တွေ့ဆုံခဲ့ကြောင်း၊ ယင်းတွေ့ဆုံမှုသည် ဒေါ်အောင်ဆန်းစုကြည်၏ အဆိုပြုချက်အရ ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း ပြောကြားသည်။

“တရုတ်သံအမတ်ကြီးက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဆိုပြုချက်အရတွေ့ဆုံခဲ့တာဖြစ်ပါတယ်။ သံအမတ်ကြီးက သူမရဲ့ သဘောထား အမြင်တွေကို နားထောင်ခဲ့ပါတယ်” ဟု ပြောရေးဆိုခွင့်ရှိသူ Liu Weimin ကပြောသည်။ “အခြားနိုင်ငံတွေရဲ့ ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်ရေး ဆိုတဲ့ မူဝါဒကိုအခြေခံပြီး လူ့အဖွဲ့အစည်းထဲမှာ ပါဝင်တဲ့သူတွေအားလုံးနဲ့ တရုတ်နိုင်ငံဘက်က အဆက်အသွယ်ပြုလုပ်ပါတယ်” ဟု ၎င်းက ဆက်လက် ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟီလာရီကလင်တန် မြန်မာနိုင်ငံသို့ရောက်ရှိစဉ် အတွင်း မြန်မာနှင့်တရုတ်အကြား ရင်းနှီးချစ်ကြည်မှုများ ရရှိလာလိမ့်မည်ဟု မျှော်လင့်ကြာင်းထုတ်ဖော်ပြောဆိုခဲ့သည်။ ဟီလာရီ၏ခရီးစဉ်ကြောင့် မြန်မာ-တရုတ်ဆက်ဆံရေး ထိခိုက်မှုများ ရှိလာလိမ့်မည်ဟု ထင်ကြေးပေးပြောဆိုမှုများ ထွက်ပေါ်နေစဉ် ဒေါ်အောင်ဆန်းစုကြည်က ယင်းသို့ပြောဆိုခဲ့ခြင်းလည်းဖြစ်သည်။

စစ်တပ်ကျောထောက်နောက်ခံ မြန်မာအစိုးရသည် တရုတ်နိုင်ငံကို အဓိကကူညီထောက်ပံ့သူအဖြစ် ယုံကြည်အားထားလျက် ရှိသော်လည်း မြန်မာပြည်သူအများစုကမူ တရုတ်သြဇာလွှမ်းမိုးမှုအပေါ် မကျေမနပ်ဖြစ်လျက် ရှိကြသည်။