14 December 2011

ပြည်သူတွေ ရင်နာနေပြီ ။


ပြည်သူတွေ ရင်နာနေပြီ ။
အဖျား အနာ နဲ့
သနားစရာ ကောင်းတဲ့ ကလေးတွေ… ၊
အဖေပျောက် အမေမရှိ ကာ
နေစရာ ပျောက်တဲ့ ကလေးတွေ…. ၊
အမေ အဖေအို တွေကို
မသေစေလို သော်လည်း
တွဲခေါ်ပြေးဖို့ အခြေအနေ မပေး ၊
ကျန်းမာရေး သိပ်မကောင်းလို့
စိတ်မကောင်းစွာ စစ်တလင်းမှာ
သေမင်းက ခေါ်မသွားအောင်
ဘုရားသခင်ထံ ဆုတောင်းပြီးထားခဲ့
လူတွေရဲ့ အဖြစ်ဆိုးတွေ…။
နှစ်ဘက်ထောင် မြေမြုတ် ဗုံးတွေကြား
ပြေးလွားရင်း ရောက်နေတဲ့
အပြစ်မဲ့ လူစုတွေကို
ကယ်လိုသော်လည်း ကယ်မရ ၊
ကာလတွေ ကြာလေ ပိုပိုဆိုး
အရိုးကောက်ချိန် အမျိုးပျောက်လေမလား
အမျိုး ဖျောက်နေသလား ၊
ဒီလိုများ တွေးမိရင် မှားမလား
တာဝန်ရှိသူများ ဖြေစမ်းပါ ၊
ငြိမ်းချမ်းရေးလမ်းကို
အခုလို လျှောက်လှမ်းလို့ ရသလား…။
ဘာကြောင့်ပဲ ဖြစ်ဖြစ်
ဘယ်သူကြောင့်ပဲ ဖြစ်ဖြစ်
ပြည်တွင်းစစ်ကို ချက်ခြင်းရပ်ပါ ၊
သေနေတာ လူတွေ
လူတွေကို လူကသတ်
ဒီဇာတ်ကို မကြည့်ချင်
ဒို့ရင်မှာ … နာနေပြီ….။

မောင်မြေလွှာ(နွေသွေး)
၁၂-၁၂-၁၁