15 December 2011

နှစ်စဉ်ကြေးနှင့်နစ်နာကြေးပြသာနာများကြောင့် တောင်ဒဂုံစက်မှုဇုန်(၁)အတွင်းရှိ အောင်စိန်လင်း သစ်အချောထည်စက်ရုံတွင် အလုပ်သမားများ ဆန္ဒပြ

ရန်ကုန်တိုင်းဒေသကြီး တောင်ဒဂုံစက်မှုဇုန်(၁)၊ တောင်ကြီးလမ်းနှင့် ယောက်ကော်လမ်းထောင့် အမှတ် (၈၅) ရှိ အောင်စိန်လင်း သစ်အချောထည်စက်ရုံတွင် အလုပ်သမား (၂၂)ဦးမှ ယနေ့နံနက် ၈ နာရီခွဲအချိန်တွင် နှစ်စဉ်ကြေးနှင့်နစ်နာကြေးပြသာနာများကြောင့် ဆန္ဒပြမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

` အလုပ်သမားတွေရဲ့ အဓိကပြဿနာက နှစ်စဉ်ကြေး ပြန်ပေးတဲ့ပြဿနာပဲ။ နစ်နာကြေးအနေနဲ့က စာချုပ်ထဲက အတိုင်း (၆) လစာပေးတယ်။ ဒါကိုကျေနပ်တယ်။ နှစ်စဉ်ကြေးကိုမကျေနပ်ကြတာပဲ။ ဆန္ဒပြတယ်ဆိုတာလဲ အကြီးအကျယ်မဟုတ်ပါဘူး။ သူတို့လိုချင်တာလေးတွေ တောင်းဆိုရုံပါပဲ´ ဟု အဆိုပါဖြစ်စဉ်ကို ကူညီဖြေရှင်းပေးနေသူ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်ကပြောသည်။

ဆန္ဒပြခဲ့ရခြင်းအကြောင်းအရင်းမှာ စက်ရုံမှ အလုပ်သမား ၂၆ ဦးအား လုပ်ငန်းမအောင်မြင်တော့သဖြင့် အလုပ်တာဝန်မှ ရပ်စဲ၍ နစ်နာကြေးပေးရာတွင် အလုပ်သမားများမှ မကျေနပ်သဖြင့် ဆန္ဒပြခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။

`ကျွန်တော်ဆိုရင် ဒီစက်ရုံမှာ လုပ်သက် ၁၄ နှစ်ကျော်ပြီ။ အဲဒါကို အလုပ်က ရပ်စဲလိုက်တော့ နစ်နာကြေးဆိုပြီး ၃ သိန်း ၁ သောင်းပဲ ရတယ်။ တစ်ချို့အလုပ်သမားတွေဆိုရင် ၂ သိန်းကျော်ကျော်ပဲရတယ်။ ပြီးတော့ ကျွန်တော်တို့က နှစ်စဉ်ကြေးဆိုပြီး တစ်နှစ်ကို တစ်ထောင်စုရတယ်။ ဘယ်လောက်ရမှ ကျေနပ်မယ် ဆိုတာတော့ မဟုတ်ပါဘူး။ အလုပ်တစ်ခုရဖို့ဆိုတာ လွယ်တာ မဟုတ်ဘူးလေ။ အလုပ်သမားတွေ အားလုံးအတွက် အဆင်ပြေရင်ရပါပြီ´ ဟု ဆန္ဒပြမှုတွင်ပါဝင်ခဲ့သော အောင်စိန်လင်း သစ်အချောထည်မှ အလုပ်သမား ကိုသိန်းတိုးကပြောသည်။

အလုပ်သမားများအလုပ်စ၀င်သည့်အချိန်တွင် နှစ်စဉ်ကြေး တစ်နှစ်လျှင် တစ်ထောင်သွင်းရမည့်စည်းကမ်းချက် စာချုပ်ထဲတွင်ပါဝင်ပြီး အလုပ်မှထွက်ခွာပါက ပြန်လည်ထုတ်ပေးမည့်အစီအစဉ်ကို အလုပ်သမားများမှ သဘောတူခဲ့သော်လည်း ယခုအခါ၎င်းတို့၏ ဘ၀သစ်ကိုပြန်လည်စတင်ရမည်ဖြစ်သောကြောင့် အဆိုပါနှစ်စဉ် ကြေးအား တိုးပေးပါရန် စက်ရုံထဲတွင် ဆန္ဒပြတောင်းဆိုခြင်းဖြစ်ကြောင်း ဦးဖုန်းမြင့်အောင်ကပြောသည်။

`သူတို့ပြဿနာက နှစ်စဉ်ကြေးဆိုတာသိရတယ်။ ကျွန်တော်ကမေးတယ်။ ခင်ဗျားတို့ အလုပ်စ၀င်တုန်းက ဘာလို့ အဲဒီ့အချက်ကို သဘောတူခဲ့လဲဆိုတော့ အဲဒီ့တုန်းက အလုပ်ကလေးရှိရင် ပြီးရောဆိုပြီးတော့ သဘောတူခဲ့တာပါတဲ့။ ကျွန်တော်ဘက်ကတော့ လိုအပ်တာလေးတွေလိုက်ပြီးကူညီပေးရုံပါ။ ငွေရေးကြေးရေး ကိစ္စကတော့ သူတို့အလုပ်ရှင်နဲ့ အလုပ်သမားတွေပြေလည်အောင်ညှိရမယ့်အပိုင်းလေ´ဟု ဦးဖုန်းမြင့်အောင်ကဆက်လက်ပြောသည်။

အောင်စိန်လင်းသစ်အချောထည်စက်ရုံသည် လုပ်ငန်းအဆင်မပြေတော့သည်မှာ ၃ နှစ်ကျော်ရှိပြီဖြစ်ပြီး ယခင် အလုပ်သမား ၁၅၀၀န်းကျင်နှင့်လည်ပတ်ခဲ့ရာမှ လုပ်ငန်းမအောင်မြင်တော့သောကြောင့် အလုပ်သမားများအား တစ်ဖြည်းဖြည်းလျော့ချခဲ့ပြီး ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် လုပ်ငန်းအား အပြီးရပ်ဆိုင်းတော့မည်ဖြစ်ကြောင်း သိရသည်။

`ကျွန်တော်တို့ဘက်ကတော့ စာချုပ်ထဲကအတိုင်း၊ သူတို့ ရရှိမယ့် အခွင့်အရေးအတိုင်း အားလုံးပေးပြီးသားပါ။ ပိုက်ဆံထုတ်ပြီးတဲ့သူတွေလဲ ထုတ်ပြီးသွားကြပါပြီ။ အဲဒါကိုမှ သူတို့မကျေနပ်ဘူးဆိုလို့ အခု သက်ဆိုင်ရာ လူကြီးတွေနဲ့ ဒါရိုက်တာအဖွဲ့နဲ့ ညှိပေးဖို့ စီစဉ်နေပါတယ်´ ဟု အောင်စိန်လင်းသစ်အချောထည်စက်ရုံမှ မန်နေဂျာ ဦးဇော်ဝင်းကပြောသည်။

အောင်စိန်လင်းသစ်အချောထည် စက်ရုံအတွင်း ဆန္ဒပြခဲ့သော အလုပ်သမားဦးရေမှာ အမျိုးသမီး (၃)ဦး အပါအ၀င် (၂၂)ဦးရှိပြီး အဆိုပါ စက်ရုံအတွင်း မနက်(၈) နာရီခွဲမှ ညနေ (၃) နာရီဝန်းကျင်အထိ တိုင်ပင် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်းကိုလည်း သိရှိရသည်။

သတင်းများ ပြန်လည်ဝေမျှပေးသော မြစ်မခ မီဒီယာ အားကျေဒဇူးတင်ရှိပါသည်.။