ဒုတိယကမ္ဘာစစ် မတိုင်မီက မြန်မာ့ရှေ့ဦး ကာတွန်းဆရာကြီး ရွှေတလေးဦးဘကလေး၏ ပင်တိုင်ကာတွန်းတစ်ခုမှာ- “ကမ္ဘာသူ ဓာတ်မှန်ပြသည် သို့ အမှားကိုအမှန်ကျအောင် ရေးရသည်ပဲ” လို့ စာချိုးလေးပုံသေထည့်တာ တွေ့ရဖူးတယ်။ သမိုင်းအမှား မှတ်တမ်းအမှားတွေကို အမှန်ဖြစ်အောင် သိမှီသူတွေက ပြင်ပေးရမှာ ဖြစ်ပါတယ်။
သမိုင်းဆိုတာလိမ်ရေးလို့မရ
အထူးသဖြင့် သမိုင်းဝင်ဖြစ်ရပ်တွေအကြောင်းရေးကြသားကြပြီဆိုရင် အစွဲအလမ်းတွေ၊ ပယောဂတွေနဲ့ ရေးကြတာများတယ်။ သို့ပေမယ့် သမိုင်းဆိုတာ လိမ်ရေးလို့မရပါဘူး။ ဥပမာ ၁၉၆၀ ပြည့်နှစ်ကကျင်းပခဲ့တဲ့ ပါလီမန်ရွေးကောက်ပွဲ ဆိုပါစို့။ ဦးနုခေါင်းဆောင်တဲ့ သန့်ရှင်းဖဆပလက အပြတ်အသတ်နိုင်သွားလို့ ဦးနုကအကျယ်အကျယ် မပြောတော့ဘဲ သူ့လူတွေကိုလည်းကန့်ကွတ်မှုတွေ မလုပ်နဲ့တော့လို့ တားမြစ်ခဲ့တာကြောင့် လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲလိုလို ပြောနေကြပေမယ့် တကယ်ကတော့ သမိုင်းတွင်လောက်အောင် ညစ်ပတ်ယုတ်မာတဲ့ ရွေးကောက်ပွဲအဖြစ် လူတွေမမေ့နိုင်ခဲ့ကြပါဘူး။
အဆဲဆုံးအကွဲဆုံး
မြန်မာ့သမိုင်း ဖြစ်ရပ်အမှန် ပြုစုရေးသားရေးအဖွဲ့က ‘မြန်မာ့နိုင်ငံရေး ၁၉၅၈-၆၂’ဒုတွဲစာ ၃၉၄-၄၀၁ မှာ ထိုစဉ်က သတင်းစာတွေကို ကိုးကားပြီး ဖော်ပြခဲ့ပါတယ်။ သမာဓိသတင်းစာက ရွေးကောက်ပွဲအပြီးနောက်နေ့ ၇ ဖေဖော်ဝါရီ ၁၉၆၀ နေ့ထုတ်မှာ ဘယ်လိုရေးသလဲဆိုတော့ ယနေ့ရွေးကောက်ပွဲသည် စစ်ပြီးခေတ်တွင်
၁။ တစ်ဦးပေါ်တစ်ဦး မဟုတ်တန်းတရား အစွပ်စွဲဆုံး ရွေးကောက်ပွဲ
၂။ ငယ်ပေါင်းကြီးဖော် သူငယ်ချင်းအချင်းချင်း အကျိုးယုတ် အဆဲဆုံးသော ရွေးကောက်ပွဲ
၃။ အဖေနှင့်သား၊ မအေနှင့်သမီးအကွဲကြီးကြသော ရွေးကောက်ပွဲ
၎။ ညောင်မြစ်တူးပုတ်သင်ဥပေါ်သော ရွေးကောက်ပွဲ
၅။ တပည့်က ဆရာကို အံတု၊ ဆရာကတပည့်ကို အောက်ချနင်းသော ရွေးကောက်ပွဲလို့ သုံးသပ်ရေးထားသည်။
တည်မြဲ ဖဆပလ မတရားပြုကျင့်ပုံ
အဲဒီနောက် ရွေးကောက်ပွဲကန့်သတ်မှုတွေအကြောင်း ဆက်လက်ရေးသားတယ်။ တည်မြဲဖဆပလသခင်စံမြင့်နဲ့ ဗိုလ်စိုးလှိုင်တို့ တရားမဲ့ ပြုကျင့်ပါသည် ဆိုပြီး တိုင်ကြးတဲ့အကြောင်းတွေပါတယ်။
သခင်စံမြင့်ဟာ အစိုးရအရာထမ်း-အမှုထမ်းများရဲ့ အကူအညီယူလျက် အစိုးရမော်တော်ဘုတ်ကိုသုံးပြီး သနပ္ပင်မြို့နယ် တည်မြဲ အဖွဲ့ဝင်များနဲ့အတူ မဲဆွယ်ခဲ့တာ၊ ကျုံပါကျေးရွာမှာ အရန်ရဲတွေက တည်မြဲဖဆပလအတွက် မဲဆွယ်ပြီး သန့်ရှင်းခေါင်းဆောင်တွေကို ရိုက်နှက် ခြိမ်းခြောက်တာ၊ သံဒင်းရွာမှာ သန့်ရှင်း ခေါင်းဆောင်တွေကို ရွေးကောက်ပွဲမှာ မဆောင်ရွက်နိုင်အောင် သူကြီးက ဖမ်းထားတာ၊ ရွေးကောက်ပွဲနေ့မှာ ကျေးရွာကာကွယ်ရေးတွေက မဲရုံးနောက်ပိုင်း ဖောက်ပြီး မဲဆန္ဒရှင်တွေကို ခြောက်လှန့်တာ၊ တည်မြဲမဲပုံးထဲ ထည့်ခိုင်းတာ၊ မဲပုံတွေကို သနပ္ပင်ကနေပဲခူးသို့ သယ်ဆောင်ရာမှာ လမ်းခုလတ်မှာ ဗိုလ်စိုးလှိုင်က ကားရပ်ခိုင်းပြီး သနပ္ပင်ကို ပြန်လှည့်ခိုင်းတာ၊ အဲဒီနောက် ကိုယ်စားလှယ်တွေကို မောင်းထုတ်တာစတဲ့ အချက်တွေနဲ့ တိုင်ကြားတဲ့အကြောင်းဖော်ပြထားပါတယ်။
နိုင်သူကသင်ပုန်းချေလို့
အလားတူ မတရားခြိမ်းခြောက်မှုတွေဟာ နယ်တော်တော်များများမှာ ဖြစ်ပေါ်ခဲ့တယ်။ စာရှည်နေမည်စိုး၍ ကောက်နုတ်တင်ပြခြင်း မပြုတော့ပါ။ အပြတ် အသတ်အနိုင်ရသွားတဲ့ ဦးနုကတော့ ၁၉၆၀ ရွေးကောက်ပွဲဟာတရားမျှတမှု အပြည့်အဝရှိပါသည်ဟုယူဆကြောင်းထုတ်ဖော်ပြောကြားတယ်။ (ယင်းစာ -၄၀၂)
ဦးနုကတော့ ခုလောက် အပြတ်အသတ်နိုင်ပြီးမှတော့ သူ့ဘက်က ထိုးစစ်မလုပ်တော့ဘဲ သင်ပုန်းချေရေးလမ်းစဉ်ကို ချမှတ်ခဲ့တယ်။ ရွေးကောက်ပွဲ ကန့်ကွက်မှုတွေကို ပြန်လည်ရုပ်သိမ်းခိုင်းတယ်။ တည်မြဲခေါင်းဆောင် သူ့ညီလေးတွေနဲ့ ပြန်ပေါင်းထုတ်ဖို့ ကြိုးစားတယ်။ သည်တော့လည်း ရန်လိုတဲ့စကားတွေ မပြောတော့ဘူးပေါ့။
အမည်းစွန်းများရှိကြောင်း
၁၉၅၈-၆၂ မြန်မာ့နိုင်ငံရေးစာအုပ် ပြုစုသူပညာရှင်တွေကတော့ ခုလိုသုံးသပ်ပါတယ်။ “၁၉၆၀ ပြည့်နှစ် ရွေးကောက်ပွဲကြီးသည် ဘက်လိုက်ခြင်း၊ မတရားပြုလုပ်ခြင်း၊ ခြိမ်းခြောက်ခြင်းစသော အမည်းစွန်းများ ရှိကြောင်း တွေ့နိုင်သည်” (ယင်းစာ - ၄၀၂)
၁၉၆၀ ရွေးကောက်ပွဲကို စံပြရွေးကောက်ပွဲကြီးအဖြစ် တချို့ရေးတတ်ကြတယ်။ ကျွန်တော်ကတော့ လွတ်လပ်ပြီး တရားမျှတတဲ့ဘက်က စံပြအဖြစ် မမြင်ပါဘူး။ ၁၉၆၀ ရွေးကောက်ပွဲစံပြဖြစ်ခြင်းကတော့ နည်းမျိုးစုံနဲ့ နှိပ်ကွပ်ခံရ၊ ခြိမ်းခြောက်ခံနေရတဲ့ သန့်ရှင်းဖဆပလက ဦးနုရဲ့ဘက်တော်သား အမတ်လောင်း များကို မဲဆန္ဒရှင်လူထုက ပြတ်ပြတ်သားသား မဲပေးရွေးချယ်ခဲ့ခြင်းနဲ့ ရွေးကောက်ပွဲကျင်းပပေးတဲ့ အိမ်စောင့်အစိုးရရဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီးနေဝင်းက ရွေးကောက်ပွဲနိုင်တဲ့ ဦးနုလက်သို့ ကတိအတိုင်းအာဏာလွှဲအပ်ခြင်းဆိုတဲ့ အချက်ကြီးတွေပါပဲ။
နှိုင်းယှဉ်သောအားဖြင့် ပြောစတမ်းဆိုရင် ၁၉၉၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွေက ၁၉၆၀ ရွေးကောက်ပွဲနဲ့စာရင် ပို၍ လွတ်လပ်၊ ပို၍တရားမျှတမှုရှိတယ်လို့ ကျွန်တော်ထင်မြင်ပါတယ်။ ၂၀၁၀ ပြည့်နှစ်မှာ ကျင်းပခဲ့တဲ့ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲဟာလည်း သမိုင်းရဲ့ မှတ် ကျောက်မှာ အရှိပကတိ အတိုင်းအတင်ခံရမှာပဲ ဖြစ်ပါတယ်။