လာမည့် ၂၀၁၂ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် ကျရောက်မည့် ၆၄ နှစ်မြောက် ချင်း အမျိုးသားနေ့ ကိုချင်းပြည်နယ် တွင် “အမျိုးသားနေ့” အဖြစ် တရားဝင် ကျင်းပ ခွင့်ပြုရေး တောင်း ဆိုချက်ကို ၀န်ကြီးချူပ်ဦးဟုန်းငိုင်းက ပယ်ချလိုက် သည် ဟုသိရသည်။
ချင်းပြည်နယ် တောင်ပိုင်း မင်းတပ်မြို့ ချင်းအမျိုးသားနေ့ ကျင်းပရေး ကော်မတီအဖွဲ့က ချင်းပြည်နယ်တွင် ချင်းအမျိုးသား နေ့ကို “ပြည်နယ်နေ့”အနေဖြင့်မဟုတ်ဘဲ “အမျိုးသားနေ့” အဖြစ် တရားဝင် ကျင်းပခွင့်ပြုရန် ယခုလဆန်းပိုင်းက စာတင်ခဲ့ ရာတွင် ချင်းပြည်နယ် ၀န်ကြီးချူပ်ဦးဟုန်းငိုင်းက ပယ်ချလိုက် သည်ဟု ချင်း တိုးတက်ရေးပါတီ အထွေထွေအတွင်းရေးမှူး(၂) ဦး ရှိန်းထွန်းပြောသည်။
“မင်းတပ်မြို့ ချင်းအမျိုးသားနေ့ ကျင်းပရေး ကော်မတီအဖွဲ့ဝင်တဦးက ကျနော့်ကိုဖုန်းနှင့် လမ်း အကြောင်းကြာလိုက်တာပါ ၊ ချင်းအမျိုးသားနေ့ အနေနဲ့ တရားဝင် ကျင်းပ ခွင့်ပြုဖို့ ၀န်ကြီးချူပ် ဆီစာနဲ့ တောင်းဆိုပါတယ်၊ ဒါပေမဲ့ ၀န်ကြီးချူပ်က စာပြန် တဲ့အခါမှာ ဒီကိစ္စ တွေက ခင်များ တို့လုပ်ရမယ့် အလုပ်မ ဟုတ်ဘူးဆိုတဲ့ ပုံစံမျိုးပြောလိုက် တော့ အတော်လေး စိတ်မကောင်းဖြစ်နေကြတယ်” ဟု ဦးရှိန်းထွန်းကပြောသည်။
လွန်ခဲ့သည့်၁၉၇၄ ခုနှစ်က ဦးနေ၀င်း ဦးဆောင်သော မြန်မာ့ဆိရှယ်လစ်လမ်းစဉ်ပါတီ (မဆလ) အစိုးရ လက်ထက် ကစပြီး မြန်မာနိုင်ငံတွင် ဖေဖော်ဝါရီလ (၂၀) ရက်နေ့ကို ချင်းအမျိုးသားနေ့အဖြစ် ကျင်းပခွင့်မရှိ တော့ဘဲ ယနေ့ချိန်ထိ “ချင်းပြည် နယ်နေ့” အဖြစ်နှင့်သာ ကျင်းပခွင့်ပြုခဲ့သည်။
ချင်းပြည်နယ်ဝန်ကြီးချူပ်ဦးဟုန်းငိုင်းက “ ချင်းအမျိုးသားနေ့” အဖြစ်အမည်ဖြင့်ကျင်းပ ခွင့်တောင်း ဆိုချက်ကို ဖယ်ချသည့် အတွက်ကြောင့် လာမည့် နှစ်ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ “ချင်းအမျိုးသားနေ့” ကိစ္စကို တင်ပြမည်ဟု ဦးရှန်းထွန်းက ပြောသည်။
“ ပြည် နယ် မှာ ဆွေးနွေးရမယ့် အရေး ကိုပြည်နယ် ၀န်ကြီးချူပ်ကို ပယ်ချ လိုက်ပြီဆိုတော့ ၊ ၀န်ကြီးချူပ် ကို တာဝန်ခံတာက နိုင်ငံတော် သမ္မတ ဆိုတော့လေ ၊ ပြည်ထောင် စုလွှတ်တော်မှာ တရားဝင် ဆွေးနွေး ရပါလိမ့်မယ်’’ဟု သူ ကပြောသည်။
၁၉၄၈ ခှုနှစ် ဖေဖော်ဝါရီ ၂၀ ရက်နေ့က ချင်းပြည်နယ်ဖလမ်းမြို့တွင် ကျင်းပခဲ့ သော ပထမဦးဆုံးအကြိမ် ချင်းအမျိုးသား ညီလာခံမှာ တက်ရောက် လာခဲ့ကြသော ကိုယ်စားလှယ်ပေါင်း ငါးထောင်ကျော်က ချင်းပြည်နယ်၏ သက်ဦးစံပိုင်မြေရှင် ပဒေသရာဇ်စနစ်ကို တခဲနက် ကန့်ကွက် ဖယ်ရှား လိုက်ကြသည့် နေ့ကို အစွဲပြုပြီး ၁၉၅၀ တွင် ချင်းရေရာကောင်စီမှ ချင်းအမျိုးသားနေ့ အဖြစ် သတ်မှတ်ခဲ့ ကြခြင်းဖြစ်သည်။
ပထမဆုံး အကြိမ် ချင်းအမျိုးသားနေ့ကို ၁၉၅၁ ခုနှစ်တွင် ချင်းပြည်နယ် တောင်ပိုင်း မင်းတပ်မြို့တွင် ကျင်းပခဲ့ကြပြီး ယင်းအချိန်က နိုင်ငံတော် ၀န်ကြီးချူပ်ဖြစ်တဲ့ ဦးနု နဲ့ အခြား တိုင်းရင်းသားဝန်ကြီးများလည်း တက်ရောက်ခဲ့ကြသည်။
မြန်မာအစိုးရ အနေဖြင့် တခြားတိုင်းရင်းသားများ ၏ အမျိုးသားနေ့ကို အမျိုးသားနေ့ အနေဖြင့် တရားဝင် ကျင်းပခွင့် မပြုခြင်း သည် တိုင်းရင်းသားများအမျိုးသားနေ့ကို အသိအမှတ် မပြုရာကျ သည် ဟုဦးရှိန်းထွန်း ကပြောသည်။
“တိုင်းရင်းသားတွေရဲ့ နယ်ချဲ့တွေကိုဆန့်ကျင်တော်လှန်ခဲ့ အမျိုးသားနေ့ တွေကို ပွင့်ပွင့်လင်းလင်း ပြောရရင် အသိ အမှတ်မပြုတဲ့ သဘောမှာရှိတယ်၊ ပြီးရင်လည်း အမျိုးသားနေ့ ဆိုတာ တခုတည်းရှိ ရမယ် မြန်မာတွေ ယူထားတဲ့ အမျိုးသားနေ့ကို တိုင်းရင်းသား တွေအနေနဲ့ ဒီဟာကိုဘဲ ယူရမယ် ဆိုတဲ့ အမြင်မျိုး သူ တို့မှာရှိတယ်’’ ဟု သူ ကပြောသည်။
ရင်းမြစ်...Khonumthung News Group