14 December 2011

ပိုလန်နိုင်ငံသို့ NLD လူငယ်များ ပထမအကြိမ် သွားရောက်လေ့လာ

ပိုလန်နိုင်ငံ၏ ငြိမ်းချမ်းစွာ ဒီမိုကရေစီအသွင်ကူးပြောင်းရေး အတွေ့အကြုံများကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီမှ လူငယ်များ သွားရောက်လေ့လာနေကြောင်း NLD ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။

“အဲဒီခရီးစဉ်ကို ဒေါ်စုက အရမ်းစိတ်ဝင်စားလို့ အချိန်နဲ့တပြေးညီ Report တင်ပေးနေရတယ်” ဟု NLD ပြန်ကြားရေးတာဝန်ခံတစ်ဦးက ပြောကြားသည်။

ပိုလန် နိုင်ငံခြားရေးဝန်ကြီးဌာန၏ ဖိတ်ကြားချက်အရသွားရောက်သော အဆိုပါခရီးစဉ်သည် ပိုလန်နိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီးနှင့် ဒေါ်အောင် ဆန်းစုကြည် တွေ့ဆုံစဉ် အဆိုပါလေ့လာရေးခရီးစဉ်ကို စီစဉ်ခဲ့ကြောင်း သိရသည်။ အဆိုပါ ခရီးစဉ်သို့ NLD လူငယ် ၈ဦး လိုက်ပါခွင့်ရရှိပြီး တစ်ပတ် ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။

လေ့လာရေးရောက်ရှိလာသော NLD လူငယ်များကို ဒီဇင်ဘာ ၁၂ရက်နေ့တွင် ပိုလန်နိုင်ငံခြားရေး ဒုတိယဝန်ကြီးက လေဆိပ်တွင် လာရောက် ကြိုဆိုခဲ့ပြီး လေဆိပ်၌ပင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

“သူတို့တွေ ဒီမိုကရေစီနိုင်ငံကို ဘယ်လိုတည်ဆောက်ခဲ့ကြတယ်ဆိုတဲ့ အတွေ့အကြုံတွေကို အဲဒီမှာလေ့လာပြီး ဒီကိုပြန်လာရင် အသုံးချနိုင်ဖို့ လေ့လာသွားမယ်” ဟု ယင်းခရီးစဉ်တွင်လိုက်ပါသွားသူ ကိုညီညီက ပြောကြားသည်။

ပိုလန်နိုင်ငံသည် ၁၉၈၉ ခုနှစ်တွင် အာဏာရှင်စနစ်မှ ဒီမိုကရေစီ နိုင်ငံရေးစနစ်သို့ ကူးပြောင်းနိုင်ခဲ့သည့် အတွေ့အကြုံများအပြင် ယင်းအချိန်က ပိုလန်ပြည်သူများ သွေးစည်းညီညွတ်ရေး လှုပ်ရှားမှုအကြောင်းကိုလည်း လေ့လာသွားမည်ဖြစ်ကြောင်း သိရသည်။

ပိုလန်နိုင်ငံမြို့တော်ဖြစ်သော ဝါဆောမြို့သိုရောက်ရှိနေသော NLD လူငယ်များသည် ပိုလန်အုပ်ချုပ်ရေးစနစ်နှင့် ပညာရေးစနစ်များကိုလည်း လေ့လာခွင့်ရမည်ဖြစ်ကြောင်းသိရသည်။

အဆိုပါခရီးစဉ်ကဲ့သို့သော ပြည်ပနိုင်ငံလေ့လာရေးခရီးစဉ်များကို ဆက်လက်ပြီးလုပ်ဆောင်ပေးသွားရန် အစီစဉ်ရှိကြောင်း NLD ဗဟိုအလုပ် အမှုဆောင်အဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။

NLD ပါတီသည် တစ်နိုင်ငံလုံးအတိုင်းအတာအထိ ပြန်လည်တည်ဆောက်ရေး ပြုလုပ်နေချိန်တွင် မျိုးဆက်သစ် NLD လူငယ်များကို ပိုမိုဦးစားပေးလာကြောင်းသိရသည်။

သတင်း..Transparency Myanmar