14 December 2011

မန္တလေးတိုင်းဒေသကြီးတွင် ရှားပါးပိုက်ဆံများကို ဈေးကောင်းပေးဝယ်ယူလျက်ရှိပြီး ဗိုလ်ချုပ်ပုံပါသော ပိုက်ဆံများကို အ၀ယ်လိုက်လျက်ရှိ


မန္တလေးတိုင်းဒေသကြီးရှိ အချို့မြို့နယ်များတွင် မောင်ကောင်း၊ စံလင်း၊ ရှမ်း အစရှိသည့် ရှားပါးပိုက်ဆံများကို ဈေးကောင်းပေးဝယ်ယူလျက်ရှိပြီး ဗိုလ်ချုပ်ပုံပါသော ပိုက်ဆံများကို အ၀ယ်လိုက် လျက်ရှိကြောင်း သိရှိရသည်။

ရှားပါးပိုက်ဆံဝယ်ယူသူများအနေဖြင့် အိန္ဒိယနိုင်ငံ သို့ ပြန်လည်ရောင်းချခြင်း မှာ ဈေးကွက်တစ်ခု အဖြစ်သို့ ရောက်ရှိ လာကြောင်း ငွေကြေး အဟောင်းဈေးကွက် အတွင်းမှ သိရှိရသည်။

“ပိုက်ဆံဈေးကွက်ကတော့ အမျိုးမျိုးရှိတယ် ၊ အဓိက ၀ယ်နေတာကတော့ မောင်ကောင်းပါ။ သူ့ပိုက်ဆံတွေမှာ မောင်ကောင်း လက်မှတ်ပါမယ်၊ ရှုပီးပါမယ်၊ တစ်ရာတန်ဆို ဒေါင်းတံဆိပ်နဲ့ ရှိတယ်။ နောက်လယ်ထွန်တာ ဆင်သစ်လုံး ဆွဲတာ အဲလိုမျိုးတွေပေါ့ ဈေးကတော့ ကြိုက်ရောင်း ကြိုက်ဝယ်ပဲ၊ အများဆုံး အရောင်းအ၀ယ်ဖြစ်တာက တစ်ဆယ်တန် ဆို တစ်သောင်းခွဲအထိ ပေးဝယ်ပြီး တစ်ရာတန်ကို ကိုသောင်းနဲ့ တစ်သိန်းကြားမှာ အရောင်းအ၀ယ်ဖြစ်တယ် ” ဟု မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ်မှ မောင်ကောင်းပိုက်ဆံ ၀ယ်ရောင်းနေသူတစ်ဦးက ပြောသည်။

မောင်ကောင်း စံလင်း ပိုက်ဆံများအပြင် ရှားပါးပိုက်ဆံဖြစ်သော အင်္ဂလိပ်ခေတ်တွင် ထုတ်ဝေသုံးစွဲခဲ့သော အဖိုးကြီးပုံနှင့် လူငယ်ပုံပါသော ပိုက်ဆံနှစ်မျိုးမှာလည်း ကျပ်တစ်ဆယ့်ငါးသိန်းဝန် ကျင် ဈေးရှိကြောင်း ဈေးကွက် အတွင်းမှ စုံစမ်း သိရှိရသည်။

“ ဈေးကွက်အခေါ်ကတော့ အဖေပုံရယ် သားပုံရယ်ပေါ့ ၊ သူမှာကတော့ နှစ်မျိုးပဲရှိတယ်။ အန္ဒိယကနေ ပိုက်ဆံပေါ်မှာ Burma Only ဆိုပြီး ပုံနှိပ်စက်နဲ့ တစ်ခါတည်း ရိုက်ထားတာရှိသလို မြန်မာပြည်ရောက်မှ ရာဘာစည်းနဲ့ ရိုက်ထားတာ ဆိုပြီး ရှိတယ်။ ရာဘာစည်းနဲ့ ရိုက်ထားတာက ကိုင်ကြည့်လိုက်ရင် ဖေါင်းကြွလေးတွေပါတယ်။ သူကတော့ဈေးပိုရတယ်ပေါ့။ အဖေပုံပါတဲ့ ပိုက်ဆံက ၁၅သိန်းဈေးပေါက်တယ် သားပုံကတော့ လေးသိန်းလောက်ထိရတယ်”ဟု ပြည်ကြီးတံခွန် မြို့နယ်မှ ၀ယ်ရောင်းတစ်ဦးက ပြောသည်။

မန္တလေးတိုင်းဒေသကြီးမှ ငွေကြေးအဟောင်းဈေးကွက်တွင် မောင်ကောင်းပိုက်ဆံ တစ်ဆယ်တန်လျှင် တစ်သောင်းကျပ်မှ တစ်သောင်းခွဲဝန်းကျင်ရှိကြောင်း ၊ စံလင်း လက်မှတ်ပါ တစ်ရာတန်တစ်ရွက်ကို ကျပ်ငွေလေးထောင်ရှိကြောင်း သိရှိရသည်။

ရှမ်းပိုက်ဆံသည် ကျပ်တစ်သိန်းခွဲ ဈေးရှိပြီး ဒေါက်တာဘမော်နှင့် လှရှိန်ပုံပါ ပိုက်ဆံသည် နှစ်သိန်းခွဲရှိကြောင်း ၊ ၁၃၁၄ခု တပို့တွဲလပြည့်ကျော် ၁၄ရက် ဟု စာတန်းပါသော ပိုက်ဆံကို တစ်သိန်းခွဲပေးကြောင်းနှင့် ယခုရက်ပိုင်းတွင် ဗိုလ်ချုပ်ပုံ ပါသော ပိုက်ဆံများကို အ၀ယ်များလာကြောင်းသိရှိရသည်။

သတင်းများ ပြန်လည်ဝေမျှပေးသော မြစ်မခမီဒီယာ အားကျေးဇူးတင်ရှိပါသည်.။