15 December 2011

လယ်ယာထွက်ကုန်များ တရုတ်တင်ပို့နိုင်ရေး မြန်မာတောင်းဆို

တရုတ်နိုင်ငံဘက်ခြမ်းမှ တင်သွင်းရန် ကန့်သတ်ထားသည့် မြန်မာ့လယ်ယာထွက်ကုန်များဖြစ်သည့် ဆန်၊ ပြောင်းနှင့် သကြားအပါအဝင် အခြား ကုန်ပစ္စည်းများကို တရုတ်နိုင်ငံသို့ပြန်လည်တင်ပို့နိုင်ရေးအတွက် မြန်မာဘက်မှ တောင်းဆိုထားကြောင်း သိရသည်။

၎င်း တောင်းဆိုချက်များကို တရုတ်နိုင်ငံ ရွှေလီမြို့၌ ကျင်းပခဲ့သည့် တရုတ်-မြန်မာ နှစ်နိုင်ငံ စီးပွားကုန်သွယ်မှု ပူးပေါင်းဆောင်ရွက်ရေး အစည်း အဝေး၌ မြန်မာလုပ်ငန်းရှင်များဘက်မှ တောင်းဆိုခဲ့ခြင်းဖြစ်သည်။

မြန်မာ့လယ်ယာထွက်ကုန်ပစ္စည်းများကို တရုတ်နိုင်ငံသို့ တရားဝင်တင်သွင်းခွင့် မရရှိသည့် အတွက် မှောင်ခိုဈေးကွက် မှာ ဖြစ်ပေါ်လာပြီး မြန်မာ တောင်သူများအတွက် နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ရကြောင်း မြန်မာကုန်သည်တစ်ဦးက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ ဘိန်းအစားထိုး ပြောင်းသီးနှံတင်ပို့မှုမှာ တစ်နှစ်လျှင် ပြောင်းတန်ချိန် လေးသိန်းမှ ငါးသိန်းအထိတင်ပို့နိုင်ခဲ့ပြီး တရုတ်-မြန်မာ နယ်စပ်မှောင်ခိုဈေးကွက်မှာလည်း တစ်နေ့ထက်တစ်နေ့ပို၍ ကြီးမားလာခဲ့ရကြောင်း သိရသည်။

ထို့ပြင် မူဆယ်၊ နန့်ခမ်း ကုန်သည်များနှင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ်ရှိ ကုန်သည်များမှာ အာဆီယံစံချိန်စံညွှန်းဖြင့် ကုန်ကားများ ကုန်တင် ဆောင်ရန် သတ်မှတ်ထားမှုကို ပြည်လည်ဖြေလျှော့ပေးရန် တရုတ်အာဏာပိုင်များထံသို့ တောင်းဆိုထားကြောင်း သိရသည်။

၎င်း တောင်းဆိုချက်များကို မူဆယ်မြို့၌ ပြုလုပ်သော လက်ကားကုန်စည်ဒိုင်များ ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲပြုလုပ်ခဲ့ပြီး ၎င်း ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့် ကုန်သည်များမှ တရုတ်-မြန်မာနှစ်နိုင်ငံ ကုန်သွယ်မှုများတွင် အာဆီယံစံချိန်စံညွှန်းများကြောင့် တန်ဆာခများ မြင့်တက်လာခြင်း၊ ယာဉ်အစီးရေ ပိုမိုသုံးစွဲရခြင်း၊ လမ်းတံတားကြေး ကောက်ခံသောဂိတ်များတွင် အချိန်ကြန့်ကြာမှုများ ဖြစ်ပေါ်ရခြင်းကြောင့် တရုတ် အာဏာပိုင်များထံသို့ ဖြေလျော့မှုများ ပြုလုပ်ပေးရန် ကုန်သည်များမှ တောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သတင်း...Transparency Myanmar