11 December 2011

ဝန်ကြီးများရုံးနှင့် တရားရုံးချုပ် ပြတိုက်အဖြစ်ပြောင်းလဲရန်တင်ဒါ ပြည်တွင်း၊ ပြည်ပ ကုမ္ပဏီများ လျှောက်ထားနိုင်

ကိုလိုနီခေတ်က ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် အာဇာနည်ခေါင်းဆောင်ကြီးများ လုပ်ကြံခံခဲ့ရသော ယခင်အတွင်းဝန်များရုံးခေါ် ဝန်ကြီးများရုံးနှင့် တရားရုံးချုပ် အဆောက်အအုံတို့ကို ပြတိုက်အဖြစ် အသွင်ပြောင်းလဲရန် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ဖိတ်ခေါ်လိုက်ပြီး ယင်းတင်ဒါကို ပြည်တွင်းကုမ္ပဏီများသာမက ပြည်ပကုမ္ပဏီများပါ လျှောက်ထားနိုင်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ရုံးထံမှ စုံစမ်းသိရှိရသည်။ “စည်းကမ်းချက် အသေးစိတ် သတ်မှတ်ထားတာမျိုး မရှိဘူး။ ပြည်တွင်းကုမ္ပဏီပဲဖြစ်ဖြစ်၊ ပြည်ပကုမ္ပဏီပဲဖြစ်ဖြစ် လျှောက်ထားလို့ရတယ်” ဟု မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြာသည်။

ပြတိုက်အဖြစ် အသွင်ပြောင်းလဲမှု တင်ဒါ အဆိုပြုလွှာများကို ကုမ္ပဏီများက မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်၊ ရုံးအမှတ် ၃၂ ၊ နေပြည်တော်သို့ ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့ထက် နောက်မကျစေဘဲ ပေးပို့လျှောက်ထားရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ တရားဝင်ထုတ်ပြန်ချက်အရ သိရှိရသည်။ အပတ်စဉ်ထုတ် သတင်းဂျာနယ်တစ်စောင်မှ အမှုဆောင် အယ်ဒီတာတစ်ဦးကမူ ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်များ လုပ်ကြံခံခဲ့ရသော ဝန်ကြီးများရုံးကို ပြတိုက်အဖြစ် အသွင်ပြောင်းလဲရန် စီစဉ်မှုအပေါ် ထောက်ခံကြိုဆိုလိုက်ပြီး မှန်ကန်သော လုပ်ဆောင်မှု တစ်ရပ်ပင်ဖြစ်ကြောင်း ပြောကြားသည်။ “အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံခဲ့ရတဲ့နေရာကို ပြတိုက်အဖြစ် အသွင်ပြောင်းတာက အင်မတန်မှ သင့်မြတ်ပါတယ်” ဟု ၎င်းက ဆိုသည်။

သက်တမ်းနှစ် ၁၂၀ ကျော် ရှိနေသည့် ဝန်ကြီးများရုံးကို ဗြိတိသျှ အစိုးရလက်ထက် ၁၈၀၀ ပြည့်နှစ်ကျော်ခန့်တွင် တည်ဆောက်ခဲ့ပြီး တရားရုံးချုပ်ကိုမူ အင်္ဂလိပ် ဗိသုကာပညာရှင် James Ransome က ဒီဇိုင်းရေးဆွဲခဲ့ပြီး ၁၉၀၅ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ကာ ၁၉၁၁ ခုနှစ်တွင် ပြီးစီးခဲ့ကြောင်း၊ အဆိုပါ အဆောက်အအုံ နှစ်ခုစလုံးမှာ နှစ်တစ်ရာရှေးဟောင်း အဆောက်အအုံများ စာရင်းတွင် ထိပ်ဆုံးမှပါဝင်ကြောင်း မြန်မာ Wikipedia တွင် တရားဝင်ဖော်ပြထားသော အချက်အလက်များအရသိရှိရကြောင်း The Voice ဂျာနယ်တွင် ဖော်ပြထားပါသည်။