06 November 2011

မကြာသေးမီမှ လွတ်မြောက်လာသော နိုင်ငံရေးသမား၈ဦးအား အမေရိကန် နိုင်ငံခြားရေးဝန်ကြီးနှင့်အမေရိကန်အထူးကိုယ်စားလှယ် တွေ့ဆုံခဲ့


နိုဝင်ဘာလ ၄ရက်နေ့တွင် အမေရိကန် လက်ထောက် ဒီမိုကရေစီ ၊ လူ့အခွင့်အရေး နှင့် အလုပ်သမား နိုင်ငံခြားရေးဝန်ကြီး မိုက်ကယ်ပိုစနာ နှင့် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်အထူးကိုယ်စားလှယ် ဒဲရက်မစ်ချဲလ် တို့မှ မကြာသေးမီမှ လွတ်မြောက်လာသော နိုင်ငံရေးအကျဉ်းသား ၈ဦးခန့်ကိုခေါ်ပြီး လက်ရှိကျန်ရှိနေသော နိုင်ငံရေးအကျဉ်းသားကျန်းမာရေးအခြေအနေနှင့် အန်အယ်လ်ဒီပါတီ မှတ်ပုံတင်ရေးကိစ္စနှင့်ပတ်သက်ပြီး သဘောထားများကို ပြည်လမ်းရှိ အမေရိကန်သံရုံးတွင် တွေ့ဆုံမေးမြန်း ခဲ့ကြောင်း သွားရောက်တွေ့ဆုံခဲ့သော နိုင်ငံရေးအကျဉ်းသားများ ထံမှ သိရသည်။

“အဓိကမေးတာကတော့ ကျွန်မတို့လွတ်လာပြီ နောက်ကျန်ရှိနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ ကျန်းမာရေးကရော ဘယ်လိုအခက်အခဲရှိလဲဆိုတာပေါ့ ဘာတွေလိုအပ်နေသလဲဆိုတာတွေကို သူတို့မေးတယ်” ဟုခန္တီးထောင်မှ လွတ်မြောက်လာသော မစုစုနွေးက ပြောသည်။

အမေရိကန်မှ အထူးကိုယ်စားလှယ်များမှ တွေ့ဆုံဆွေးနွေးခဲ့သူများမှာ အန်အယ်လ်ဒီအဖွဲ့ချုပ်မှ မစုစုနွေး ၊ မထက်ထက်ဦးဝေ ၊ ရုပ်ရှင်သရုပ်ဆောင် ကိုသူရ(ခေါ်)ဇာဂနာ ၊ ၈၈မျိုးဆက်သစ်ကျောင်းသားအဖွဲ့မှ ကိုကိုကြီး နှင့်အခြားသော နိုင်ငံရေးအကျဉ်းကျခံခဲ့ရသူများလည်း ပါရှိကြောင်းသိရသည်။

အန်အယ်လ်ဒီပါတီအဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ကြားဖြတ်ရွေးကောက်ပွဲဝင်ရန် ပါတီမှတ်ပုံတင်မည်ဆိုပါက လွတ်မြောက်လာသော နိုင်ငံရေးအကျဉ်းသားအနေဖြင့် မည်သို့သော သဘောထားရှိကြောင်းကို အမေရိကန် လက်ထောက် ဒီမိုကရေစီ ၊ လူ့အခွင့်အရေး နှင့် အလုပ်သမား နိုင်ငံခြားရေးဝန်ကြီး မိုက်ကယ်ပိုစနာမှ မေးမြန်းခဲ့ကြောင်းသိရသည်။

“အမေစုဝင်ရင် ကျွန်မတို့လည်း အမေစုရဲ့ လမ်းစဉ်နောက်ကိုဘဲလိုက်မှာ မဲထည့်ဖို့ကလည်း အမေစုဘက်ကဘဲလိုက်မှာပါ ကျွန်မတို့ အန်အယ်လ်ဒီအဖွဲ့ခေါင်းဆောင်ရဲ့ညွှန်ကြားမှုကို ကျွန်မလက်ခံပါတယ်” ဟုမစုစုနွေးမှ ယခုကဲ့သို့ ပြန်လည်ဖြေကြားခဲ့ကြောင်း ပြောပြခဲ့သည်။

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်အထူးကိုယ်စားလှယ် ဒဲရက်မစ်ချဲလ်မှလည်း အကျဉ်းထောင်အသီးသီးတွင် ကျန်ရှိနေသော နိုင်ငံရေးအကျဉ်းသားများ၏ ကျန်းမာရေးလိုအပ်ချက်များကို မေးမြန်းခဲ့ကြောင်းသိရသည်။

“ဒဲရက်မစ်ချဲလ်ကပေါ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ ကျန်းမာရေးမေးတယ် နောက်ထောင်ထဲက ကျန်းမာရေးအခြေအနေကလည်း မကောင်းဘူး အမြန်ဆုံးလွှတ်ပေးစေချင်တယ် နောက် ICRC တွေကိုလည်း ထောင်ထဲက ကျန်းမာရေးအခြေအနေတို့ကို မေးမြန်းဖို့ ထောက်ပံ့ဖို့ လုပ်ပေးစေချင်တယ် ထောင်ထဲမှာက ထောင်ဆရာဝန်တွေဘဲရှိတာ “ဟု မစုစုနွေးမှ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်အထူးကိုယ်စားလှယ် ဒဲရက်မစ်ချဲလ်၏ မေးမြန်းချက်ကို ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။

အမေရိကန်လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မိုက်ကယ်ပိုစနာနှင့် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်အထူးကိုယ်စားလှယ် ဒဲရက်မစ်ချဲလ်တို့သည် နိုင်ငံတော်အစိုးရနှင့် တွေ့ဆုံသော အချိန်တိုင်း ကျန်ရှိနေသော နိုင်ငံရေးအကျဉ်းသား များအား ပြန်လည်လွှတ်ပေးရန်အတွက်ကို အမြဲထည့် သွင်း ဆွေးနွေးဖြစ်ခဲ့ကြောင်း ပြောပြခဲ့သည်။

သတင်းများပြန်လည်ဝေမျှပေးသော မြစ်မခ မီဒီယာ အားကျေးဇူးတင်ရှိပါသည်.။