07 November 2011

မြန်မာအစိုးရ၏ ပြုပြင်ပြောင်းလဲမှုများ ဒေါ်အောင်ဆန်းစုကြည်ကို ဆွဲဆောင်နိုင်ဖွယ်ရှိ

(The National မှ၊ 5 Nov 2011 ရက်စွဲပါ Political reforms could woo Suu Kyi ကို YC မှဘာသာပြန်ဆိုသည်)

နိုင်ငံရေးပါတီများနှင့် ပတ်သက်သော ဥပဒေပြင်ဆင်ချက်တစ်ရပ်ကို မြန်မာသမ္မတဦးသိန်းစိန် လက် မှတ်ရေးထိုးလိုက်ခြင်းသည် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအနေဖြင့် လက်ရှိနိုင်ငံရေးစနစ်ကို လက်သင့်ခံပြီး တရားဝင်ပါတီအဖြစ် ပြန်လည်မှတ်ပုံတင်လာရန် အားပေးအားမြှောက်ပြုသည့် ကြိုးပမ်းချက်တစ်ရပ် ဖြစ်ဟန်ရှိသည်။

အမေရိကန်ပြည်ထောင်စု သံတမန်များက မြန်မာအစိုးရအနေဖြင့် ဒီမိုကရေစီပြုပြင်ပြောင်းလဲမှု များ ရှေ့ဆက်လုပ်ဆောင်သွားနိုင်ရေးအတွက် အားပေးအားမြှောက်ပြုရန် မြန်မာသို့ လာရောက်လည်ပတ်သည့် ခရီးစဉ်များပြီးဆုံးသွားပြီးနောက် သမ္မတဦးသိန်းစိန်က နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပေဒ ပြင်ဆင်မှုကို အတည်ပြု လက်မှတ်ရေးထိုးပေးလိုက်ခြင်း ဖြစ်သည်။

အကယ်၍ NLD သာ တရားဝင်ပါတီအဖြစ် ပြန်လည်မှတ်ပုံတင်မည်ဆိုပါက ယနေ့အချိန်အထိ အစီအစဉ် ရေးဆွဲခြင်း မရှိသေးသော ကြားဖြတ် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်နိုင်မည်ဖြစ်သည်။ သို့သော် NLD အနေဖြင့် နှစ်ပေါင်း ၂၀ ကျော်မျှရရှိခဲ့သည့် အောင်မြင်ကျော်ကြားမှုကို ယင်း ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြင့် စမ်းသပ်ကြည့်ရှုနိုင်မည် ဖြစ်သည်။

မြန်မာအစိုးရအနေဖြင့်လည်း ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီကို နိုင်ငံရေးလောက ထဲသို့ ပြန်လည်ဝင် ရောက်နိုင်အောင် လမ်းဖွင့် ပေးခြင်းကြောင့် ပြည်တွင်းနှင့် ပြည်ပတွင် ကြီးမားသော တရားဝင်ဖြစ်မှုနှင့် အောင်မြင်မှုကို ဖန်တီးနိုင်မည်ဖြစ်သည်။ အကြောင်းမှာ NLD သည် အဆိုပါ ဥပဒေကို မကျေနပ်သောကြောင့် ယမန်နှစ်အတွင်း ကျင်းပခဲ့သည့် ရွေးကောက်ပွဲကို ပါဝင်ယှဉ်ပြိုင်မှုမပြုဘဲ သပိတ်မှောက်ခဲ့သောကြောင့် ဖြစ်သည်။

ဦးသိန်းစိန် လက်မှတ်ရေးထိုးအတည်ပြုပေးလိုက်သည့် ဥပဒေပြင်ဆင်ချက်အရ ဒေါ်အောင်ဆန်းစုကြည်နှင့် NLD အတွက် နိုင်ငံရေး ပါတီအဖြစ် ပြန်လည်မှတ်ပုံတင်နိုင်မည်ဖြစ်သလို ရွေးကောက်ပွဲများတွင်လည်း ပါဝင်ယှဉ်ပြိုင်ခွင့်ရမည် ဖြစ်သည်။ မူလက ယင်းဥပဒေကို ယခင် စစ်အစိုးရက ရေးဆွဲ ခဲ့ခြင်းဖြစ်ပြီး ဥပဒေအရ ဖမ်းဆီးအကျဉ်းကျ ခံထားရသူများအနေဖြင့် မှတ်ပုံတင်ထားသော နိုင်ငံရေးပါတီတွင် ပါတီဝင်ဖြစ်ခွင့် မရှိပေ။ သို့အတွက်ကြောင့် အကယ်၍ NLD သာ နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံးအဖြစ်ကျင်းပသည့် ၂၀၁၀ ပြည့်နှစ်၊ နိုဝင်ဘာ ၇ ရက်ရွေးကောက်ပွဲသို့ ပါဝင်ယှဉ်ပြိုင်မည် ဆိုပါက ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ပါတီမှ နုတ်ထွက်ပေးရမည် ဖြစ်သည်။