09 November 2011

မြန်မာနိုင်ငံဆိုင်ရာ ဥရောပ သမဂ္ဂ သံအမတ်ကြီးနှင့် အင်တာဗျူး


ရန်ကုန်မြို့ Chatrium ဟိုတယ်တွင် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနနှင့် ဥရောပသမဂ္ဂတို့ ကျင်းပပြုလုပ်သော ဘဏ္ဍာရေးနှင့် ငွေရေးကြေးရေး ပြုပြင်ပြောင်းလဲမှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်လာသော မြန်မာနိုင်ငံဆိုင်ရာ ဥရောပ သမဂ္ဂ သံအမတ်ကြီးနှင့် The Messenger ဂျာနယ်မှ သီးသန့်တွေ့ဆုံမေးမြန်းထားသည်များကို ဖော်ပြလိုက်ပါသည်။

EU ကော်မရှင်အနေနဲ့ မြန်မာနိုင်ငံကိုလာခဲ့တဲ့ ခရီးစဉ်တွေတိုင်းမှာ ထင်သာမြင်သာရှိတဲ့ တိုးတက်ပြောင်းလဲမှုတွေကို မြန်မာအစိုးရဆီက ရခဲ့ပါသလား။

ဒါပေါ့ ရခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် လွတ်လာတာတစ်နှစ်တောင်ပြည့်ပြီ။ နောက်ပြီး ရွေးကောက် ပွဲ ဥပဒေကို ပြင်ဆင်ခဲ့တဲ့အပေါ် သမ္မတက လက်မှတ်ရေးထိုးခဲ့တယ်။ ကချင်ပြည်နယ် မြစ်ဆုံကိစ္စလည်းပါပါတယ်။ အခု ခင်ဗျားတို့ ကျွန်တော့်ကို ၀ိုင်းပြီးသတင်းမေးနိုင်တယ်၊ ဒါက ပြောင်းလဲတယ်ဆိုတာကို ပြတာပါ။ အစိုးရက အပြောင်းအလဲလုပ်တိုင်း ကျွန်တော်တို့ဘက်က ပြောင်းလဲမှာပါ။

မြန်မာနိုင်ငံမှာရှိတဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးခဲ့ရင် EU က Sanction ကို ချက်ချင်းပယ်ဖျက်ပေးမယ် လို့ ပြောခဲ့ဖူးပါတယ်။ တကယ်လို့ မြန်မာအစိုးရက နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးခဲ့ရင် EU အနေနဲ့ Sanction ကို ချက်ချင်းရုပ်သိမ်းပေးမှာလား သိချင်ပါတယ်။

ဟုတ်ကဲ့ ပြောခဲ့ဖူးပါတယ်။ တကယ်လို့ နိုင်ငံရေးအကျဉ်းသား အားလုံးလွှတ်ပေးခဲ့ရင် ကျွန်တော်တို့ Sanction ကိစ္စကို review ပြန်လုပ်မှာပါ။ ချက်ချင်းတော့ မရုပ်သိမ်းပါဘူး။ EU မှာ မြန်မာနဲ့ပတ်သက်ပြီးတော့ ပေါ်လစီ သုံးခုရှိပါတယ်။ (၁) ညှိနှိုင်းဆွေးနွေးခြင်း၊ (၂) ပြန်လည်စဉ်းစားခြင်း၊ (၃) ပိတ်ဆို့အရေးယူခြင်းတို့ ဖြစ်ပါတယ်။

မနေ့က ဒေါ်အောင်ဆန်းစုကြည်နဲ့ သံအမက်ကြီး တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ ဘယ်အကြောင်းအရာ ကို အဓိကဆွေးနွေးခဲ့ပါသလဲ။

ကျွန်တော် ဒါကို အခုအချိန် မပြောချင်သေးပါဘူး။ သူမကိုယ်တိုင် ပြောတာပဲ ကောင်းပါတယ်။

မြန်မာနိုင်ငံရဲ့ ဘဏ်လုပ်ငန်းနဲ့ ငွေရေးကြေးရေးကဏ္ဍ ပြုပြင်ပြောင်းလဲမှုတွေအပေါ် မှတ်ချက်ပေးစရာများ ရှိပါသ လား။

မြန်မာနိုင်ငံ လူဦးရေရဲ့ ၇၀ ရာခိုင်နှုန်းက ကျေးလက်မှာပါ။ ကျေးလက်ဒေသအများစုကလည်း ဆင်းရဲ ကြပါတယ်။ ဒါတွေကို အဓိကဖြေရှင်းဖို့အတွက် ငွေရေးကြေးရေးကဏ္ဍကို အရင်ပြုပြင်ရမှာပါ။ ဒါကြောင့် ဒီပွဲကို ကူညီရတာပါ။ ကျွန်တော်တို့ ကဏ္ဍတိုင်းကို ပြောင်းလဲစေချင်ပါတယ်။ ဒီ ငွေရေးကြေးရေးကဏ္ဍမှ မဟုတ်ပါဘူး။ အဓိက ကတော့ ပွင့်လင်းမြင်သာမှုတွေကို နေရာတိုင်းမှာ ရှိစေချင်ပါတယ်။