12 November 2011

ကုလသမဂ္ဂအဖွဲ့ကြီး၏ အထွေထွေအတွင်းရေးမှူးချုပ်အဖြစ် ဦးသန့် ကျမ်းသစ္စာဆိုခဲ့သည့်နေ့မှ နှစ် ၅၀ ပြည့်မြောက်ခဲ့ပြီ


ကမ္ဘာမှာ မြန်မာဟေ့လို့ ဂုဏ်တင်ခဲ့သူ၊ မြန်မာတစ်ဦးအဖြစ် ကမ္ဘာ့ရေးရာ အထွေထွေကိစ္စတွေမှာ အဓိကနေရာက တာဝန်ထမ်းဆောင်ခဲ့သူ တတိယမြောက် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှုးချုပ် ဦးသန့်၊ အမေရိကန်ပြည်ထောင်စု နယူးယော့ခ်မြို့ ကုလသမဂ္ဂ ဗဟိုဌာန ချုပ်ကြီးမှာ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်အဖြစ် တာဝန် ထမ်းဆောင်ဖို့ ကျမ်းသစ္စာဆိုခဲ့တဲ့နေ့ဟာ နိုဝင်ဘာလ ၃ ရက်နေ့က နှစ် ၅၀ ပြည့်မြောက်ခဲ့ပါပြီ။

ဦးသန့်ရဲ့ ကြီးမားသောဂုဏ်ကျေးဇူးတွေကို အသိအမှတ်ပြု အောက်မေ့ သတိရခြင်းအားဖြင့် ယခုနှစ်မှာ ဦးသန့်ရဲ့ ကျမ်းသစ္စာကျိန်ဆိုခြင်း နှစ် ၅၀ ပြည့် အထိမ်းအမှတ် အခမ်းအနားကို ရန်ကုန် ဆီဒိုးနားဟိုတယ်မှာ ကျင်းပခဲ့ရာ ကုလသမဂ္ဂ ဌာနေကိုယ်စားလှယ်များ၊ နိုင်ငံတော် သမ္မတ အကြံပေးပုဂ္ဂိုလ်များ အပါအ၀င် ဌာနဆိုင်ရာအကြီးအကဲများ စုံလင်စွာ တက်ရောက်ခဲ့ကြပါတယ်။

ကျူးဘား ဒုံးပျံ အကျပ်အတည်းကိစ္စမှာ အမေရိကန်သမ္မတ ကနေဒီနဲ့ ဆိုဗီယက် ယူနီယံ ၀န်ကြီးချုပ် ခရူးရှပ်ဖ်တို့ ကြားမှာ အချက်အချာကျတဲ့နေရာကနေပြီး ကူညီဖြေရှင်းပေးခဲ့တဲ့အတွက် ကမ္ဘာအနှံ့ နျူကလီးယားစစ်ပွဲကြီး ကို ရှောင်ရှားနိုင်ခဲ့ခြင်းမှာ ဦးသန့်ရဲ့ စွမ်းဆောင်နိုင်မှုများထဲက တစ်ခုပါ။ ဒါကို အသိအမှတ်ပြုတဲ့အနေနဲ့ အမေရိကန်သမ္မတ ကနေဒီက "ဒီကမ္ဘာကြီးဟာ ဦးသန့်အပေါ်မှာ ကျေးဇူး အကြွေးတင်နေတယ်"လို့ ပြောခဲ့ကြောင်း ဦးသန့်ရဲ့မြေးဖြစ်သူ သမိုင်းပညာရှင် ဦးသန့်မြင့်ဦးက နှစ် ၅၀ ပြည့် ဂုဏ်ပြု အခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။

မြန်မာသာမက အာရှမှလည်း ပထမဆုံး အထွေထွေအတွင်းရေးမှူးချုပ်ဖြစ်ခဲ့သူ ဦးသန့်ဟာ ကမ္ဘာ့တက္ကသိုလ်ကြီးများက ချီးမြှင့်တဲ့ ဂုဏ်ထူးဆောင်ဘွဲ့ ၃၀ ကျော်ကို ရရှိခဲ့ပြီး အထွေထွေအတွင်းရေး မှူးချုပ်ရာထူး တာဝန်စတင်ယူချိန် ၁၉၆၁ ခုနှစ်ကစ ၁၉၇၁ ခုနှစ် အထိ ၁၀ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ချိန်အတွင်း ကမ္ဘာ တစ်ဝန်း ပြဿနာအရပ်ရပ်ကို အောင် မြင်စွာ ဖြေရှင်းနိုင်ခဲ့ပါတယ်။

ယနေ့အချိန်အထိ စွမ်းအားကြီးမား တဲ့ ဒီအထွေထွေအတွင်းရေးမှူးချုပ် ရာထူးနဲ့ပတ်သက်ပြီး ဦးသန့်ကိုယ်တိုင်က "ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်သည် အာရှ၊ အာဖရိက၊ လက်တင်အမေရိကန်၊ သို့မဟုတ် ဥရောပလူမျိုးများဖြစ်ရမည်ဟု ကျွန်တော် မယုံကြည်ပါ။ ကျွန်တော်ယုံကြည်သည်မှာ ခေါင်းဆောင် တစ်ယောက်မှာ ရှိရမည့် သမာဓိရှိခြင်း၊ အရည်အချင်းပြည့်ဝခြင်း၊ ကျွမ်းကျင် လိမ္မာမှုရှိခြင်း၊ အမြော်အမြင်ကြီးခြင်း၊ တစ်ကမ္ဘာလုံးအရေးကို ကိုင်တွယ်ဆောင်ရွက်တတ်ခြင်း၊ အဖွဲ့ အစည်း ငြိမ်းချမ်းရေး၊ တရား မျှတမှုနှင့် တိုးတက်ရေးတို့တွင် စွမ်းစွမ်းတမံ လုပ်ကိုင်နိုင်မည့် စစ်မှန်သည့်ဆန္ဒရှိခြင်းတို့ နှင့် ပြည့်စုံရမည်"လို့ ဆိုခဲ့ပါတယ်။

၂၀၀၉ ခုနှစ်မှာ ကျရောက်ခဲ့တဲ့ ဦးသန့် နှစ် ၁၀၀ ပြည့် မွေးနေ့အထိမ်း အမှတ်အဖြစ် လက်ရှိကုလသမဂ္ဂ အထွေထွေ အတွင်းရေး မှူးချုပ် ဘန်ကီမွန်းကလည်း "ဦးသန့်ဟာ ကုလသမဂ္ဂ ဒုတိယ အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ဒက်ဟမ္မားရှိုး ရုတ်တရက် ကွယ်လွန် သွားပြီးနောက် ၁၉၆၁ ကစပြီး အဖွဲ့ အစည်းကြီးကို ပဲ့ကိုင်လမ်းညွှန်ပေးခဲ့တယ်"လို့ ပြောခဲ့ပါတယ်။

ဒါ့ပြင် ဦးသန့်ဟာ တကယ့် လူ့ဘောင် အဖွဲ့အစည်းဆိုတဲ့အမြင်မျိုး၊ လူတစ်ဦးချင်းကြားမှာ နားလည်မှုတွေနဲ့ တစ်ခုတည်းသော ကမ္ဘာဆိုတဲ့ စိတ်ဓာတ်မျိုး ဖြစ်လာအောင် လုပ်ဖို့လိုတယ်ဆိုတဲ့ ကိစ္စကို ဇောင်းပေးပြောခဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်လို့လည်း မစ္စတာဘန်ကီမွန်း က ပြောခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က "မြန်မာနိုင်ငံကနေပြီးတော့ ပထမဆုံး အာရှမှ အတွင်းရေးမှူးချုပ်ထွက်ခဲ့တဲ့အတွက် ကျွန်မတို့အားလုံး ဂုဏ်ယူတာပေါ့။ ဒါ မြန်မာနိုင်ငံအတွက်ရော၊ အာရှအတွက်ပါ ဂုဏ်ယူစရာတစ်ခု ဖြစ်ပါတယ်"လို့ ဂုဏ်ပြုစကားဆိုခဲ့ပါတယ်။

ဦးသန့်မြင့်ဦးက အဘိုးဖြစ်သူရဲ့ အောင်မြင်မှုတွေကို မမေ့လျော့ကြဖို့ အရေးကြီးကြောင်းလည်း တိုက်တွန်းလိုက်ပါတယ်။ ဒီအချက်ကို နိုင်ငံတော်သမ္မတ အကြံပေး ဦးကိုကိုလှိုင်က "သွားလေသူ ကြာသွားတော့ သတိရမှုနည်းလာတာပေါ့။သို့သော်ငြားလည်း အခု နောက်ပိုင်းမှာ ဦးသန့်ရဲ့စာတွေ ပြန်ထုတ်တာတွေရှိတယ်။ ဦးသန့်ရဲ့အကြောင်းတွေ ပြန်ရေးလာတာတွေရှိတယ်။ ဦးသန့်နဲ့ ပတ်သက် တာတွေ ပြန်လုပ်လာကြတယ်။ အင်မတန်ကောင်းတဲ့ အစီအစဉ်တွေ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ဂုဏ်ယူနိုင်မယ့် အားမာန်မျိုးတွေ မွေးထုတ်လာနိုင်မယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်"လို့ ပြောကြားပါတယ်။

လူ့အခွင့်အရေး သံတမန် မစ္စတာ တိုမာစ်အိုဂျေကင်တားနားကလည်း "မြန်မာနိုင်ငံ၏ သားကောင်းတစ်ဦး ဖြစ်၍ ကမ္ဘာ့ငြိမ်းချမ်းရေး၊ ဒီမိုကရေစီ၊ လူ့အခွင့်အရေးကိစ္စများတွင် နှစ်မြှုပ်ပြီး လုပ်ခဲ့သော ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဦးသန့် သည် မြန်မာ လူမျိုးတို့အတွက် သမိုင်းမှာ အားတက်စေသည်"လို့လည်း မြန်မာတိုင်း(မ်)ကို အီးမေးလ်ကတစ်ဆင့် ချီးကျူး စကားပြောခဲ့ပါတယ်။

၁၉၀၉ ခုနှစ်၊ ဇန်န၀ါရီလ ၂၂ ရက်နေ့ မှာ ဦးသန့်ကို ပန်းတနော်မြို့မှာ မွေးဖွားခဲ့ပါတယ်။ ၁၉၂၆ ခုနှစ်မှာ ပန်းတနော် အမျိုးသား အထက်တန်းကျောင်းမှ ဆယ်တန်းစာမေးပွဲအောင်ပြီး ရန်ကုန်တက္ကသိုလ်သို့ ဆက်လက်တက်ရောက်ခဲ့ပြီး ပညာရပ်များကို ဆည်းပူး လေ့လာ ခဲ့ပါတယ်။

ဦးသန့်ဟာ ၁၉၄၇ ခုနှစ်မှာ Press Director of Burma အဖြစ် ခန့်ထားခံရပြီး ၁၉၄၈ မှာ Director of Broad- casting ၊ နောက်နှစ်မှာ ပြန်ကြားရေး ၀န်ကြီးဌာနမှာ Secretary of Government of Burma အဖြစ် ဆက်လက် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

၁၉၅၃ ခုနှစ် ၀န်ကြီးချုပ်ရုံးမှာ စီမံကိန်းများဆိုင်ရာ အတွင်းရေးမှူး တာဝန်ကို ထမ်းဆောင်ခဲ့ပြီး ၁၉၅၅ ခုနှစ်မှာ BurmaEconomic and Social Board ရဲ့ Executive Secretary တာဝန်ကို ထပ်မံပေးအပ်ခြင်းခံရပါတယ်။

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်တာဝန် မထမ်းရွက်မီကပင် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အမြဲတမ်း ဌာနေကိုယ်စားလှယ် အဖြစ် သံတမန် ရာထူးကို ၁၉၅၇ ခုနှစ်မှ ၁၉၆၁ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

ရေးသားသူ...မေစန္ဒီ