09 November 2011

ပခုက္ကူရေဘေးသင့်ပြည်သူများအား ကူညီထောက်ပံ့ပေးရန်အတွက် ပန်းချီဆရာများစုပေါင်း၍ ပန်းချီပြပွဲပြုလုပ်ရောင်းချသွားမည်

ပခုက္ကူရေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးရန်အတွက် ရန်ကုန်မြို့ ပန်းဆိုးတန်းရှိ လောကနတ် ဂယ်လာရီတွင် ပန်းချီဆရာများစုပေါင်း၍ ပန်းချီပြပွဲတစ်ရပ်ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ပန်းချီပြပွဲအား လှိုင်းမဲ့ရေပြင် ပန်းချီပြပွဲဟု အမည်ပေးထားပြီး ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ (၂) ရက်နေ့မှ (၄) ရက်နေ့ထိပြသသွားမည်ဖြစ်ကြောင်းသိရှိရသည်။

`ပန်ချီကားရောင်းရတဲ့ငွေတွေကို ပခုက္ကူရော၊ ဆိပ်ဖြူမှာရော ရှိတဲ့ရေဘေးသင့်ပြည်သူတွေအတွက် အကုန်လှူဒါန်းသွားမှာပါ။ တစ်ချို့တွေကိုကြတော့ ရောင်းရငွေရဲ့ ၇၀% ကို လှူဒါန်းမှာဖြစ်ပြီး ကျန်တဲ့ ၃၀% ကိုတော့ ရေးဆွဲတဲ့ပန်းချီဆရာတွေကို ပြန်ပေးသွားမှာပါ ´ ဟု အဆိုပါပန်းချီပြပွဲအားစီစဉ်သူ ပန်းချီဆရာ ကိုလှထွဏ်းအောင်ကပြောသည်။

ရေးဆွဲရမည့်ပန်းချီကားအမျိုးအစားများအား သတ်မှတ်ထားခြင်းမရှိပဲ မိမိနှစ်သက်ရာ လွတ်လပ်စွာရေးဆွဲ၍ ပါဝင်ပြသနိုင်ကြောင်း ကိုလှထွဏ်းအောင်ကပြောသည်။

`ဒီပန်းချီပြပွဲမှာ ဘာပုံမှရမှာတို့ဘာတို့မရှိပါဘူး။ ကိုယ်ကြိုက်နှစ်သက်ရာရေးဆွဲပြီး လှူဒါန်းနိုင်ပါတယ်´ ဟု အဆိုပါပန်းချီပြပွဲတွင် ပါဝင်ပြသမည့် ပန်းချီဆရာ ကိုကျော်ဖြူစံကပြောသည်။

အဆိုပါပန်းချီပြပွဲတွင် ပန်းချီဆရာ ၅၀ ကျော်၏ ပန်းချီကားပေါင်း ၁၀၀ ကျော်ပါဝင်ပြသမည်ဖြစ်ပြီး ပန်းချီကားရောင်းရငွေအများစုအား ရေဘေးသင့်၍ ဒုက္ခရောက်နေသူများထံ တိုက်ရိုက် လှူဒါန်းသွားမည် ဖြစ်ကြောင်း သိရသည်။

ထိုပန်းချီပြပွဲပြီးပါက မန္တလေးမြို့တွင်လည်း ပန်းချီကားများ သွားရောက်ပြသနိုင်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

သတင်းများ ပြန်လည်ဝေမျှပေးသော မြစ်မခမီဒီယာအားကျေးဇူးတင်ရှိပါသည်.။