11 November 2011

နိုဝင်ဘာလအတွင်း ဥရောပသမဂ္ဂဝန်ကြီးတစ်ဦး မြန်မာသို့ လာရောက်မည်

၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်နေ့တွင် မြန်မာနိုင်ငံအား စီးပွားရေးပိတ်ဆို့ အရေးယူမှုပြုခဲ့သည့် ဥရောပသမဂ္ဂ (အီးယူ) အဖွဲ့ဝင်နိုင်ငံများမှ အဆင့်မြင့်ဝန်ကြီးတစ်ဦး မြန်မာနိုင်ငံသို့ လာရောက်မည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံသို့ လာရောက်မည့် ဥရောပသမဂ္ဂအဆင့်မြင့် ဝန်ကြီးမှာ ဗြိတိန်နိုင်ငံ နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေး ဌာန(DFID) မှ အတွင်းဝန် အယ်(န်)ခြူးမစ်ချယ်(လ်) ဆိုသူဖြစ်ပြီး ၎င်း၏မြန်မာနိုင်ငံခရီးစဉ်သည် ပထမဆုံးအကြိမ်ဖြစ်ကြောင်း မြန်မာနိုင်ငံအခြေစိုက် ဗြိတိသျှသံရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

ဥရောပသမဂ္ဂအဆင့်မြင့်ဝန်ကြီးဖြစ်သူ အယ်(န်)ဒြူးမစ်ချယ်(လ်)၏ မြန်မာနိုင်ငံခရီးစဉ်သည် နိုဝင်ဘာလ ၁၅ ရက်နေ့မျ ၁၇ ရက်နေ့ထိတိုင် သုံးရက်ကြာမြင့်မည်ဖြစ်ပြီး မြန်မာနိုင်ငံသားများအတွက် ဗြိတိန်နိုင်ငံ၏ ထောက်ပံ့မှု အစီအစဉ်ကို လေ့လာသုံးသပ်ရန် အဓိက ရည်ရွယ်၍ လာရောက် ခြင်းဖြစ်ကြောင်း သိရသည်။

၎င်း ခရီးစဉ်အတွင်း မြန်မာနိုင်ငံရှိ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် နေပြည်တော်ရှိ အစိုးရအဖွဲ့ဝင် အဆင့်မြင့် မြန်မာဝန်ကြီးများ အပြင် အခြားတာဝန်ရှိသူများနှင့် တွေ့ဆုံရန် စီစဉ်ထားကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် လက်ရှိ လုပ်ကိုင်ဆောင်ရွက်လျက်ရှိသည့် မန္တလေးနှင့် မန္တလေးအနီးတစ်ဝိုက်ရှိ စီမံကိန်းများကို မြန်မာနိုင်ငံသို့ လာရောက် သည့် အယ်(န်)ဒြူးမစ်ချယ်(လ်)မှ သွားရောက်လေ့လာမည်ဖြစ်ပြီး ၎င်းနှင့်အတူ ပြင်ပမီဒီယာများ ဖြစ်သည့် ဒေးလီးတယ်ရီဂရပ် သတင်းစာနှင့် ဘီဘီစီတို့မှ သတင်းထောက် တစ်ဦးစီ လိုက်ပါလာမည်ဖြစ်ကြောင်း သိရသည်။

ဗြိတိန်နိုင်ငံ နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေးဌာန(DFID) သည် ကမ္ဘာ့ဆင်းရဲနွမ်းပါးမှုအား ဆန့်ကျင်တိုက်ဖျက်ရာတွင် ဦးဆောင်ပါဝင်ခဲ့ပြီး မြန်မာနိုင်ငံအား လာမည့် လေးနှစ်တာကာလအတွင်း အမေရိကန် ဒေါ်လာသန်းသုံးရာခန့် ကူညီထောက်ပံ့ငွေများ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။ထိုသတင်းအား နိုဝင်ဘာလအတွင်း ဥရောပသမဂ္ဂဝန်ကြီးတစ်ဦး မြန်မာသို့ လာရောက်မည်ဖြစ်ကြောင်း 7 Day News Journal တွင်ဖော်ပြထားပါသည်။