04 July 2010

ရန်ကုန်လေဆိပ်၏ လေဆိပ်ဝန်ဆောင်မှု လုပ်ငန်းများအား Pioneer Aerodrome Services ကုမ္ပဏီသို့ နအဖ စစ်အစိုးရ နှစ် ၃၀ ငှားရမ်းသည့် စနစ်ဖြင့် လုပ်ကိုင်ခွင့်ပေး

ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် အတွင်းပိုင်းတစ်နေရာကို မြင်တွေ့ရစဉ်

ရန်ကုန်လေဆိပ်၏ လေဆိပ် ၀န်ဆောင်မှုလုပ်ငန်းများကို Pioneer Aerodrome Services ပုဂ္ဂလိက ကုမ္ပဏီသို့ နှစ် ၃၀ ငှားရမ်းသည့်စနစ်ဖြင့် လုပ်ကိုင်ခွင့်ပြုလိုက်ပြီ ဖြစ်ကြောင်းနှင့် လက်ရှိတွင် ပြည်တွင်း ခရီးစဉ်၌ အသုံးပြုနေသည့် ယခင် လေဆိပ်အဟောင်းကိုလည်း အသစ် ပြန်လည် တည်ဆောက်သွားရန်ရှိကြောင်း ရန်ကုန်အပြည်ပြည်ဆိုင် ရာလေဆိပ် တာဝန်ရှိသူတစ်ဦးထံမှ သတင်းရရှိပါသည်။


ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၏ လေဆိပ်ဝန်ဆောင်မှု လုပ်ငန်း၊ လေကြောင်းလိုင်းလုပ်ငန်း၊ မြေပြင်ဝန်ဆောင်မှုလုပ်ငန်း စသည်ဖြင့် ရှိနေရာတွင် လေဆိပ် ၀န်ဆောင်မှုလုပ်ငန်းကို ၂၀၁၀ ပြည့်နှစ် ဇွန်လအတွင်းက Pioneer Aerodrome Services ကုမ္ပဏီသို့ နှစ် ၃၀ ငှားရမ်းလုပ်ကိုင်ခွင့်ပြုသည့် စနစ်ဖြင့် လွှဲပြောင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။ လွှဲပြောင်းလုပ်ကိုင်ရာ တွင် လက်ရှိလေဆိပ်ဝန်ထမ်း ၅၀ ရာခိုင်နှုန်းနှင့် ကုမ္ပဏီမှ ကျွမ်းကျင်သူအချို့ ပူးပေါင်းဆောင်ရွက်လျက် ရှိသည်ဟု သိရသည်။ လေဆိပ်ကြီး တစ်ခုလုံး၏ ကွပ်ကဲမှုအနေဖြင့်မူ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ ဆက်လက် တာဝန်ယူကြောင်း သိရသည်။


ပုဂ္ဂလိကသို့ လေဆိပ်ဝန်ဆောင်မှုလုပ်ငန်းအား လွှဲပြောင်းလုပ်ကိုင်ခွင့် ပြုသည်ဆိုရာ၌ လေဆိပ်အတွင်းရှိ ရုံးခန်း၊ ဆိုင်ခန်းများ ငှားရမ်းခြင်း၊ လေဆိပ်ကို ပြုပြင်ထိန်းသိမ်းခြင်း၊ လေဆိပ်၏သန့်ရှင်းရေး၊ ရေ၊ မီး ရရှိရေး စသည်ဖြင့် ပါဝင်ကြောင်း ...


''လေဆိပ်ကြီးရဲ့ ၀န်ဆောင်မှု ပေးတဲ့လုပ်ငန်းအပိုင်းကိုပဲ ပုဂ္ဂလိကကို လုပ်ကိုင်ခွင့်ပြုတာပါ။ ကျန်တာတွေကိုတော့ အရင်အတိုင်း ထားရှိသွားမှာ ဖြစ်ပါတယ်''ဟု ရန်ကုန် လေဆိပ်မှ တာဝန်ရှိသူကပြောသည်။


ပုဂ္ဂလိကသို့ လေဆိပ်ဝန်ဆောင်မှုလုပ်ငန်းအား လွှဲပြောင်းလုပ်ကိုင်ခွင့် ပြုသည်ဆိုရာ၌ လေဆိပ်အတွင်းရှိ ရုံးခန်း၊ ဆိုင်ခန်းများ ငှားရမ်းခြင်း၊ လေဆိပ်ကို ပြုပြင်ထိန်းသိမ်းခြင်း၊ လေဆိပ်၏သန့်ရှင်းရေး၊ ရေ၊ မီး ရရှိရေး စသည်ဖြင့် ပါဝင်ကြောင်း သိရသည်။ ပုဂ္ဂလိကသို့ လွှဲပြောင်းပေးမှုကြောင့် လေဆိပ်နှင့်ပတ်သက်သည့် ၀န်ဆောင်မှုများ ပိုမိုကောင်းမွန်လာမည် ဖြစ်ကြောင်းလည်း ရန်ကုန်လေဆိပ်မှ တာဝန်ရှိသူက ဆိုသည်။

''service ပိုင်း ပိုမြန်မယ်။ ပိုကောင်းနိုင်မယ်။ စက်ပစ္စည်းချွတ်ယွင်းမှုရှိရင်၊ တွေ့ရင်လည်း အသေးစားပြင်ဆင်မှုကနေ အကြီးစားပြင်ဆင်မှုအထိကို မြန်မြန်ဆန်ဆန်လုပ် နိုင်မယ်။ လေဆိပ်မှာသုံးတဲ့ အပို ပစ္စည်းတွေက အများအားဖြင့် နိုင်ငံခြားငွေနဲ့ ၀ယ်ရတော့ အရင်ကတစ်ခုခုဖြစ်ရင် အဆင့်ဆင့် တင်ပြရမှုတွေ ရှိတယ်''ဟု ၄င်းက ဆိုသည်။


လေဆိပ်အသိုင်းအ၀ိုင်းမှ တာဝန်ရှိသူတစ်ဦးကလည်း ''လေဆိပ် ၀န်ဆောင်မှုပိုင်းက အရမ်းကျယ်ပြန့်ပါတယ်။ ပုဂ္ဂလိကကို လွှဲတော့ အခုထက်ကောင်းတဲ့ ၀န်ဆောင်မှုမျိုး ရဖို့ မျှော်လင့်နိုင်တယ်။ ဥပမာ လေဆိပ်မှာ အဲယားကွန်းပျက်လို့ နိုင်ငံခြားငွေ ထုတ်သုံးဝယ်ရမယ်ဆိုရင် အစိုးရပိုင်းက အဆင့်ဆင့် တင်ပြရတယ်။ ဒီတော့တင်ပြမှု ပြန်မကျမချင်း အဲယားကွန်း မရနိုင်ဘူးပေါ့။ ပုဂ္ဂလိက ဆိုရင်တော့ ပိုက်ဆံသုံးနိုင်တယ်။ လိုအပ်တာတွေကို ချက်ချင်းပြင်ဆင် ပေးနိုင်မယ်လေ။ ပြီးတော့ အပြည်ပြည်ဆိုင်ရာ လေဆိပ်တစ်ခုမှာ လိုအပ်နေတဲ့ အရာတွေကိုလည်း ထပ်လုပ်တန်လုပ်၊ ထပ်ချဲ့တန်ချဲ့ ကိုယ့် အကျိုးအမြတ်ကျန်အောင် လုပ်သွားမှာပဲ''ဟု သုံးသပ်ခဲ့သည်။


ထိုသို့ လေဆိပ်ဝန်ဆောင်မှုကို ပိုမိုတိုးတက်ကောင်းမွန်ရန် ဆောင်ရွက်သွားမည် ဖြစ်သကဲ့သို့ လက်ရှိ ပြည်တွင်း ခရီးစဉ်များတွင် အသုံးပြုနေသော ယခင်ရန်ကုန်လေဆိပ်အဟောင်းကိုလည်း အသစ်ပြန်လည် တည်ဆောက်သွားရန်ရှိကြောင်း သိရသည်။


''အခုပြည်တွင်းခရီးစဉ် ထွက်ခွာ၊ ဆိုက်ရောက် အတွက် သုံးနေတဲ့ အရင်လေဆိပ် အဟောင်းနေရာမှာ ခေတ်မီတဲ့ အဆောက်အဦတစ်ခု ဆောက်သွားမှာပါ။ ဘယ်လိုပုံစံ၊ ဒီဇိုင်းဆိုတာတော့ အတိအကျ ထွက်မလာသေးပေမယ့် အခုနှစ်အတွင်းမှာတော့ ဆောက်ဖြစ်နိုင်မယ်လို့ သိရတယ်''ဟု ရန်ကုန်လေဆိပ်မှ တာဝန်ရှိသူက ထပ်မံပြောပြသည်။


''နိုင်ငံတကာကိုသွားဖို့ သုံးတဲ့ ရန်ကုန်လေဆိပ်ကတော့ အဆင်ပြေပါတယ်။ ဒါတောင် တခြားနိုင်ငံက လေဆိပ်တွေနဲ့ ယှဉ်ရင် စားသောက်ဆိုင်၊ ယာဉ်ရပ်နားဖို့၊ နားနေဆောင် စသဖြင့် လိုအပ်တာတွေ ရှိသေးတယ်။ အပြည်ပြည်ဆိုင်ရာ လေဆိပ်တစ်ခု ဆိုတာ နိုင်ငံတကာကို သွားလာမယ့်သူနဲ့ ပြည်တွင်းခရီးစဉ်တွေသွားမယ့် ခရီးသည်တွေအတွက်ပါ အဆင်ပြေပြေနဲ့ သက်သောင့်သက်သာရှိအောင် လုပ်ပေးနိုင်ရမယ်''ဟု ၀ါရင့်လေယာဉ်မှူးကြီး တစ်ဦးက သုံးသပ်ခဲ့သည့် ၄င်း သတင်းကို news-eleven တွင်ဖော်ပြပါရှိပါသည်.။



ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် တည်နေရာ ရန်ကုန်၊ မင်္ဂလာဒုံ

ပင်လယ်ရေမျက်နှာပြင်အထက် ၁၀၉ ပေ

လေဆိပ်စတင်ဖွင့်လှစ်သည့်နှစ် ၁၉၅၇ ခုနစ်

လေဆိပ်သစ်စတင်ဖွင့်လှစ်သည့်နှစ် ၂၀၀၇ ခုနှစ် မေလ ၂၅

လေယာဉ်ပြေးလမ်းအရှည် ၁၁၂၀၀ ပေ

ပြေးလမ်းအကျယ် ၂၀၀ ပေ

ပြေးလမ်းအထူ ၂၇ လက်မ

ပြေးလမ်းအမျိုးအစား ကွန်ကရစ်ပေါ်နိုင်လွန်ကတ္တရာခင်း

ပြေးလမ်းခံနိုင်အား PCN 56

Boarding Bridge ၄ ခု

တစ်နှစ်လျင်ပျမ်းမျှဝင်ထွက်နိုင်သောခရီးသည် ၂ .၇သန်း