09 July 2010

ရန်ကုန်မြို့တွင်း အနှေးယာဉ်ဆိုက်ကားလိုင်စင်များ ထပ်မံထုတ် မပေးတော့ဟုဆို

အနှေးယာဉ်နှင့် ဂါလီများအားလုံး ရန်ကုန်မြို့တွင်း ၆ မြို့နယ်နှင့် သတ်မှတ်ထားသော မြို့နယ်များသို့ ဝင်ရောက်ခွင့် မရှိတော့ဘဲ မှတ်ပုံတင်ခွင့် အသစ်များ ထပ်မံထုတ်ပေးတော့မည် မဟုတ်ကြောင်း သတင်းရရှိသည်။ အနှေးယာဉ်နှင့် ဂါလီများအားလုံး ရန်ကုန်မြို့တွင်း ၆ မြို့နယ်အပြင် အရှေ့ဘက် ဗိုလ်အောင်ကျော်လမ်း၊ အနောက်ဘက် လမ်းမတော်လမ်း၊ တောင်ဘက် ကုန်သည်လမ်း၊ မြောက်ဘက် ဗိုလ်ချုပ်အောင်ဆန်း လမ်းအကြား မနက် ၅ နာရီမှ ည ၁၀ နာရီအတွင်း ဝင်ရောက်ခြင်း မပြုရ။ ပြည်လမ်း၊ ကမ္ဘာအေးစေတီလမ်း၊ တက္ကသိုလ်ရိပ်သာလမ်း၊ ဦးဝိစာရလမ်းနှင့် ကန်ပတ်လမ်း၊ (ကန်တော်ကြီးပတ်လည်) တို့တွင် နေ့ညလုံးဝ ဝင်ရောက်ခြင်း မပြုရကြောင်း သတင်းရရှိသည်။

အနှေးယာဉ် များကြောင့် ယာဉ်တိုက်မှုများ ဖြစ်ပေါ်ခဲ့ကာ ၂၀၀၃ ခုနှစ်မှ စတင်၍ မြို့တွင်း ၆ မြို့နယ်အတွင်းသို့ အနှေးယာဉ် မဝင်ရဟု ထုတ်ပြန် ထားခဲ့ကြောင်းလည်း သိရသည်။ အနှေးယာဉ်များ အားလုံးသည် သတ်မှတ်ထားသော လမ်းကြောင်းများသို့ ဝင်ရောက်ခြင်း၊ လမ်းပြောင်းပြန် စီးနင်းခြင်း၊ လမ်းလယ်မှ စီးနင်းခြင်း၊ သတ်မှတ်ပေးထားသည် ဝန်ထက် ပို၍ တင်ဆောင်ခြင်း ၊ညအချိန် ရောင်ပြန်မပါဘဲ စီးနင်းခြင်းများကို ပြုလုပ်ပါက စီမံချက် ဒဏ်ငွေ တစ်သောင်းနှင့် ယာဉ်စည်းကမ်း ဒဏ်ငွေ ၂၀၀ ကျပ် ပေးဆောင်ရမည် ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့တွင်း ၆ မြို့နယ် အတွင်းတွင် စည်းကမ်းမဲ့ အနှေးယာဉ်များကြောင့် ယာဉ်ကြောများ ပိတ်ဆို့မှု ဖြစ်ခြင်းနှင့် ယာဉ်တိုက်မှု မကြာခဏ ဖြစ်ခြင်းတို့ကြောင့် အနှေးယာဉ်များအား မှတ်ပုံတင်ခြင်းတို့ နှစ်အလိုက် လျှော့ချ၍ တဖြည်းဖြည်း ရုပ်သိမ်းသွားမည် ဖြစ်ကြောင်း နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြပါရှိသည်။ အနှေးယာဉ်များ မဝင်ရ ဆိုင်းဘုတ်များကိုလည်း အနော်ရထာလမ်းနှင့် ဗိုလ်အောင်ကျော်လမ်း၊ မဟာဗန္ဓုလလမ်းနှင့် လမ်းမတော်လမ်း၊ ကမ်းနားလမ်း - လမ်းမတော်လမ်း၊ ကမ်းနားလမ်း - လသာ၊ ကမ်းနားလမ်း - ရွှေတိဂုံဘုရားလမ်း လမ်းဆုံ၊ ကမ်းနားလမ်း - ဆူးလေဘုရားလမ်း၊ ကမ်းနားလမ်း - ပန်းဆိုးတန်းလမ်း၊ ကမ်းနားလမ်း - ဗိုလ်အောင်ကျော်လမ်း၊ ကုန်သည်လမ်းနှင့် ဗိုလ်အောင်ကျာ်လမ်းတို့တွင် စိုက်ထူသွားရန် စီစဉ်နေကြောင်း 7 Day News ဂျာနယ်တွင် ဖော်ပြထားပါသည်။