05 July 2010

နိဗ္ဗာန်သို့သွားရာ ဗီဇာကဒ်ပြားမဟုတ် … ကုသိုလ်ရေးကဒ်ပြား







နိဗ္ဗာန်သို့သွားရာ ဗီဇာကဒ်ပြားမဟုတ် … ကုသိုလ်ရေးကဒ်ပြား

နာရေးကူညီမှုအသင်း(ရန်ကုန်) ရုံးချုပ်တွင် ၄.၇.၂၀၁၀ (တနင်္ဂနွေ) နေ့တွင် ၇/၂၀၁၀ လပါတ် အစည်းအဝေး ကျင်းပခဲ့ပါသည်။ အလုပ်အမှုဆောင် အစည်းအဝေးကို သီးခြားအခန်းငယ်ထဲတွင် ကျင်းပခဲ့ပြီး အလုပ်အမှုဆောင်များ အသင်းသူ/သားများ ပါဝင်သော လပါတ် အစည်းအဝေးကို နမောတသ သုံးကြိမ် ရွတ်ဆို၍ ဘုရားခန်းမဆောင်ထဲတွင် စည်းကားစွာ ကျင်းပခဲ့ပါသည်။

(၇)ရက်သားသမီး ပြည်သူလူထုတို့အပေါ် အခမဲ့ ကူညီပံ့ပိုးမှုတို့ကို အရှိန်အဟုန်မြင့်မားစွာ ပေးဆပ်နိုင်ရေးအတွက် နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူ၊ အတွင်းရေးမှူး ဒေါ်သန်းမြင့်အောင်၊ ဘဏ္ဍာရေးမှူး ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ရွှေဇီးကွက်တို့မှ ဆွေးနွေး ညှိနှိုင်း အကြံဥာဏ်များ ပြုခဲ့ပါသည်။

ထို့ပြင် အသင်းသားကဒ်ပြားများကို အသင်းသို့ လာရောက်လုပ်အားပေးချိန် မှန်ကန်တိကျသူ၊ အစည်းအဝေးများကို မပျက်မကွက် တက်ရောက်သူ (၁၈) ဦးတို့အား အသင်းသားအဖြစ် သတ်မှတ်၍ အသင်းသားကဒ်ပြားများ ထုတ်ပေးခဲ့ပါသည်။

ထိုသို့ အသင်းသားကဒ်ပြားများ ပေးရသည်နှင့် ပတ်သက်၍ နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူမှ - “ ဒီ အသင်းသားကဒ်ဟာ နိဗ္ဗာန်ရောက်ကြောင်း ဗီဇာကဒ်ပြား မဟုတ်ပါဘူး။ မိမိကိုယ်တိုင် သီလလုံခြုံစွာ ကုသိုလ်ရေးကိုလုပ်မှ ကုသိုလ်ရရှိမှာ ဖြစ်ကြောင်း။ ကဒ်ပြားရသူ များကလည်း ဘ၀င်မမြင့်ကြဖို့။ ပိုမို၍လည်း မိမိကိုယ်ကို မိမိနာရေးရှင်များနှင့် ဆက်ဆံရာတွင် နှိမ့်ချ ဆက်ဆံကြဖို့ နွေးထွေးစွာ ဖေးမကူညီဖို့။ ယင်း ကဒ်ပြား မိမိတို့တွင် အစဉ်အမြဲ ရှိနေသည့်အတွက် အပြောအဆို အမူအရာ အသွားအလာ အနေအထိုင်မှ အစ ယခင်ကထက် ပိုမို၍ ထိန်းသိမ်းဖို့ လိုအပ်ကြောင်းနှင့် ကဒ်ပြားမရတဲ့ သူတွေကလည်း စိတ်ဓါတ်ကျစရာ မလိုပါဘူး။ ကိုယ်ပြုသောကံ ပဲ့တင်သံ ကိုယ့်ထံပြန်လာမည် ” ဟု စသဖြင့် ပြောကြားခဲ့ပါသည်။

ရှေ့ဆက်၍ နာရေးကူညီမှုအသင်း(ရန်ကုန်)သည် အများပြည်သူတို့အတွက် ဆထက်တန်ဖိုး ပေးဆပ်မှုများကို ပြုလုပ် ဆောင်ရွက်ပေး နိုင်တော့မည်ဟု . . . . ။

ပေးပို့ ပေးသော ကိုကျော်သူ အားကျေးဇူးတင်ရှိပါသည်.။