09 July 2010

မြစ်ကြီးများတွင် ရေပြည့်လာမှုကြောင့် ကမ်းနှစ်ဖက်ပျောက်၍ သင်္ဘောများ ဂရုစိုက် မောင်းနှင်နေရ

မြန်မာနိုင်ငံ၏ ပြည်တွင်းရေကြောင်း သယ်ယူပို့ဆောင်ရေးတွင် အဓိက အသုံးပြုနေသည့် ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်များတွင် ရေပြည့်လာမှုကြောင့် ကမ်းနှစ်ဖက်ပျောက်၍ သင်္ဘောများ ဂရုစိုက်မောင်းနှင်ရမှု ရှိနေပြီး အချို့နေရာများတွင် ကမ်းပေါ်နှင့်ရေပေါ်ပြ အမှတ်အသားများ ပြောင်းလဲသတ်မှတ်ထား ရှိပေးရန် လိုအပ်လာကြောင်း ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးမှ တာဝန်ရှိသူတစ်ဦးထံမှ စုံစမ်းသိရှိရသည်။ ယခုနှစ်တွင် ဧရာဝတီနှင့် ချင်းတွင်းမြစ်များ၌ ယမန်နှစ်ထက် မြစ်ရေစော၍ မြင့်တက်ခဲ့ပြီး ရေများပြားလာ၍ ကုန်ပြည့်၊ လူပြည့်တင်ဆောင်ကာ သင်္ဘောများ သွားလာနိုင်မှုနှင့်အတူ ရေနည်းချိန်တွင် မကပ်ရောက်နိုင်ခဲ့သည့် ဆိပ်ကမ်းများ၊ မသွားရောက်လာနိုင်ခဲ့သည့် ခရီးစဉ်များ ပြန်လည်ဆိုက်ကပ် ပြေးဆွဲနိုင်ခဲ့ကြောင်း သိရသည်။

ထိုသို့ မြစ်ရေများပြားလာမှုကြောင့် အချို့နေရာများတွင် ကမ်းနှစ်ဖက်ကို နစ်မြုပ်၍ ကမ်းပျောက်သည့် အနေအထားများရှိနေ၍ ရေယာဉ်များ ဂရုစိုက်မောင်းနှင် နေရကြောင်း ချင်းတွင်း မြစ်ကြောင်းသွား ရေယာဉ်မှူးကြီး တစ်ဦးထံမှ သိရသည်။ ရေများချိန်တွင် ကြုံတွေ့ရလေ့ ရှိသည့် ၀ဲအန္တရာယ်၊ သင်္ဘောမောင်းနှင်ရာတွင် အခက်အခဲ ဖြစ်စေနိုင်သည့် ရေအောက်တွင် နစ်မြုပ်နေသော အရာများ၊ ကမ်းပေါ်ရေရောက်၍ ကမ်းပျောက်သွားသည့် အနေအထားများကို ဘေးအန္တရာယ် ကင်းစွာဖြင့် ထိန်းသိမ်း မောင်းနှင်ရေးမှာ ရေယာဉ်မှူး၏ တာဝန်ဖြစ်သကဲ့သို့ ရေလမ်းကြောင်းပြ အမှတ်အသားများ မှန်ကန်စွာ စိုက်ထူပေးနိုင်မှု မှာလည်း များစွာအရေးကြီးကြောင်း သိရသည်။

ထို့ကြောင့် အချို့နေရာများတွင် ပြောင်းလဲလာသည့် ရေလမ်းကြောင်း အနေအထားအရ ကမ်းပေါ်ပြနှင့်ရေပေါ်ပြ အမှတ်အသားများအား ပြောင်းလဲ သတ်မှတ်ပေးရန်နှင့် အမှတ်အသားအသစ်များ ထပ်မံစိုက်ထူပေးရန် လိုအပ်နေကြောင်း Bi Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။