10 July 2010

နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ပြည်သူလူထုအား အချိန့်ပြည့် မှန်ကန်သော ပေးဆပ်မှုများကိုပြုလုပ်ပေးနေမှုမှတ်တမ်းဓာတ်ပုံသတင်း



ကျွတ်ဖို့ လွတ်ဖို့ . . . ရဲဆေးတင်လော့

နာရေးကူညီမှုအသင်း(ရန်ကုန်)၏ မျိုးဆက်သစ် လူမှုရေးသမားများ သင်တန်းအမှတ်စဉ် ၃/၂၀၁၀ နောက်ဆုံး အပါတ်စဉ် ဆင်းပွဲတွင် နာရေးကူညီမှုလုပ်ငန်းနှင့် ပတ်သက်သော အတွေ့အကြုံများ၊ ခံယူချက်များနှင့် ဆက်ဆံရေး ကိုယ်နှုတ်အမူအရာ ယဉ်ကျေးသိပ်မွေ့မှု ရှိရေးတို့နှင့် ပတ်သက်၍ ထပ်မံ ရှင်းလင်းပြောကြားခဲ့ပြီးသည့်နောက် နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူ၏ Idea နှင့် ၂၀၀၁ ခုနှစ်မှ ၂၀၁၀ ခုနှစ်အတွင်း ပေးဆပ်ခဲ့ရသော နာရေးအတွေ့အကြုံများ၊ နာဂစ်မုန်တိုင်း ကယ်ဆယ်ရေး အလောင်းကောက် မီးသင်္ဂြိုလ်ပေးမှုများ၊ အဆိပ်သောက် သေဆုံးမှု၊ လမ်းဘေး သေဆုံးမှု၊ ရေနစ် သေဆုံးမှု၊ ဆွဲကြိုးချ သေဆုံးမှု၊ ရထားကြိတ်ခံရ၍ သေဆုံးမှု၊ အသတ်ခံ ရ၍ သေဆုံးမှု၊ သစ်လုံးပိ၍ သေဆုံးမှု စသည်တို့ကို Slide Show နှင့် နောက်ခံ တီးလုံး projector တို့ဖြင့် ပြသကာ ရဲသွေးနီနီဖြင့် ရှေ့သို့ ရဲရဲဆက်ကာ ရဲရဲပေးဆပ် သွားနိုင်ရန်အတွက် လူမှုရေး မျိုးဆက်သစ်များအား ရဲဆေးများ ထပ်မံတိုးမြှင့် ပေးခဲ့သည်။

မိမိတို့ ကုသိုလ်ယူသည့် နေရာဝယ် သေဆုံးသွားသူတို့ကို မီးသင်္ဂြိုလ်ပေးခြင်း၊ ဂူသွင်းပေးခြင်း၊ မြေမြှုပ်ပေးခြင်း တို့ဖြင့် မလုံလောက်။ သေဆုံးမှုမျိုးစုံတို့တွင် လွတ်ရာကျွတ်ရာ မြင့်မြတ်သော ဘုံဌာန သို့ ရောက်သွားကြကုန်သော ပုဂ္ဂိုလ်အသီးသီး ရှိကြသလို၊ မလွတ်မကျွတ်ဘဲ ပြိတ္တာ၊ နာနာဘာဝ သရဲ တစ္ဆေ စသဖြင့် ဒုနဲ့ဒေး ရှိနေတော့သည်။ ယင်းတို့ကို မိမိတို့ နေ့စဉ် ပြုခဲ့သမျှ ကုသိုလ်ရေးများကို နေ့စဉ် နံနက်တိုင်း ညတိုင်း အချိန်တိုင်း ဘုရားရှိခိုး ပုတီးစိပ် မေတ္တာပို့သပြီး အမျှပေးဝေရန် အရေးကြီးလှသည်။ အဓိကကျ လှသည်။ မိမိအတွက်လည်း အကျိုးရှိ ကုသိုလ်ရ … တဖတ်သူတို့အတွက်လည်း များစွာအကျိုးရှိ ကျွတ်ကြလွတ်ကြ ကုန်၏။

ထို့ကြောင့် … မည်ကဲ့သို့ ပုံစံမျိုးနှင့် ဘ၀တစ်ပါးသို့ ကူးပြောင်းသွားကြကုန်သော အလောင်းကောင်များကို ရဲတင်းစွာ သယ်ယူပို့ဆောင် သင်္ဂြိုလ်ပေးနိုင်ဖို့ အရေးကြီးသလို … မိမိ၏ ထိုကောင်းမှုတို့ကို အမျှပေးဝေ မေတ္တာပို့သမှုကလည်း အဓိကကျတော့သည်။

ထို့ကြောင့် … ကျွတ်ဖို့လွတ်ဖို့ ရဲဆေးတင်လော့ . . . . ။


ဗုဒ္ဓရဲ့ သားတော် သမီးတော်တို့အတွက် ပေးဆပ်မှု


လူမှုရေးဟု ဆိုရာတွင် အလွန်ကျယ်ပြန့် နက်နဲလှပေသည်။ နာရေးကူညီမှုအသင်း(ရန်ကုန်) သည် ပြည်သူလူထုအတွက် နာရေးကုသိုလ် ယူမှုတင် မကဘဲ ပြည်သူလူထု တွေ့ကြုံခံစား နေရသော ကျန်းမာရေး၊ ပညာရေး၊ သဘာဝဘေးဒဏ် ခံစားရမှု၊ မျိုးဆက်သစ် ကလေးငယ်တို့၏ ယဉ်ကျေးလိမ္မာ မှုရှိရေးတို့အပြင် နာရေးကိစ္စ အ၀၀ကို ပေးဆပ်နေရသော လူမှုရေးအသင်းကြီး ဖြစ်လာသည်။ လမ်းခင်း၊ ရေတွင်းရေကန် တည်ဆောက်ပေးမှုတို့ကို လူမှုရေးလုပ်ဆောင်သည်ဟု မဆိုနိုင်တော့ချေ။

ပြည်သူလူထု၏ ဘ၀ရပ်တည်ဖို့အတွက် အစစ အဆင်ပြေ၍ လူ့အခွင့်အရေး ပြည့်ဝစေမှသာ ငြိမ်းချမ်းမှု ပန်းတိုင်ကို ရရှိစေမည်ဖြစ်သည်။ မိမိတို့၏ ဘာသာအယူအဆအရ … မည်သည့် ဘာသာတရားပင်မဆို ငြိမ်းချမ်းမှုကို ဦးတည်ဆဲဖြစ်သည်။

ငြိမ်းချမ်းမှုရရှိရန် ဗုဒ္ဓ၏ သားတော် (သံဃာတော်များ)၊ ဗုဒ္ဓ၏ သမီးတော် (သီလရှင်များ) မှလည်း အဓိက တာဝန်ထမ်းဆောင်နေရသည်။ ဗုဒ္ဓမြတ်စွာဘုရားရှင် ဟောကြားမိန့်မှာ ခဲ့မှုများကို လက်ဆင့်ကမ်း၍ ရာစုနှစ်များစွာ ကမ္ဘာသူ ကမ္ဘာသား အားလုံးတို့ကို မေတ္တာစေတနာ ထားရှိကာ ဗြဟ္မစိုရ်တရားလေးပါးကို လက်ကိုင်ပြုရန်၊ သီလလုံခြုံစေရန် စသည့် စစ်မှန်သော အယူဝါဒ ရေးရာတို့ကို လူသားတို့ထံသို့ လက်ဆင့်ကမ်း၍ ပြန့်ပွားကျင့်သုံး လက်ခံနိုင်ရန် သာဓကများစွာနှင့် ဟောကြားပေးနေကြသော ကျေးဇူးရှင် ဗုဒ္ဓ၏ သားတော် သမီးတော်တို့၏ ကျန်းမာရေးကိုလည်း အထူးဂရုပြု ပေးရမည် ဖြစ်သည်။ ထေရ်ကြီး ၀ါကြီး သိက္ခာတော်ကြီးမား၍ သီလတော်တို့နှင့် ပြည့်စုံ တော်မူသော ဆရာတော်ကြီးများ၊ သံဃာတော်များ၊ သီလရှင်ကြီးများကို လက်လွတ် အဆုံးရှုံး မခံနိုင်။ ဘ၀နတ်ထံ ပျံလွန်တော်မူသွားသော ဗုဒ္ဓ၏ သားတော် သမီးတော်တို့အတွက် ကျန်ရစ်သူ တပည့် ဒါယကာ ဒါယကာမ ပြည်သူအပေါင်းတို့က အပူဇော်ခံ ထားလိုပါက ရွှေစတီးဖြင့် ပြုလုပ်ထားသော ကရ၀ိတ်ဖော်တော်ဖြင့် အပူဇော်ခံ ထားရှိပေးခြင်း၊ ရွှေရောင် လင်ကွန်း နိဗ္ဗာန်ယာဉ်ကြီးဖြင့် သယ်ဆောင် ပင့်ဆောင်ပေးခြင်း၊ အန္တိမဈာပန အခမ်းအနား မီးသင်္ဂြိုလ်ပေးခြင်း၊ အရိုး ပြာ ရေမျှော ပေးခြင်း၊ အရိုးအိုး ကောက်ပေးခြင်း စသည့် ပေးဆပ် ထမ်းဆောင် ကုသိုလ်ယူမှုများ ရှိသော်ငြားလည်း … မပျံလွန်သင့်ဘဲ ပျံလွန်တော်မူသွားခြင်း၊ ဆေးဝါး မကုသလိုက်ရဘဲနှင့် ပျံလွန်တော်မူသွားခြင်း စသည်တို့ မဖြစ်သင့်ပေ။

ထို့ကြောင့် နာရေးကူညီမှုအသင်း(ရန်ကုန်) အနေနှင့် လူမျိုးဘာသာ၊ ဆင်းရဲချမ်းသာ မရွေး အခမဲ့ ကူညီပံ့ပိုးမှု၊ ဖေးမမှုတို့ကို လုပ်ဆောင်ပေးရာတွင် သံဃာတော်များ၊ သီလရှင်များကို အထူး ဦးထိပ်ထားသည့် အနေနှင့် ဆေးဝါးကုသရာတွင် တိုကင်ယူဆောင်ရန် မလိုဘဲ ဆရာဝန်ကြီးများနှင့် တိုက်ရိုက်တွေ့ဆုံ အခမဲ့ ကုသပေးလျှက်ရှိပါသည်။

ထို့ကြောင့် နာရေးကူညီမှုအသင်း(ရန်ကုန်)သည် နေ့စဉ် လူပုဂ္ဂိုလ် တို့တင်မကဘဲ ဗုဒ္ဓ၏ သားတော် သမီးတော်တို့အတွက်၊ သာသနာ ၀န်ထမ်းပုဂ္ဂိုလ်များအတွက် သာသနာ့ ၀န်ဆောင်မှု၊ သာသနာကို ထမ်းဆောင်မှု၊ သာသနာအတွက် ပေးဆပ်မှု၊ သာသနာပြု လုပ်ငန်းအဖြစ်နှင့်ပါ နွေးထွေးစွာ ပေးဆပ်လျှက် ရှိနေတော့သည်။


ဘယ်လမ်း ရွေးရွေး ကုသိုလ်ရေး


နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ လူမှုရေးစိတ်ဓါတ် ပြင်းပြစွာဖြင့် လာရောက် လုပ်အားပေး ကြမည့် မျိုးဆက်သစ် လူငယ်/လူရွယ်များအတွက် ယနေ့ ၈.၇.၂၀၁၀ (ကြာသပတေး) နေ့တွင် နာရေး ကူညီမှုလမ်းကြောင်းသင်တန်း စာတွေ့ပို့ချ ပြီးစီးပြီ ဖြစ်ပါသည်။ စာတွေ့ပို့ချပြီးသည့် အချိန်တွင် နာရေးကူညီမှု လုပ်ငန်းစဉ်များ လက်တွေ့ကွင်းဆင်းရန်အတွက် ပုံစံအမျိုးမျိုးဖြင့် ဘ၀ပြောင်းသွား ကြသော ရုပ်အမျိုးမျိုး၏ ပုံသဏ္ဍာန်မျိုးစုံတို့ကို ကူညီဖေးမ သင်္ဂြိုလ်ပေးမှုများကို မှတ်တမ်းတင် ထားသော ရုပ်ပုံလွှာများအား နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူမှ ရုပ်ပုံကားချပ် များဖြင့် ရှင်းလင်းပြသခဲ့ရာ အချို့သော လူငယ်/လူရွယ်တို့သည် ရုပ်အလောင်းများအား သယ်ဆောင် ပေးမှုအတွက် ထိပ်လန့်ခြင်း၊ အားငယ်ခြင်းများ ဖြစ်ပေါ်ခဲ့သည်။

ထို့ကြောင့် နာရေးကူညီမှုအသင်း(ရန်ကုန်)သည် လူမှုရေးလုပ်ဆောင်ရာတွင် သေဆုံးသူတို့၏ ရုပ်အလောင်းတို့အား သယ်ဆောင်မီးသင်္ဂြိုလ်ပေးခြင်းဟု ဆိုသော လူမှုရေး လုပ်ငန်းတစ်ခုတင်မက အခမဲ့ ဆေးဝါးကုသပေးသော သုခကုသိုလ်ဖြစ်ဆေးခန်း၊ အသိပညာ တိုးတက်မြင့်မားရေးအတွက် ဖွင့်လှစ်ပေးထားသော သုခအလင်း စာကြည့်တိုက်၊ မျိုးဆက်သစ်ကလေးငယ်များအတွက် ပညာရေး မြင့်မားရေးအတွက် အင်္ဂလိပ်စာသင်တန်း၊ ပန်းချီသင်တန်း၊ ယဉ်ကျေးလိမ္မာသင်တန်း၊ ရေရှားပါးမှု ဒေသများသို့ သွားရောက် အ၀ီစိတူးပေးခြင်း၊ ရေလှူဒါန်းပေးခြင်း စသည့် ကုသိုလ်ရေး လူမှုရေး တို့သည်လည်း နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ပေးဆပ်မှုများ ဖြစ်ကြောင်းနှင့် အသင်းသူ/သား များအနေဖြင့် မိမိတို့ တတ်ကျွမ်းသော ဘာသာရပ်၊ ပညာရပ်အလိုက် မိမိတို့ ၀ါသနာပါရာ လုပ်အားပေးမှုတို့ကို လုပ်ဆောင်နိုင်ကြောင်းနှင့် နာရေးကူညီမှုအသင်း(ရန်ကုန်)တွင် မည်သည့် လုပ်အားပေးမှုမျိုး မဆို ကုသိုလ်ရေး အလုပ်ပင် ဖြစ်ကြောင်း အသင်းသူ/သားများ ရှင်းလင်း ပြောကြား ပြသခဲ့ပါသည်။

ထို့ကြောင့် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ လုပ်ဆောင်ချက် လမ်းကြောင်းများ၊ ပေးဆပ်မှု လမ်းကြောင်းများ၊ ဖေးမမှု လမ်းကြောင်းများ၊ ကူညီမှု လမ်းကြောင်းများ၊ ပံ့ပိုးမှု လမ်းကြောင်းများတို့တွင်

မည်သည့်လမ်းကို ရွေးရွေး … လူမှုရေး ၊

        မည်သည့်လမ်းကို ရွေးရွေး … ကုသိုလ်ရေး ပင်ဖြစ်တော့သည်။


အရေးပေါ် အဘိုးအဘွားများအား ပေးဆပ်မှု


ခိုကိုးရာမဲ့ အဘိုးအဘွားများကို ကူညီဖေးမ စောင့်ရှောက်ပေးလျှက်ရှိသော “ဆည်းဆာရိပ်” ဂီလာနဘိုးဘွား စောင့်ရှောက်ရေးဂေဟာမှ အမေကြီး ဒေါ်ညွှန့်တင် အသက် (၇၂) နှစ်သည် ၉.၇.၂၀၁၀ (သောကြာ) နေ့တွင် ဆီးချို သွေးချို 36% ထိ ကျဆင်းသွားသည့်အတွက် သတိလစ်ကာ ကယောင်ကတန်း စကားများ ပြောဆိုနေခြင်းကြောင့် နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ သုခကုသိုလ် ဖြစ်ဆေးခန်းသို့ ခေါ်ဆောင်လာသည်။

အရေးပေါ်ကုသရမည့် လူနာဖြစ်သည့်အတွက် သယ်ဆောင်လာသော မော်တော်ယာဉ်ပေါ်မှ မချတော့ဘဲ သက်ဆိုင်ရာ ဆရာဝန်မကြီး ဒေါ်ထားထားနှင့် သူနာပြုဆရာမများမှ မော်တော်ယာဉ်ပေါ် ထိ တက်ရောက်ကာ ၀ိုင်းဝန်းဖေးမ ကုသပေးခဲ့သည်။ အချိုရည် Glucose 50% သွင်းပေးခြင်း၊ D/S အချို/အငန် ဆေးပုလင်း သွင်းပေးခြင်းဖြင့် သတိပြန်လည် ရရှိကာ နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူကို တွေ့မြင်ရတော့မှ “သြော် … သုခဆေးခန်း ရောက်နေတာကိုး” ဟူ၍ ပြောကြား သွားသည်။


အရေးပေါ် မီးဘေးကာကွယ်ရေး


နာရေးကူညီမှုအသင်း(ရန်ကုန်)မှ နိဗ္ဗာန်ယာဉ်များသည် နေ့တဓူဝ အများပြည်သူတို့၏ ဆင်းရဲချမ်းသာ လူမျိုးဘာသာမရွေးတို့၏ နာရေးကိစ္စများအား အခမဲ့ ကူညီပေးဆပ် မောင်းနှင်လျှက် ရှိသည်ကို ကိုယ်တိုင်မြင်တွေ့ ခံစားရပြီးသည့်နောက် နိဗ္ဗာန်ယာဉ်များမှာ ကားသစ်များ ဖြစ်သော်လည်း မတော်တဆ မီးဘေးအန္တရာယ် ကြုံတွေ့ခဲ့သည်ရှိသော် အရေးပေါ် မီးငြိမ်းသတ်နိုင်ရန်အတွက် မော်တော်ယာဉ်သုံး ဂျပန်နိုင်ငံလုပ် မီးသတ်ဆေးဘူး အလုံးရေ (၁၉) လုံးအား အလှူရှင် ဒေါ်ဥမ္မာသန်း (မိသားစု) ၉၃ လမ်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်မှ ၉.၇.၂၀၁၀ (သောကြာ) နေ့တွင် နာရေးကူညီမှု အသင်း(ရန်ကုန်)သို့ သဒ္ဓါတရား ထက်သန်စွာဖြင့် လာရောက်လှူဒါန်းသည့်အတွက် နာရေးကူညီမှု အသင်း(ရန်ကုန်)မှ အထူး ကျေးဇူးတင် ၀မ်းမြောက်စွာဖြင့် သာဓုခေါ်ဆို လိုက်ပါသည်။

အလှူရှင် ဒေါ်ဥမ္မာသန်း (မိသားစု)တို့အား ဂုဏ်ပြုကဒ်ပြားနှင့် နာရေးကူညီမှုအသင်း(ရန်ကုန်) ၏ လုပ်ဆောင်ချက် စာအုပ်စာတမ်းများ၊ DVD အခွေများကို ပြန်လည်ပေးအပ်ပြီး အသင်း၏ လုပ်ဆောင်ချက်များ၊ သုခကုသိုလ်ဖြစ်ဆေးခန်း၏ ပေးဆပ်မှုများတို့အား လိုက်လံရှင်းလင်း ပြသခဲ့သည်။ ယင်းနောက် အရေးပေါ် မီးဘေးကာကွယ်ရေးအတွက် အလှူရှင်မှ အရေးပေါ် လာရောက် လှူဒါန်းသော အရေးပေါ်မီးသတ်ဘူးများအား နိဗ္ဗာန်ယာဉ်များပေါ်တွင် အရေးပေါ် တပ်ဆင်မှုများကို ပြုလုပ်ခဲ့ပါသည်။


ပြည်သူလူထုအတွက် လူမှုရေးလုပ်ငန်းများအား အချိန်ပြည့် ဆောင်ရွက်ပေးနေသော ကိုကျော်သူ အား လေးစား ဂုဏ်ယူစွာဖြင့် မြတ်လေးငုံ မှ မှတ်တမ်းတင် ဂုဏ်ပြု ဖော်ပြ လိုက်ပါသည်.။ပေးပို့ ပေးသော ကိုကျော်သူ အားကျေးဇူးအထူး တင်ရှိပါသည်.။