05 July 2010

ကျပ်(၅)သိန်းတန် CDMA (800MHz) WLL ဝါယာလက် အော်တို တယ်လီဖုန်း များကို လျှောက်ထားပါက (၂၄)နာရီ အတွင်း ချထားပေးလျက် ရှိကြောင်း


ကျပ်(၅)သိန်းတန် CDMA (800MHz) WLL ဝါယာလက် အော်တို တယ်လီဖုန်း များကို လျှောက်ထားပါက (၂၄)နာရီ အတွင်း ချထားပေးလျက် ရှိကြောင်း သိရသည်။ လျှောက်လွှာများကို ဇွန်လ (၂၁)ရက်နေ့မှ စတင်၍ လက်ခံ ဆောင်ရွက်ပေးနေပြီး လျှောက်ထားသူများ အနေဖြင့် CDMA(800MHz)WLL တယ်လီဖုန်း လျှောက်လွှာ၊ မှတ်ပုံတင်မိတ္ထူ၊ အိမ်ထောင်စုဇယား မိတ္ထူနှင့် ပတ်စပို့ ဓာတ်ပုံ(၃)ပုံတို့ ပူးတွဲတင်ပြရန် လိုအပ်ကြောင်း ဝါယာလက် အော်တိုတယ်လီဖုန်း ဌာန၏ သတင်း ထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။ ''နေ့ချင်းပြီးမဟုတ်ပါဘူး။ (၂၄)နာရီ အတွင်း ချထားပေးတာပါ။

ဒီနေ့လာလျှောက်ရင် မနက်ဖြန်ကျပြီ။ ကျပ်(၅)သိန်းကို လသာမြို့နယ်က ဘဏ်(၅)မှာ ပေးသွင်းရမှာပါ။ အရင်လိုမကြာတော့ပါဘူး''ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၊ တိုင်းမန်နေဂျာရုံးမှာ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။ ဝါယာလက် အော်တိုတယ်လီဖုန်း လျှောက်လွှာများ လက်ခံ ဆောင်ရွက်မည့်နေရာ (၈)ခုသတ်မှတ်ပြီး မြို့နယ်အလိုက် အလုံ၊ လမ်း(၄ဝ)၊ ပန်းဆိုးတန်း၊ ရွှေဂုံတိုင်၊ ဗဟို စာတိုက်ကြီး၊ တက္ကသိုလ်စာတိုက်၊ မင်္ဂလာဒုံစာတိုက်နှင့် မြောက်ဒဂုံစာတိုက်တို့ ဖြစ်ကြောင်း သိရသည်။

လျှောက်လွှာများ ပြန်ကျပါက မြို့နယ်အလိုက် Elite ကုမ္ပဏီဆိုင်ခွဲ(၅)ခုတွင် RUIM ကဒ်များ ထုတ်ပေးမည်ဟု သိရသည်။ ငါးသိန်းတန်ဖုန်းများ လျှောက်ထားရာတွင် ယခင်က ကြန့်ကြာခဲ့ရာက ဇွန်(၂၁)ရက်နေ့မှ စတင်၍ (၂၄)နာရီ အတွင်း ပြန်လည် ချထားပေးလျှက် ရှိကြောင်း သိရသည်။ ဇွန်လ (၂၁)ရက်နေ့က မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ ရန်ကုန်တိုင်း မန်နေဂျာရုံးနှင့် လမ်း(၄ဝ)ရှိ ဆက်သွယ်ရေးရုံး တို့၌ ဝါယာလက် အော်တိုတယ်လီဖုန်း လျှောက်ထားသူ များပြားလျှက်ရှိကြောင်း လျှပ်တပြက် ဂျာနယ်တွင်ဖော်ပြထားပါသည်.။