09 July 2010

လုပ်ငန်းလိုင်စင် မရှိရင် ဒဏ်ငွေ ဆယ်ဆ ပေးဆောင်ရမည်ဟု မန္တလေးမြို့ စည်ပင်သာယာရေး ကော်မတီက ကြေညာချက်ထုတ်ပြန်

မန္တလေးမြို့ပေါ်ရှိ စီးပွားရေး လုပ်ငန်းမျိုးစုံ အနေနဲ့ လုပ်ငန်းလိုင်စင် မပြနိုင်တာ၊ လုပ်ငန်းလိုင်စင် လျှောက်ထားထားတဲ့ အထောက်အထား မပြနိုင်တာတွေကို စစ်ဆေး တွေ့ရှိပါက လိုင်စင် သတ်မှတ်နှုန်းရဲ့ ဆယ်ဆကို ဒဏ်ကြေး ပေးဆောင်ရမယ်လို့ မန္တလေးမြို့၊ စည်ပင်သာယာရေး ကော်မတီက ကြေညာချက်ကို ယနေ့ ထုတ်ပြန်ပါတယ်။ စီးပွားရေး လုပ်ငန်းမျိုးစုံကို ယခုနှစ်မတ်လ ၃၁ ရက် နောက်ဆုံးထားပြီး လိုင်စင် လျှောက်လွှာ ဝယ်ယူရန်နဲ့ ဧပြီလ ၁ ရက်ကစတင်ပြီး လိုင်စင်မရှိတဲ့ စီးပွားရေး လုပ်ငန်းတွေ၊ လိုင်စင် လျှောက်ထားခြင်း မရှိတဲ့ စီးပွားရေး လုပ်ငန်းတွေကို ဒဏ်ကြေးငွေ သုံးဆအပြင် စည်ပင်သာယာ တည်ဆဲ ဥပဒေတွေအရ ထိရောက်စွာ အရေးယူမယ်လို့ ယခင်နှစ် လပိုင်းထုတ် မန္တလေး နေ့စဉ်သတင်းစာတွေမှာ အသိပေး ခဲ့တယ်လို့ အဲသည်ကြေညာချက်မှာ ဖော်ပြပါတယ်။

အဲသည်လို အသိပေးခဲ့ပေမဲ့ လုပ်ငန်းရှင် အချို့ဟာ မသိနားမလည်ခြင်း၊ ရှောင်လွှဲလိုပြီး လိုင်စင် မယူခြင်းတွေ ရှိနေသေးတာကြောင့် ယခုလို ထပ်မံပြီး အသိပေး ကြေညာရတာ ဖြစ်တယ်လို့ ဆိုပါတယ်။ လုပ်ငန်း လိုင်စင်အတွက် စည်ပင်သာယာကို ပေးဆောင်ရမယ့် အခွန်ဟာ လုပ်ငန်း အမျိုးအစားပေါ် မူတည်ပြီး ကွဲပြားတယ်လို့ သိရကြောင်း မော်ဒန်ဂျာနယ်တွင် ဖော်ပြထားပါသည်။