04 July 2010

ရှမ်းပြည်နယ် အရှေ့ပိုင်း ၊ ကျိုင်းတုံမြို့၊ အမှတ်(၉၆၄)- ဆောက်လုပ်ရေးအင်ဂျင်နီယာတပ်ခွဲ - တပ်မှုး၏ ကိုယ်ကျိုးစီးပွားရှာနေခြင်း-

ရှမ်းပြည်နယ် အရှေ့ပိုင်း ၊ကျိုင်းတုံမြို့၊အမှတ်(၉၆၄)ဆောက်လုပ်ရေးအင်ဂျင်နီယာတပ်ခွဲ တပ်မှုးသည် နိုင်ငံတော်မှ ချပေးသော တပ်ငွေများကို နိုင်ငံခြားငွေဖြင့် လဲလှယ်ပြီး ဆောက်လုပ်ရေးပစ္စည်းများဝယ်ယူကာ ၄င်းလက်အောက်ရှိ လမ်းဗိုလ်၊ ၀န်ထောက်များအား တဆင့် အမြတ်တင်၍ ပြန်လည်ရောင်းချနေပါသည်။ထို့အပြင် တည်ဆောက်ရေးလုပ်ငန်းများကိုလည်း ၄င်းကိုယ်တိုင် ဦးစီးဦးဆောင်ပြု၍ ဆောင်ရွက်နေပြီး၊ ဘဏ်စာရင်းမှ တပ်ငွေများကို လိုသလို စိတ်တိုင်းကျ ထုတ်ယူသုံးစွဲနေပါသည်။

ထို့အပြင် ၄င်းခန့်ထားသာ ရုံးအရာခံဗိုလ်သည် စတို ဂိုဒေါင်သော့ကိုင်ပြီး ပစ္စည်းတခါထုတ်လျှင် ငါးထောင်ကျပ်မှ တသောင်းကျပ်အထိ တောင်းခံနေပါသည်။ ၄င်းအပြင် လမ်းဗိုလ်များ လုပ်ငန်းဆောင်ရွက်သည့်ငွေမှ ၃၅% ဖြတ်တောက်ခြင်း။ဖက်ဒိတ် မလုပ်နိုင်ပါက (အဓိပ္ပါယ် မသိပါ။ ပေးပို့လာသည့်စာထဲက အတိုင်းဖော်ပြခြင်းဖြစ်ပါသည်။-အယ်ဒီတာ-) ၂၀၀၀ကျပ်နှုန်း ဖြတ်တောက်ခြင်း။လမ်းဗိုလ်များ လစာထုတ်ချိန်တွင် အမျိုးအမည် မဖော်ပြဘဲ တဦးလျှင် ၅၀၀ကျပ်နှုန်း ဖြတ်တောက်ခြင်းများ ပြုလုပ်နေပါသည်။

ထိုကဲ့သို့ နိုင်ငံတော်ငွေကို လှည့်ပတ်သုံးစွဲပြီး မတော်လောဘဖြင့် ကိုယ်ကျိုးစီးပွားရှာနေခြင်းကြောင့် ၄င်း ဆောက်လုပ်ရေးအင်ဂျင်နီယာတပ်ခွဲ တပ်မှုးနှင့်တကွ တပည့်တပန်းတို့မှာ ငွေကြေးစည်းစိမ် ဥစ္စာများ လွန်စွာ ပြည့်စုံတောင့်တင်းလျှက် ရှိနေပါသည်။

ထို့အပြင် ၄င်းဆောက်လုပ်ရေးအင်ဂျင်နီယာတပ်ခွဲ တပ်မှုးမှနေ၍ လစဉ် တိုင်းမှုးထံ ဆန်-ဆီ-ငွေကြေးများ ပေးပို့ပြီး ၊ တပ်တွင်းရှိ သူ့လက်အောက် တပ်ဝန်ထမ်းများ အဆင်ပြေအောင် ဆောင်ရွက်နေသည်ဟု လူကြားကောင်းအောင် ပြောကြားနေသော်လည်း ၊ ၄င်း၏ ပြောဆို ပြုမူချက်များသည် ၄င်းနှင့် ၄င်း၏ အပေါင်းအပါတစု ကောင်းစားရေးအတွက် ဆောင်ရွက်နေခြင်းသာဖြစ်ပြီး တိုင်းပြည်အတွက်၊ တပ်အတွက် ဘာမှ အကျိုးမပြုသော လုပ်ရပ်များ လုပ်ဆောင်နေပါသဖြင့် ၊ အဆိုပါ အခြေအနေဆိုးများကို နိုင်ငံတော်တာဝန်ရှိသူများ၊တိုင်းမှုးများနှင့်တကွ ဆိုင်ရာလူကြီးများ သိရှိ အရေးယူဆောင်ရွက်ပေးနိုင်ရန် ဖော်ပြလိုက်ပါသည်.။

တပ်တွင်းမိသားစု
အမှတ်(၉၆၄)ဆောက်လုပ်ရေးအင်ဂျင်နီယာတပ်ခွဲ