08 July 2010

တရားဝင်နေထိုင်ခွင့်ကဒ်(ဘတ်)ရှိရဲ့သားနဲ့လည်း ငွေတောင်းချင်ရင် နည်းအမျိုးမျိုးနဲ့ မြန်မာတွေကိုဖမ်းပြီး ငွေတောင်းနေတဲ့ ထိုင်းရဲတွေ

ကျနော် ထိုင်းနိုင်ငံ စူရပ်ဌာနေရှိ KOH TAO ISLAND မှာ အလုပ်လုပ်ပါတယ်။ ဒီတခါကတော့ ကျနော်ကိုယ်တိုင် အဖမ်းခံခဲ့ရတဲ့ အဖြစ်အပျက်တခုပါ။

ဖြစ်ပျက်တာကတော့ ဒီလိုပါ။ အခုလ (၅) ရက်နေ့ ညမှာ ကျနော့်အသိမိတ်ဆွေတယောက် မွေးနေ့ဖိတ်လို့သွားခဲ့တယ်။ မွေးနေ့ဆိုတော့ သူငယ်ချင်းအပေါင်းအသင်းတွေနဲ့ အချိန်နည်းနည်းပေးပြီး စားသောက်ကြပြီး စကားပြောကြတာပေါ့။ အဲဒီအချိန်က ည (၁) နာရီလောက်တော့ရှိပြီ။ ကျနော် အခန်းပြန်မယ်လုပ်တော့ အသိတယောက်က တယောက်တည်း မပြန်နဲ့ဦးပေါ့နော်။ ဒီမှာ ယိုးဒယားလူမိုက်တယောက် ရောက်နေတယ်။ သူပြန်မှ ပြန်လို့ပြောတော့ ကျနော်လည်း ဆက်နေလိုက်တာ မနက် (၃) နာရီထိုးသွားတယ်။ အဲဒီအချိန်ကျတော့ လူမိုက်လည်း တခြားနေရာ သွားနေတယ်ဆိုတော့ ကျနော်လည်း အခန်းကို တယောက်တည်း ဆိုင်ကယ်နဲ့ ပြန်သွားရော။ အခန်းအရှေ့အရောက်မှာပဲ ယိုးဒယားရဲတွေက ဆိုင်ကယ်တွေနဲ့ ကျနော်ဆီကို ရောက်လာတယ်။ သူတို့တွေက ကျနော့်ကို ယိုးဒယားလို ဘယ်သွားမလို့လဲ၊ ဘယ်ကပြန်လာတာလဲလို့ မေးတာပေါ့။ ဖြစ်ချင်တော့ ကျနော်ကလည်း ယိုးဒယားစကား ကောင်းကောင်း မရသေးတော့ အင်္ဂလိပ်လိုပြောတော့လည်း သူတို့က နားမလည်နဲ့ ရဲစခန်းပါသွားပါလေရော။

ကျနော်နဲ့အတူ အဖမ်းခံရတဲ့တယောက်ကတော့ ကျနော့်ထက်တောင် ငယ်ပါသေးတယ်။ ကျနော့်အထင်တော့ ယိုးဒယားလို့ ထင်တာပဲ။ သူ့ကိုကျတော့ လက်ပြန်ကြိုးတုပ်ပြီး ခေါ်လာတယ်။ ရဲစခန်းလည်းရောက်ရော ကျနော့်ကို အချုပ်ခန်းထဲမှာ အရင်ထည့်ထားလိုက်တယ်။ ကျနော်နဲ့အတူပါလာတဲ့ ကောင်လေးကို ထုံးစံအတိုင်း ယိုးဒယားလို စစ်မေးပြီး ခြေထောက်နဲ့ ကန် ကိုယ်လုံးနဲ့ တက်ဖိ တုတ်နဲ့ရိုက် အဲလိုမျိုးလုပ်တာ တော်တော်လေးကြာတယ်။ နာရီဝက်လောက် သူ့ကို တော်တော်ရိုက်လိုက်တယ်။ ကျနော်လည်း ဘာမှန်းမသိတော့ ကိုယ့်အလှည့်များရောက်မလားလို့ တွေးပူမိတယ်။

အဲလိုမျိုးရိုက်နှက်ပြီး အဲဒီကောင်လေးကို ကျန်တဲ့ ရဲ (၄) ယောက်က ဘယ်ခေါ်သွားလည်းတော့မသိဘူး။ ကောင်လေးကို နှိပ်စက်တဲ့ရဲပဲ အခန်းထဲမှာ ကျန်တော့တယ်။ အဲဒီအချိန် သူက အပြင်ထွက်ပြီး ဖုန်းပြောတဲ့အချိန်၊ ကျနော်က သူဌေးကိုဖုန်းဆက်ပြီး ကျနော် ရဲစခန်းရောက်နေတဲ့အကြောင်း၊ ရဲတွေခေါ်သွားတဲ့အကြောင်းပြောလိုက်တော့ ကျနော့်သူဌေး ချက်ချင်းပဲ မနက် (၄) နာရီလောက် ရောက်လာတယ်။ သူဌေးရောက်လာတော့ ကျန်တဲ့ရဲကိုမေးတာပေါ့နော်။ ဘာလို့ သူ့ကိုဖမ်းတာလဲပေါ့။ သူ့မှာ ဘတ်လည်းလုပ်ထားတာ ရဲစခန်းမှာတောင် အခုထိ မထုတ်ရသေးဘူးပေါ့လို့ ပြောတော့၊ ပိုက်ဆံလိုချင်တော့ အလုပ်ချိန်ကျော်ပြီး အပြင်ထွက်လို့ ဖမ်းတာတဲ့။ ပြီးတော့ သူက မနက်ကျရင် ကျနော့်ကို Koh Phangan ဆိုတဲ့ ကျွန်းကို ပို့မယ်ဆိုပြီးလုပ်တော့ သူဌေးက အဲဒီရဲကို ပိုက်ဆံဘယ်လောက် ပေးရမလဲမေးတော့ ဘတ် (၂,၅၀၀) တောင်းတယ်။ ပိုက်ဆံပေးတော့ ပြန်လွှတ်လိုက်တယ်။

ကျနော် ဒီကျွန်းမှာ အလုပ်စလုပ်ကတည်းက (ယာယီအလုပ်သမားကတ်) ဘတ်ကို သူဌေးနဲ့အတူ လာလုပ်ထားပါတယ်။ ကျနော်ပြောချင်တာကတော့ ဘတ်ရှိရဲ့သားနဲ့လည်း ငွေတောင်းချင်ရင် နည်းအမျိုးမျိုးနဲ့ မြန်မာတွေကိုဖမ်းပြီး ငွေတောင်းနေတဲ့ ရဲတွေကို မြန်မာအလုပ်သမားများ အကူအညီပေးရေးအဖွဲ့အနေနဲ့ ထိုင်းအစိုးရ၀န်ကြီးများကို တင်ပြပေးစေလိုပါတယ်ခင်ဗျ။

နေ၀င်းအောင်