08 July 2010

စစ်တွေ နည်းပညာ တက္ကသိုလ် ကျောင်းသားများ ဆန္ဒပြ တောင်းဆိုမှုအပြီး နောက်ဆက်တွဲ စုံစမ်းရသမျှ သတင်းများ


စစ်တွေ နည်းပညာ တက္ကသိုလ်ကျောင်းသားများ ဤကဲ့သို့ ကျောင်းသွားနေကြရသည်။

စစ်တွေ နည်းပညာ တက္ကသိုလ်ကျောင်းသားများသည် ကျောင်းကားစီးရေ လျော့နည်းနေခြင်း၊ ကားခ ဈေးနှုန်းများ မြင့်မားနေခြင်းကြောင့် ဇူလိုင်လ (၅) ရက်နေ့က (၁၂) မိုင် ခရီးကို လမ်းလျှောက် ဆန္ဒပြခဲ့ပြီး စစ်တွေမြို့ ပြည်နယ်ရုံးရှေ့တွင်(၆) နာရီကြာ ငြိမ်းချမ်းစွာ ဆန္ဒပြ တောင်းဆိုခဲ့ခြင်း အပေါ် ထိုင်း-မြန်မာနယ်စပ် အခြေစိုက် ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသား လူငယ်များ အစည်းအရုံး (AASYC) မှ ကျောင်းသားများ၏ လုပ်ရပ်အား ထောက်ခံ ကြိုဆိုလိုက်ကြောင်း ယနေ့တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။

ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားလူငယ်များအစည်းအရုံး၏ ထုတ်ပြန်ကြေညာချက်တွင် – ဤကဲ့သို့ ကျောင်းသားများ ဆန္ဒပြ တောင်းဆိုရခြင်းသည် ကျောင်းသားများ၏ ရပိုင်ခွင့်များ ဆုံးရှုံးနေမှုအပေါ်တွင် ပြန်လည် တုန့်ပြန်ခဲ့ခြင်းဖြစ်ကြောင်း၊ ကားခ ဈေးနှုန်းမြင့်တက်လာခြင်းသည ကျောင်းကားများအား ပြေးဆွဲနေကြသည့် ယာဉ်မောင်းများ၏ အပြစ်ကြောင့် မဟုတ်ဘဲ အစိုးရ၏ စီမံခန့်ခွဲမှု ညံ့ဖျင်းခြင်းတို့ကြောင်း ဖြစ်သည်ဟု ဖော်ပြပါရှိသည်။

ဆန္ဒပြ တောင်းဆိုခဲ့ကြသော ကျောင်းသားများအား သေနတ်ဖြင့် ချိန်ရွယ်ပြီး ခြိမ်းခြောက်ခဲ့ကြသော နအဖ စစ်တပ် အပေါ်တွင်လည်း မိမိတို့(AASYC) အဖွဲ့မှ ပြင်းပြင်းထန်ထန် ရှုတ်ချလိုက်ကြောင်းနှင့် ယခုဖြစ်ပွားနေသော ကျောင်းသားများ၏ ငြိမ်းချမ်းစွာ ဆန္ဒပြ တောင်းဆိုမှုအား တရားမျှတ၍ ဂုဏ်ရောင်ပြောင်သည့် လုပ်ရပ်တစ်ခုအဖြစ် (AASYC) မှ အပြည့်အ၀ ကြိုဆိုထောက်ခံပြီး မတရားသည့် အမိန့် အာဏာဟူ သမျှအား ဖီဆန်ကြရန်နှင့် ဆုံးရှုံးနေသော မိမိတို့၏ ရပိုင်ခွင့်များအတွက် ဆက်လက် တိုက်ပွဲဝင်ကြရန် ရခိုင် တက္ကသိုလ် ကျောင်းသားများအား တိုက်တွန်းလိုက်ကြောင်း ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့် လူငယ်များ အစည်းအရုံး (AASYC) ၏ ယနေ့ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြပါရှိသည်။

စစ်တွေမြို့တွင် ဇူလိုင် (၅) ရက်နေ့က စစ်တွေ နည်းပညာ တက္ကသိုလ် ကျောင်းသားများ ဆန္ဒပြ တောင်းဆိုခဲ့ပြီး ကျောင်းသားများ၏ တောင်းဆိုချက်အား လိုက်လျောပြီး အမြန်ဆုံး ဆောင်ရွက်ပေးမည်ဟု ပြောကြားခဲ့ပြီး နောက် နည်းပညာ တက္ကသိုလ်ကျောင်းအား တစ်ရက်ခန့် အာဏာပိုင်များက ပိတ်လိုက်ပြီး ပြည်နယ်ရုံးတွင် အထူး အစည်းအဝေးတစ်ရပ်ကို ပြုလုပ်ခဲ့ကြောင်း၊ ထို အစည်းအဝေး ရလဒ်အပြီးတွင် ကျောင်းသားများ၏ ဆန္ဒအား လိုက်လျောပေးရန်နှင့် ကျောင်းအား ပြန်လည် ဖွင့်လှစ်ရန်အတွက် နည်းပညာ တက္ကသိုလ် ပါမောက္ခချုပ် ဦးအောင်ကျော်ငြိမ်းက တောင်းဆိုခဲ့သည့်အတွက် ဒေသဆိုင်ရာ အာဏာပိုင်များက လိုက်လျောခဲ့သော်လည်း နည်းပညာ တက္ကသိုလ်နှင့် စစ်တွေ တက္ကသိုလ်တို့၌ အရပ်ဝတ် စရဖ များက စောင့်ကြည့်မှုများ ပြုလုပ်လျက်ရှိကြောင်း တက္ကသိုလ် သတင်းရပ်ကွက်မှ သိရသည်။

ဇူလိုင်လ (၆) ရက်နေ့က စစ်တွေ နည်းပညာ တက္ကသိုလ်အား မည်သူမျှ ၀င်ရောက်ခြင်း မပြုခဲ့ဘဲ ပိတ်ထားခဲ့သည့်အတွက် ယမန်နေ့က ရှိသည့် စာမေးပွဲအား ယာယီ ရပ်ဆိုင်းထားပြီး မည်သည့်နေ့တွင် ပြန်လည် စစ်ဆေးသွားမည်ကို မသိရှိရသေး ကြောင်း သိရသည်။

ဆန္ဒပြ တက္ကသိုလ် ကျောင်းသားများ တောင်းဆိုချက်တွင်ပါရှိသည့် ကားစီးရေ တိုးမြှင့်ပေးနိုင်ရန်အတွက် ဒေသခံ အာဏာပိုင်များက စစ်တွေမြို့ မထသရှိ မော်တော်ယာဉ်များ အလုံအလောက် မရှိသည့်အတွက် စစ်တပ်ရှိ ကားများအား ကျောင်းသားများ အတွက် စီစဉ်ပေးရန် လိုအပ်သည်များကို ပြင်ဆင်နေကြောင်း စစ်တွေမြို့ ဒေသခံ လူကြီး တစ်ဦးက ပြောသည်။

“ကျောင်းသားတွေ တောင်းဆိုထားတဲ့ ကျောင်းကားစီးရေ (၁၅) စီး ပြည့်ဖို့က မဖြစ်နိုင်ဘူး။ ဒေသဆိုင်ရာ အာဏာပိုင်တွေက (၁၀) စီးပဲ ပြောမယ်လို့ ပြောတယ်။ ဘာလို့လည်းဆိုတော့ မထသမှာက စုစုပေါင်းမှ ကားက (၈) စီးပဲ ရှိတာမှာ (၄) စီးကို လိုင်းဆွဲဖို့ ပေးထားပြီး ကျန် (၄)စီးကို ကျောင်းကား အဖြစ်ထားတာ။ ဒါကြောင့် စစ်တပ်က ကားတွေကို အသုံးပြုဖို့အတွက် လိုအပ်တာတွေကို ပြင်ဆင်နေကြတာကို တွေ့ရတယ်” ဟု သူက ပြောသည်။

ယင်းကဲ့သို့ နည်းပညာ တက္ကသိုလ်ဘက်သို့ ပြေးဆွဲပေးနေသည့် ကျောင်းကားများ စီးရေ လျော့နည်းနေရသည် မှာ နေ့သင်တက္ကသိုလ်အား ဦးစား ပေးထားသည့်အတွက်ကြောင့် ဖြစ်သည်ဟု သူက ဆက်ပြောသည်။

“နေ့သင် တက္ကသိုလ်က ကျောင်းသားတွေ ကား အလုံအလောက် မရရှိတဲ့ အတွက်ကြောင့် (၂၀၀၈) ခုနှစ်က အကြီးအကျယ် ဆန္ဒပြခဲ့ကြ တယ်။ အဲဒီကတည်းက ကျောင်းကားတွေကို နေ့သင် တက္ကသိုလ်ဘက်ကို အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးနိုင်ဖို့ တာဝန်ရှိသူတွေက ညွန်ကြား ထားတယ်။ ပြီးတော့ နေ့သင် ကျောင်းသားတွေက ကျောင်းသား ဦးရေ များတာလည်း ပါတယ်။ မြို့နဲ့ နီးတာလည်း ပါတယ်။ မြို့နဲ့ နီးတော့ တစ်ခုခု ဖြစ်ရင် ပြည်သူတွေ ပါဝင်လာဖို့ရယ် စတာတွေကို စဉ်းစားပြီး ခုလိုမျိုး လုပ်ပေးထားတဲ့ အတွက်ကြောင့် ကျောင်းကားတွေက အဲဒီဘက်ကို သိပ်မရောက်ကြတာဖြစ်တယ်” ဟု သူက ပြောပြခဲ့သည်။

ငြိမ်းချမ်းစွာ လမ်းလျှောက် ဆန္ဒပြ တောင်းဆိုခဲ့ကြသည့် ကျောင်းသားများအား စစ်တပ်မှ အရာရှိများက ဆိုင်ကယ်များဖြင့် နံဘေးတွင် လိုက်ပါက ဓာတ်ပုံရိုက်မှုများ ရှိခဲ့ကြောင်း ဆန္ဒပြပွဲတွင် ပါဝင်ခဲ့သည့် ကျောင်းသား တစ်ဦးက ပြောသည်။

“ကျနော်တို့ လမ်းလျှောက် ဆန္ဒပြလာတာ တပ်ထိန်းဂိတ်ကိုရောက်တော့ အဲဒီ ဂိတ်က စစ်သားတွေက သေနတ်နဲ့ ပစ်မယ်ဆိုပြီး ခြိမ်းခြောက် ကြတယ်။ ပြီးတော့ နောက်ဆုတ်ဖို့နဲ့ လူစုခွဲပေးဖို့လည်း ပြောတယ်။ အဲဒါကို ကျော်ဖြတ်လာတဲ့ နောက်ပိုင်းမှာ စစ်တပ်က ဗိုလ်ကြီးတွေ ဆိုင်ကယ်နဲ့ ကျနော်တို့ ဆန္ဒပြနေတဲ့ လမ်းတစ်ဘက်ကနေပြီး ဓာတ်ပုံရိုက်ကြတယ်။ ပြည်နယ်ရုံး ရှေ့မှာလည်း အဲဒီအတိုင်းပဲ ရုံးအပေါ်ကနေ ဓာတ်ပုံရိုက်တာတွေ လုပ်ကြတယ်။” ဟု သူက ပြောသည်။

ယင်းကဲ့သို့ ပြုလုပ်မှုများသည် တက်ကြွမှုရှိသည့် ကျောင်းသားများအား စနစ်တကျမှတ်တမ်းတင်ထားရန်နှင့် လိုအပ်ပါက အလွယ်တကူ ဖမ်းဆီး ထိန်းသိမ်းနိုင်ရန် ဖြစ်ကြောင်းနှင့် အစိုးရမှ တောင်းဆိုချက်များအား လိုက်လျောပေးသော်လည်း ခတ္တခဏသာဖြစ်ကြောင်း စစ်တွေမြို့ရှိ ကျာင်းသားအရေး လေ့လာစောင့်ကြည့်နေသူ တစ်ဦးက ပြောသည်။

“သူတို့က ကျောင်းသားတွေရဲ့ တောင်းဆိုမှုတွေကို ခတ္တခဏသာ လိုက်လျောပေးတယ်။ ပြီးတော့ အယင်အတိုင်း ပြန်ဖြစ်သွားမယ်။ ခုလိုမျိုး ဓာတ်ပုံရိုက်တာတွေ လုပ်တယ်ဆိုတာဟာလည်း ချက်ချင်းတော့ ဖမ်းဖို့ အတွက် မဟုတ်သေးဘူး။ တကယ်လို့ နောက်ထပ် ကျောင်းသားလှုပ်ရှားမှု တစ်စုံတစ်ရာ ထပ်မံ ပေါ်ပေါက်လာမယ်ဆိုရင် အဲဒီ ဓာတ်ပုံရိုက်ခံထားရတဲ့ ကျောင်းသားတွေကို စစ်ဆေးမေးမြန်းနိုင်ဖို့ အတွက် ဓာတ်ပုံ ရိုက်ထားတာ ဖြစ်တယ်” ဟု သူကပြောသည်။

နအဖ စစ်အစိုးရသည် ယခုကဲ့သို့ ဓာတ်ပုံရိုက်မှုများ၊ ဗွီဒီယိုမှတ်တမ်းများကို အသုံးပြုပြီး ဆန္ဒပြ လှုပ်ရှားသူများအား ဖမ်းလေ့ ရှိသည်။ (၂၀၀၇) စက်တင်ဘာ လှုပ်ရှားမှုတွင်လည်း ယင်းနည်းအား အသုံးပြုခဲ့ခြင်း ဖြစ်ကြောင်း တွေ့ရသည်။

ယခုအခါ စစ်တွေမြို့ရှိ ရွှေစေတီ ဘုန်းကြီးကျောင်း၊ ဘုရားကြီးနှင့် အခြားနေရာ အတော်များများအား အနောက်ပိုင်း တိုင်းမှူး ဗိုလ်ချူပ် သောင်းအေး ဦးဆောင်သည့် စစ်ယာဉ်တန်းများက မြို့၏ အခြေအနေကို လေ့လာ စောင့်ကြည့်လျက်ရှိကြောင်း သိရ သည်။

ရင်းမြစ်...(Arakan Review)