10 July 2010

ရန်ကုန်မြို့ရှိ ဗိုလ်အောင်ကျော် ဆိပ်ကမ်း ပုဂ္ဂလိက စတင်လုပ်ကိုင်

ပို့ဆောင်ရေးဝန်ကြီးဌာန လက်အောက်ရှိ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်က စီမံခန့်ခွဲလျက် ရှိသည့် နိုင်ငံပိုင် ဗိုလ်အောင်ကျော် ဆိပ်ကမ်းကို ဇူလိုင်လ ပထမပတ်မှစ၍ ပုဂ္ဂလိက ကုမ္ပဏီကြီး တစ်ခုသို့ လွှဲပြောင်း လုပ်ကိုင်ခွင့် ပြုခဲ့ကြောင်း သွင်းကုန်ထုတ်ကုန် လုပ်ငန်းရှင် အသိုင်းအ၀ိုင်းထံမှ စုံစမ်း သိရှိရသည်။ အဆိုပါ ဆိပ်ကမ်းအား ပုဂ္ဂလိကသို့ လွှဲပြောင်း လုပ်ကိုင်ခွင့် ပြုခဲ့သဖြင့် ပို့ကုန်၊ သွင်းကုန်လုပ်ငန်းများ ပိုမိုသွက်လက် မြန်ဆန်လာဖွယ် ရှိသည်ဟု သွင်းကုန်ထုတ်ကုန် လုပ်ငန်းရှင်က ဆိုသည်။ ယခု ပုဂ္ဂလိကသို့ လွှဲပြောင်း လုပ်ကိုင်ခွင့် ပြုခဲ့သော ဗိုလ်အောင်ကျော် ဆိပ်ကမ်းတွင် အလျား ၁၃၇ မီတာရှိ ကုန်သေတ္တာနှင့် အထွေထွေ ကုန်တင်သင်္ဘော ဆိုက်ကပ်နိုင်သော ဆိပ်ခံတံတား နှစ်စင်း၊ ကုန်သေတ္တာတင်သင်္ဘော သီးသန့် ဆိုက်ကပ်ရန် အလျား ၁၈၃ မီတာရှိ ဆိပ်ခံ တံတားတစ်စင်းနှင့် ၁၅ ဧက ကျယ်ဝန်းသည့် ကုန်သေတ္တာစခန်း တစ်ခု ပါရှိကြောင်း မြန်မာ့ဆိပ်ကမ်း အာဏာပိုင်၏ ထုတ်ပြန် ကြေညာချက်များအရ သိရသည်။

ယခု ဗိုလ်အောင်ကျော် ဆိပ်ကမ်းကို လုပ်ကိုင်ခွင့် ရရှိထားသော ကုမ္ပဏီကြီးမှာ နိုင်ငံအနှံ့စက်ရုံ၊ အလုပ်ရုံများနှင့် အခြားဒေသ လုပ်ငန်းအများအပြား လုပ်ကိုင်လျက်ရှိပြီး ရန်ကုန်မြို့တွင်း ခရီးသည်တင် လိုင်းကားများနှင့် တက္ကစီများလည်း ပြေးဆွဲလျက်ရှိကာ ပြီးခဲ့သည့် မေလအတွင်းကလည်း မြန်မာ့ကြယ်ငါးပွင့် သင်္ဘောလုပ်ငန်းကို လွှဲပြောင်း လုပ်ကိုင်လျက် ရှိကြောင်း The Voice ဂျာနယ်တွင် ဖော်ပြထားပါသည်။