07 July 2010

ကျေးဇူးတရားကို ပညာဒါန ပြုရင်း ဆပ်နေသူ လူငယ်တွေ အတွက် လမ်းဖွင့်ပေးနေသူ


ကိုယ်ဖြစ်ချင်တဲ့ ဘ၀တစ်ခုကို ကိုယ်တိုင် လမ်းဖောက်ပြီး လျှောက်ခဲ့ရာက ရရှိလာတဲ့ အတွေ့အကြုံ တွေကို အခြေခံပြီး

ကိုယ့်လိုစိတ် ရှိတဲ့ လူငယ်တွေကို စေတနာထား လမ်းပြပေးချင် တာကြောင့် တတ်စွမ်းသမျှ ပညာမျိုးစေ့ ချပေးနေတဲ့ လူငယ်တစ်ဦးနဲ့ တွေ့ဆုံခဲ့ရ ပါတယ်။ ဇင်ဇော်ထက်ထွန်း ဆိုတဲ့ လူငယ်က အခမဲ့ ပညာဒါန ဘာသာစကား သင်တန်းတွေကို ဦးစီး ဖွင့်လှစ်နေသူ တစ်ဦးပါ။ နာရိုတို ဆိုတဲ့ နိုင်ငံတကာ အဆင့်မီ ဘာသာစကား သင်တန်းတွေကို ၂၀၀၉ ခုနှစ် ဒီဇင်ဘာ ၂ ရက်နေ့က စပြီး ဖွင့်လှစ်နေခဲ့တာပါ။ ပညာဒါနဆိုတဲ့ အတိုင်း သင်တန်းကြေး လုံးဝမယူဘဲ အခမဲ့ပညာ ဖြန့်ဝေ ပေးနေတာပါ။

ပညာဒါန ဆိုပေမယ့် ထူးခြားတဲ့ ပုံစံလေးနဲ့ သင်ကြား ပို့ချနေတာကြောင့် စိတ်ဝင်စား မိတာပါ။ NARUTO မှာ ဂျပန်၊ အင်္ဂလိပ်၊ ကိုရီးယား၊ တရုတ်ဘာသာ စကား ၄ မျိုးကို သင်ကြား ပို့ချပေးနေတာ ဖြစ်ပြီး လူမှုဝန်ထမ်း အကူဆရာ၊ ဆရာမ ၇ ဦးက ဒါနပြု သင်ကြားပေးနေတာ ဖြစ်ပါတယ်။ နိုင်ငံတကာ အဆင့်မီလို့ ဆိုတဲ့ အတိုင်း သင်ကြားမှု ပုံစံကို ယနေ့ဘာသာ စကား သင်ကြားမှု နည်းစနစ် အသစ်တွေနဲ့ ပို့ချ ပေးနေတာ တွေ့ရပြီး နိုင်ငံတကာ သင်တန်းကျောင်းကြီး များလို သင်ကြား ပေးတဲ့ ဆရာ၊ ဆရာမတွေက သပ်ရပ်ပြီး စတိုင်လ်ကျတဲ့ တူညီ ၀တ်စုံတွေနဲ့ စည်းကမ်းတကျ သင်ကြားပေးတာ ဖြစ်ပါတယ်။

ဒါဟာ ပညာဒါန ဆိုပေမယ့် ဘာသာစကား ပညာရပ်တွေကို တလေးတစား လေ့လာ သင်ယူစေချင် လို့ပါလို့ ဆိုတယ်။ အခုဆိုရင် သင်တန်း အပတ်စဉ် ၄ ခုရှိသွားပြီး သင်တန်းသားတွေ ဆိုရင်လည်း ရာချီနေပါပြီ။ ကိုယ့်ယုံကြည်ချက်ကို အပျက်မခံဘဲ ဆက်လက် လျှောက်လှမ်းနေဆဲပါ။ ဒီသင်တန်းက နေပြီး နိုင်ငံတကာ အဆင့်မီ ပြည်ပ ကျောင်းများအထိ သွားရောက် သင်ယူနိုင်အောင် ကြိုးစား သင်ကြားပေးမယ် လို့ ဇင်ဇော်ထက်ထွန်း က ဆိုပါတယ်။ “ကျွန်တော်က မိဘမဲ့ တစ်ဦးပါ။ ပေါင်းတည် ဇာတိပေါ့။ ဘာသာစကားတွေ တတ်ချင်လွန်းလို့ လိုက်ပြီး စုံစမ်းတော့ ဈေးတွေက ခေါင်ခိုက်နေတယ်။ ဒါနဲ့ ရန်ကုန် တက်လာပြီး စုံစမ်းတော့ မနောရမ္မ ဘုန်းတော်ကြီး ကျောင်းက ပညာဒါနမှာ ဂျပန်စကား စသင်တယ်။ ၆ လလောက် တက်ဖြစ်တယ်။ ပြီးတော့ ဓမ္မရက္ခိတ ကျောင်းမှာ ထပ်တက်တယ်။

အဲဒီမှာ ဆရာလည်း ပြန်လုပ်ပေး ဖြစ်တယ်။ ၂ နှစ်လောက်ကို ပြင်းပြင်းထန်ထန် ကြိုးစား သင်ယူ လေ့လာခဲ့တယ်။ ကျွန်တော် တက်ခဲ့တဲ့ ပညာဒါန ကျောင်းတွေကို မမေ့ မလျော့ဘဲ ကျေးဇူးဆပ်တဲ့ အနေနဲ့ အခုလို ကိုယ်ပိုင် နိုင်ငံတကာ အဆင့်မီ ပညာဒါန ကျောင်းလေး ဖွင့်ဖြစ်တာပါ။ ဘာသာစကားတစ် ခုလောက်တော့ လူတိုင်း တတ်ထားသင့်တယ်လို့ ထင်ပါတယ်။ လူငယ်တွေ လုပ်ငန်းခွင် ၀င်မယ် ဆိုရင်လည်း အနည်းဆုံးတော့ ဘာသာစကား ၂ ခုလောက် ကျွမ်းကျင်ထားရင် တော်တော် အဆင်ပြေပြီ။ လုပ်ငန်းခွင်မှာ တိုးတက်ဖို့ သေချာ သလောက် ဖြစ်နေပြီ။

ဒါကြောင့် ယနေ့ လူငယ်တွေ အတွက် လိုအပ်ချက်တွေကို တစ်ဖက် တစ်လမ်းက ဖြည့်ပေးတဲ့ သဘောပါ။ ကိုယ့်တုန်းကလည်း ကိုယ့်ရဲ့ ၀ါသနာ၊ ဆန္ဒ၊ လိုအပ်ချက်ကို အခမဲ့ ပညာဒါန ဘုန်းတော်ကြီးကျောင်း တွေက ဖြည့်ပေးခဲ့ တာလေ။ ဒီကျောင်းတွေက ပေးတဲ့ အခြေခံ ပညာတွေဟာ တကယ် ကြိုးစား သင်ယူ လေ့လာသူတွေ တကယ့်ကို အကျိုးရှိတဲ့ သင်တန်းတွေပါ။ ကျွန်တော့်လို လူငယ်တွေ အများကြီး ရှိနေမှာပါ။ သူတို့တွေ အတွက်၊ ပညာကို တကယ် လိုလားသူတွေ အတွက်ပါ” လို့ ဇင်ဇော်ထက်ထွန်းက ဆိုပါတယ်။

ဇင်ဇော်ထက်ထွန်းက ဓမ္မ ရက္ခိတမှာ အခမဲ့ ဆရာ အဖြစ် ဆောင်ရွက် နေရင်းက ဂျပန်စကားပြန် အဖြစ် နှစ်နှစ်ခန့်လည်း လှုပ်ရှားခဲ့ပါ သေးတယ်။ ဒါဟာ အတွေ့အကြုံ တစ်ခု အနေနဲ့ လုပ်ဆောင်ခဲ့တာ ဖြစ်ပြီး သူ တကယ် လုပ်ချင်တဲ့ ဆရာ ဘ၀ကိုတော့ သူ မမေ့ထား ပါဘူး။ တစ်ဆက်တည်းမှာပဲ အိမ်တိုင်ရာရောက် ဘာသာစကား သင်တန်းများကိုလည်း လိုက်လံ သင်ကြားခဲ့ပါ သေးတယ်။ Cyber Co.Ltd နဲ့ Excel Co.Ltd မှာလည်း အရောင်း မန်နေဂျာ အဖြစ် လုပ်သက် အတွေ့အကြုံ ယူခဲ့ပါသေးတယ်။ “ဒီကုမ္ပဏီတွေမှာ ကိုယ့်အထက်က လူကြီးက နိုင်ငံခြားသားတွေ ဆိုတော့ အင်္ဂလိပ်လိုပဲ ပြောခဲ့ရတယ်။ ဒါဟာ ကျွန်တော် ဘာသာစကား နှစ်မျိုးတတ် ထားခဲ့လို့ အဆင်ပြေတာပေါ့။ လူငယ်တိုင်းကို အဲဒီလို ဖြစ်နေစေချင် တာပါ။ အဲဒီမှာ ၀င်လုပ်တာ အဆင်ပြေပေမယ့် ကျွန်တော် တကယ်တမ်း လုပ်ချင်တာက စာသင်တာ။ ပြီးတော့ အခမဲ့ ပညာဒါန ကျောင်းတစ်ခုလေ။ အဲဒီအတွက်ပဲ အချိန်ယူကြိုး စားခဲ့တာပါ”လို့ ဆိုပါတယ်။

ဘယ်လို အလုပ်ကိစ္စ မဆို၊ ဘယ်လို ရည်မှန်းချက် မဆို လွယ်လင့်တကူ ရရှိဖို့ ဆိုတာက ဆယ်ရေးတစ်ရေး အခြေအနေပါ။ အခက်အခဲ ဆိုတဲ့ အုတ်တံတိုင်းကြီးကို တကယ် အလုပ်လုပ် သူတိုင်း ဖြတ်ကျော်ကြရ စမြဲပါ။ ဇင်ဇော်ထက်ထွန်းတို့လို လူမှုရေး တစ်ဝက် ပါနေတဲ့ ရည်မှန်းချက် ပန်းတိုင် အတွက်ကတော့ အခက်အခဲတွေက တောင်ပုံယာပုံ။ ဒါပေမယ့် “တကယ်ဖြစ်ချင် တကယ်လုပ် အဟုတ်ဖြစ်ရမည်” ဆိုတဲ့အတိုင်း ကြိုးစားမှုကာလ ၄၊ ၅ နှစ်အတွင်းမှာ သူနဲ့ စိတ်တူကိုယ်တူ၊ ၀ါသနာတူ စေတနာရှင်များနဲ့ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ ပါပြီ။ “ဘုန်းတော်ကြီးကျောင်း ပညာဒါန သင်တန်းတွေမှာ ဆရာအဖြစ် သင်ခဲ့တုန်းကတော့ တပည့် တွေထဲကနေ ပြည်ပမှာ အလုပ် သွားလုပ်နိုင်တဲ့ အထိ တတ်မြောက် သွားသူတွေ၊ ပြည်ပမှာ ကျောင်းတက်နိုင်တဲ့ သူတွေ ရှိခဲ့ဖူးတယ်။ တကယ် ကြိုးစားတဲ့ ကလေးတွေပေါ့။ အခု ဒီသင်တန်းက ကာလ တိုသေးတော့ စောင့်ကြည်ရဦးမှာပါ။ အဲဒီလို ဖြစ်လာအောင်လည်း ကြိုးစား လုပ်ပေးမယ်” လို့ ဆိုပါတယ်။

NARUTO International Foreign Languages & Education Academy က တခြားပညာ ဒါနကျောင်းတွေလိုပဲ သင်တန်းကြေး လုံးဝ မယူဘဲ သင်ကြားပေးပါတယ်။ သင်တန်း တက်ချိန်မှာ စနစ်တကျ ရှိဖို့ အတွက် တပ်ဆင်ရတဲ့ ကျောင်းသားကတ် အတွက် ၅၀၀ ကျပ်နဲ့ စာမေးပွဲကြေး ၅၀၀ ကျပ်ပဲ ကောက်ခံတယ်လို့ သိရပါတယ်။ သင်တန်း ကာလ ပြီးဆုံးချိန်မှာ တကယ်ကြိုးစား သင်ယူမှု ရှိ မရှိ၊ တတ်မြောက်ခြင်း ရှိ မရှိ သိရလေအောင် စာမေးပွဲများ ဖြေဆိုကြရပြီး သင်တန်းဆင်း လက်မှတ်များကိုလည်း အခမ်းအနားနဲ့ ပေးအပ်ထားတာ တွေ့ရပါတယ်။

ဇင်ဇော်ထက်ထွန်းက ပညာဒါန သင်တန်းကျောင်း တစ်ခုက နေပြီး နိုင်ငံတကာ အဆင့်မီ ဘာသာစကား တတ်ကျွမ်းသူတွေ ပေါ်ထွက်လာရေး၊ လုပ်ငန်းခွင်တစ်ခုမှာ အောင်မြင်တဲ့ ၀န်ထမ်းကောင်း တစ်ဦးအဖြစ် အလုပ်ဝင်ခွင့် ရရှိရေး၊ ပညာဒါန သင်တန်းမှသည် ပြည်ပနိုင်ငံတကာ သင်တန်းများ အထိ တက်လှမ်းခွင့် ရရှိရေးဆိုတဲ့ ရည်မှန်းချက်၊ ဆန္ဒတွေ ဆုပ်ကိုင်ရင်းNARUTO တည်တံ့ ခိုင်မြဲတိုးတက်ရေး အတွက် ဆက်လက် လျှောက်လှမ်း နေဆဲပါ။ ကိုယ်ကျိုးမပါ၊ အများတကာ ဖွံ့ဖြိုး တိုးတက်ရေး ရွက်ဆောင်နေတဲ့ လူငယ်တွေ အတွက် အခုလို လူငယ်တွေ အများကြီး ပေါ်ထွက်လာနိုင်ပါစေ။ NARUTO တို့ရဲ့လမ်းကြောင်း ဖြောင့်ဖြူးနိုင်ပါစေ ဆိုတဲ့ ဆန္ဒက ဇင်ဇော်ထက်ထွန်းနဲ့ ထပ်တူပါလို့...။

သင်းပပ