04 July 2010

နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ပြည်သူတွေအတွက် မလွဲမသွေ ထာဝရ ပေးဆပ်မှုများ




မလွဲမသွေ ထာဝရ ပေးဆပ်မှုများ

မွေးဖွားခြင်းသည် သေခြင်းတရားဆီသို့ ဦးတည်နေသော ခရီးလမ်း၏ အစဟူသော လူ့လောက သဘာဝတွင် အို နာ သေရေးနှင့် မလွဲမသွေ ရင်ဆိုင်ကြရမည် ဖြစ်သည်။ ကုသိုလ်ကံ ကောင်းသူများအဖို့ ဘ၀နေ၀င်ချိန်အထိ မပူမပင် အေးချမ်းစွာ နေထိုင်သွားလာနိုင်သော်လည်း ကုသိုလ်ကံ မကောင်းသည့် မိအို ဖအိုများမှာမူ ဘ၀နေ၀င်ချိန် မရောက်ခင်ကြား ဘ၀ကို ပင်ပန်းဆင်းရဲကြီးစွာဖြင့် ဖြတ်ကျော်ခဲ့ရသည်။ ငြူစူမှုမျိုးစုံ အောက်တွင် သိပ်ငယ်စွာ ခံစားနေထိုင် ကြရကာ ဒုက္ခမျိုးစုံနှင့် ရင်ဆိုင်နေရသည်။ ထိုကြောင့် ကြင်နာစွာ စောင့်ရှောက်မည့်သူ ကင်းမဲ့နေသော ဘိုးဘွားများအတွက် မိသားစုသဖွယ် နွေးထွေးစွာ စောင့်ရှောက်ပေးနိုင်သော “ဆည်းဆာရိပ်” ဂီလာန ဘိုးဘွားများ ထိန်းသိမ်းစောင့်ရှောက်ရေး လုပ်ငန်း ဟူ၍ ပေါ်ပေါက်လာသည်။ ဂီလာန ဘိုးဘွားများ၏ လက်ရှိ ကျန်းမာရေးအခြေအနေနှင့် လှုပ်ရှားနိုင်စွမ်းကို ကြည့်၍ တစ်ဦး ချင်းစီ၏ လိုအပ်ချက်များကို ဆရာဝန်၏ ညွှန်ကြားချက်အတိုင်း ပြုစုစောင့်ရှောက်ရန်၊ ဘိုးဘွားများ၏ ကျန်းမာရေးကို အခါမလပ် ကြည့်ရှုစောင့်ရှောက်၍ လိုအပ်ချက် မှန်သမျှကို ဖြည့်ဆည်းပေးရန် ဟူသော ရည်ရွယ်ချက်ဖြင့် အသက် (၇၀)နှစ် နှင့်အထက် ဘိုးဘွားများ၊ မျက်မမြင် ဘိုးဘွားများအား နာရေးကူညီမှုအသင်း (ရန်ကုန်)ရှိ သုခကုသိုလ်ဖြစ်ဆေးခန်းမှ အပါတ်စဉ် နွေးထွေးသော လက်များဖြင့် ကြိုဆို ဖေးမ ကူညီကုသ ပေးလျှက်ရှိရာ အထူးကု ဆရာဝန်ကြီး ဒေါက်တာ ဦးအုန်းမြင့်နှင့် ဆရာဝန်ကြီးများ၊ ဆရာမကြီးများ၊ သူနာပြုဆရာမများ၊ လုပ်အားပေး မျိုးဆက်သစ် လူငယ်များတို့မှ ယခု ဇူလိုင်လ ၂ ရက် သောကြာနေ့တွင် မလွဲမသွေ ထာဝရ ပေးဆပ်လျှက် ရှိပါကြောင်း . . .

ပေးဆပ်မှုများ စံချိန်မှီ မမှီ

နာရေးကူညီမှုအသင်း(ရန်ကုန်)၏ သုခကုသိုလ်ဖြစ်ဆေးခန်းနှင့် ဓါတ်မှန်ခန်းအား ဆေးခန်း မှတ်ပုံတင် ချပေးရေးအတွက် ခရိုင်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ် စည်ပင်သာယာရေးကော်မတီနှင့် မြို့နယ်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီမှ သက်ဆိုင်ရာ အရာရှိများနှင့် ကျန်းမာရေးဦးစီး အရာရှိတို့မှ ဆေးခန်းတစ်ခုတွင် ရှိသင့် ရှိထိုက်သည့် စံနှုန်း မှီ မမှီ၊ တားမြစ်ထားသော ထိန်းချုပ်ဆေးဝါးများ အသုံးပြု မပြု၊ ဓါတ်မှန်ခန်းတွင် ဓါတ်မှန်စက်ထားရှိမှု စံချိန်စံညွှန်း မှီ မမှီတို့ကို အဓိကထားကာ ကြည့်ရှုစစ်ဆေးသွား ခဲ့ပါသည်။

၂၀၀၇ ခုနှစ် မတ်လမှ စတင်၍ သုခကုသိုလ်ဖြစ်ဆေးခန်းသည် အခမဲ့ ဆေးဝါးကူညီမှု၊ ခွဲစိတ်မှု၊ မျက်စိ၊ အရိုးအကြော၊ ကလေး၊ ကိုယ်ဝန်ဆောင်၊ နား နာခေါင်း လည်ချောင်း၊ အပ်စိုက် အစရှိသည့် ရောဂါဝေဒနာရှင်များအား ကုသိုလ်ဖြစ် ကုသပေးခဲ့ရာ ၂၀၁၀ ခုနှစ် ဇွန်လကုန်အထိ လူနာ စုစုပေါင်း (၉၃၉၉၄) ဦးတို့အား အခမဲ့ ကုသပေးခဲ့ပြီး ဖြစ်ပါသည်။

၂၀၁၀ ခုနှစ်တွင် နေ့စဉ် ပျမ်းမျှလူနာ ၁၅၀ မှ ၂၀၀ အထိ အခမဲ့ ဆေးဝါးကုသ ပေးလျှက်ရှိပါသည်။

အနာဂတ်အတွက် Beginner သင်တန်း


စနေ၊ တနင်္ဂနွေနေ့ ကျောင်းပိတ်ရက်များတွင် နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ မျိုးဆက်သစ် ကလေးငယ်များအား သင်ကြားပို့ချလျှက်ရှိသော ယဉ်ကျေးလိမ္မာသင်တန်း၊ ပန်းချီသင်တန်း၊ အင်္ဂလိပ်စာ အခြေခံသင်တန်းများတွင် ကလေးငယ်များ၏ ဆန္ဒအတိုင်း ပန်းချီသင်တန်း တက်လိုသူ တို့သည် ပန်းချီသင်တန်း တက်ခြင်း၊ အင်္ဂလိပ်စာ အားနည်းသော ကလေးငယ်များက အချိန်ပို အင်္ဂလိပ်စာ Beginner သင်တန်း တက်ရောက်ခြင်းတို့ကို မိမိတို့၏ စိတ်ဆန္ဒအတိုင်း မိမိတို့ အားနည်းသော ပညာရပ် ဘာသာရပ် အသီးသီးကို အထူးကြိုးစား သင်ယူလျှက်ရှိရာ နာရေးကူညီမှု အသင်း(ရန်ကုန်)မှ တတ်သိပညာရှင် အသီးသီးတို့မှ နွေးထွေးစွာ သင်ကြားပေးလျှက် ရှိပါသည်။

မိမိတို့၏ အားနည်းချက်၊ အားသာချက်တို့ကို မိမိတို့၏ ကိုယ်ပိုင် ဦးနှောက်နှင့် ခွဲခြမ်း သုံးသပ် ဖော်ထုတ်နိုင်ခြင်းသည် မျိုးဆက်သစ် ကလေးငယ်တို့၏ အဖိုးမဖြတ်နိုင်သော အသိဥာဏ်ပင် ဖြစ်တော့သည်။





ရေဆေးကိုင်သည့် မျိုးဆက်သစ် ပန်းချီကလေးငယ်များ


နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ မျိုးဆက်သစ် ကလေးငယ်များအား ပန်းချီသင်တန်းကို ပန်းချီ ဆရာကြီး ဦးဝင်းကြည်မှ သင်ကြားပို့ချခဲ့ရာ ယခုဆိုရင် (၂) လတာ ကာလအတွင်းသို့ ရောက်ရှိ ခဲ့ပြီ ဖြစ်ပါသည်။ သင်တန်းကာလအတွင်း ခဲပန်းချီ ရေးဆွဲနည်း၊ အလင်းအမှောင်၊ လိုင်း၊ မျဉ်းကွေး မျဉ်းကောက် စသည့် အခြေခံ ပန်းချီပညာရပ်ကို သင်ကြားပို့ချခဲ့ခြင်း၊ Morekha ပန်းချီပြခန်းသို့ သွားရောက် လေ့လာခြင်းတို့ ပြုလုပ်ခဲ့ပါသည်။ ယနေ့ ၃.၇.၂၀၁၀ (စနေ) နေ့တွင် ရေဆေး ပန်းချီ ပညာရပ်ကို တစ်ဆင့်တက်၍ သင်ကြားလျှက် ရှိပါသည်။

မျိုးဆက်သစ် ကလေးငယ်များသည် ပညာရေးကိုလည်း လစ်ဟင်းမှုမရှိစေဘဲ မိမိတို့ ၀ါသနာ ပါရာ ပန်းချီပညာရပ်ကိုပါ လေ့လာလိုက်စား ၀ါသနာပါခြင်းကို ပံ့ပိုး ဖေးမ ကူညီပေးရမည်မှာ ကျွန်တော်တို့ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ပေးဆပ်မှု တစ်ခုပင် ဖြစ်တော့သည်။

ထို့ကြောင့် နာရေးကူညီမှုအသင်း(ရန်ကုန်)သည် အနာဂတ်အတွက် အဖိုးမဖြတ်နိုင်သော လူငယ် မျိုးဆက်သစ် ကလေးများ မွေးဖွားပေးရာ နေရာတစ်ခု ဖြစ်တော့သည်။

ပေးပို့ ပေးသော ကိုကျော်သူ အားကျေးဇူးတင်ရှိပါသည်.။