06 July 2010

၁၉၆၂ ခုနှစ် ကျောင်းသားဟောင်းအချို့ ရဲ့  ရင်တွင်းခံစားမှု တချို့ ...၇ ဇူလိုင် - ရင်တွင်းမှ ငိုချင်းများ။

၇ ဇူလိုင် - ရင်တွင်းမှ ငိုချင်းများ။


ခံစားမှု (၁)။

ကျောင်းတော်ခရီး
လမ်းမကြီး၌
သွေးစီးပွက်ပွက်
ခုနစ်ရက်နေ့ 
မေ့ပါနိုင်
ဇူလိုင်လတွင်
သဲဆိုင်အက်အက်
အသက်စတေး
ခွင့်ရေးဆန္ဒ
ပြခဲ့ကြသည်
ဘ၀ကောင်းရာ လားစေသော်ဝ်။

ခံစားမှု (၂)။

လက်သီးဆုပ်လျက် ၊ ကြွေးကြော်တက်ရင်း
သေမင်းခေါ်သံ၊ ဆူဆူသံကြား
ကျဆုံးသွားသည့်၊ ကျောင်းသားလူရွယ် ရဲဘက်များ ...
နီရဲပူနွေး သတ္တ္တိသွေးကား
စွန်းထင်းကွက်အိုင် ၊ လမ်းအပြည့်
နောက်တစ်နေ့ တွင်
ခြောက်သွေ့ ခဲ့လို့ ၊ သွေးနီညိုကို
သူတို့ ဖျက်၍ ၊ ပျက်ပြီတကား
သြော် ....
သမိုင်းစာရွက် မျက်နှာထက်တွင်
ထိစင်ရဲစက် တို့ သွေးကွက်မူ
အသူဖျက်၍ ရအံ့နည်း။

ခံစားမှု (၃)။

သူရူးမ တစ်ယောက်
သားပျောက်ရှာရင်း
ကံ့ကော်ခင်းသည့်
တလင်းမြေထက်
လျောင်းအိပ်စက်၍
ငိုရှိုက်မက် လှိုက်ဖို
ငိုချင်းဆိုသည်
လူကို ခွေးသတ်လေခြင်း .... တဲ့။

ခံစားမှု (၄)။

ငါ့ရင်ဝတွင် ကျည်ဆံဝင်၍
သွေးရှင်လတ်လတ် မပြတ်စီးဆင်း
ဖြစ်နေခြင်းကြောင့်
သေမင်းငါ့ကို ခေါ်နေပြီ။
ငါမသေခင် မှာခဲ့ချင်သည်
လိုအင်ဆန္ဒ မရမချင်း
အားမာန်တင်း၍
လက်ငင်းတိုက်ပွဲဝင်ကြပါ။

(၁၉၆၂ ခုနှစ် ကျောင်းသားဟောင်းများကနေ ခံစားရေးဖွဲ့ ခဲ့ကြမှုများထဲမှ အချို့ အား ဖေါ်ပြခြင်း ဖြစ်ပါတယ်)။

ပြန်လည် မျှဝေ ပေးပို့ ပေးသော ကိုနစ်နေမန်း အား အထူး ကျေးဇူးတင် ရှိပါသည်.။