21 October 2011

ပခုက္ကူတွင် ရေဘေးဒုက္ခသည် ၁၅၀၀ ၀န်းကျင်ရှိ၊ အောက်တိုဘာ ၂၀ ရက်ညနေအထိ ၅၃ လောင်းဆယ်ယူပြီး



ပခုက္ကူမြို့တွင် ရေဘေးကြောင့် ဒုက္ခသည် ၁၅၀၀ ဦးဝန်းကျင် ကယ်ဆယ်ရေး စခန်းခြောက်ခု၌ ရောက်ရှိနေပြီး၊ အောက်တိုဘာ ၂၀ ရက်ညနေပိုင်းအထိ ရေထဲတွင် မျောပါသွားသူများထဲမှ ၅၃ လောင်းကို ပြန်လည်ဆယ်ယူနိုင်ပြီဖြစ်ကြောင်း ပခုက္ကူမြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှ သတင်းရရှိသည်။

ရွှေချောင်းချောင်းရေလျှံမှုကြောင့် ချောင်းဘေးရှိနေအိမ် ၃၀၀ ကျော် ရေထဲမျောပါသွားခဲ့ပြီး၊ အဆိုပါနေအိမ်များမှ ဒုက္ခသည် ၁၅၀၀ ၀န်းကျင်ကို ဘုန်းတော်ကြီးကျောင်း ခြောက်ကျောင်းတွင် ယာယီကယ်ဆယ်ရေးစခန်းဖွင့်လှစ်စောင့်ရှောက်ထားသည်။ တိလောက၊ မိုးကုတ်ဝိပဿနာ၊ ရွှေတောင်၊ ဓမ္မပါလ စသော ဘုန်းတော်ကြီးကျောင်း ခြောက်ကျောင်းတွင် ဒုက္ခသည်များအတွက် ယာယီကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ထားပြီး၊ မြို့ခံများက ဆန်၊ ထမင်းနှင့် ဟင်းထုပ်များလှူဒါန်းပေးနေကြသည်။ ရေဘေးဒုက္ခသည်အများစုမှာ လက်လုပ်လက်စားများဖြစ်ပြီး၊ နေအိမ်များ ရေထဲမျောပါသွားသည့်အတွက် ၎င်းတို့ပြန်လည်ထူထောင်နိုင်ရန် ဒန်အိုး ဒန်ခွက်၊ စောင်၊ ခြင်ထောင် စသော အရေးကြီးအိမ်သုံးပစ္စည်းများ လှူဒါန်းမည့်အလှူရှင်များ လိုအပ်လျှက်ရှိကြောင်း မြို့ခံများက ပြောသည်။

ရေစီးတွင်မျောပါသွားသူ ၁၀၀ ကျော်ရှိမည်ဟု ခန့်မှန်းပြီး၊ အောက်တိုဘာ ၂၀ ရက် ညနေပိုင်းအထိ ၅၃ လောင်းသာ ပြန်လည် ဆယ်ယူနိုင်သေးသည်။

"ကျွန်တော့်ပွဲရုံက အလုပ်သမားတစ်ဦးဆိုရင် သူ့ရဲ့ မိန်းမကော ယောက္ခမကော ကလေး လေးယောက်ကော အားလုံး ရေထဲမျောသွားတာ။ တစ်အိမ်တည်းနဲ့ ခြောက်ယောက်ပေါ့။ တချို့အိမ်တွေဆိုရင် ခုနစ်ယောက်၊ ရှစ်ယောက်ရှိတာ အိမ်လုံးကျွတ် ရေထဲပါသွားတာတွေရှိတယ်။ ခန့်မှန်းတာတော့ ၁၀၀ ကျော်လောက် သေမယ်မှန်းတာ။ ဒီထက် ထပ်တိုးလာဖို့ပဲရှိတယ်။ ၁၅၀ လောက်ထိ အသေအပျောက်ရှိနိုင်တယ် ထင်တယ်" ဟု ပခုက္ကူမြို့မှ ပဲနှမ်းကုန်သည်တစ်ဦးကပြောသည်။

ရေထဲမျောပါသွားသူများကို မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူများ၊ မီးသတ်၊ ကြက်ခြေနီနှင့် ရဲများပါဝင်သော ကယ်ဆယ်ရေးအဖွဲ့များက လိုက်လံ ကယ်ဆယ်နေသည်။ သို့သော် ရုပ်အလောင်းများစွာသာ ဧရာဝတီမြစ်ထဲမှတစ်ဆင့် ပြန်လည်ဆယ်ယူ နိုင်နေသည်။ အောက်တိုဘာ ၂၀ မှစတင်၍ ၂၁ ရက်အထိ ရွှေချောင်းချောင်းနှင့် ဧရာဝတီမြစ်အတွင်း အလောင်းများ တွေ့နေရ ဆဲဖြစ်ကြောင်း ဒေသခံများ က ပြောသည်။

ကယ်ဆယ်ရေးအဖွဲ့များက သုံးနှစ်သမီးတစ်ဦးကို ဧရာဝတီမြစ် ရေလယ်ကျွန်း၏ ဒိုက်ပုံပေါ်မှ အောက်တိုဘာ ၂၀ ရက်တွင် ကယ်တင်နိုင်ခဲ့ပြီး၊ သစ်ပင်ပေါ်တင်နေသော ၁၅ ရက်သား ယောက်ျားလေးတစ်ဦးကိုလည်း ကယ်တင်နိုင်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်း .. 7Day News Journal

ဓာတ်ပုံ...Black Rocker facebook မှ ပြန်လည်မျှဝေလိုက်ပါသည်.။