18 October 2011

သမ္မတဟောင်း ဂျော့ဘွတ်ရှ်ကို ဖမ်းပေးရန် ကနေဒါအစိုးရကို Amnesty International တောင်းဆို

အမေရိကန် ပြည်ထောင်စု၏ သမ္မတဟောင်း ဂျော့ဘွတ်ရှ်သည် ၎င်းအာဏာရ နေစဉ်အတွင်း အကြမ်းဖက် သမားဟု ယူဆရသည့် အကျဉ်းသားများကို နှိပ်စက်ညှဉ်းပန်း စစ်ကြောခဲ့သည့် အတွက် ရုံးတင် တရားစွဲဆို နိုင်စေခြင်းငှာ ၎င်းအား ဖမ်းဆီး ပေးပါရန် ကနေဒါ အစိုးရကို နိုင်ငံတကာ လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များ လှုပ်ရှား နေသည့် NGO ကြီးဖြစ်သည့် Amnesty International က တောင်းဆိုလိုက်ကြောင်း AFP သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

မစ္စတာ ဘွတ်ရှ်သည် ကနေဒါနိုင်ငံ အနောက်ပိုင်း ဗြိတိန် ကိုလံဘီယာ ပြည်နယ် ဆာရေးမြို့တွင် ပြုလုပ်မည့် စီးပွားရေး ဖိုရမ် တစ်ခုသို့ ယခုလ ၂၀ ရက်နေ့တွင် လာရောက် တက်မည်ဖြစ်ပြီး ကနေဒါသို့ ရောက်ရှိစဉ် ၎င်းကို ဖမ်းဆီးပေးရန် တောင်းဆိုခြင်း ဖြစ်သည်။

" နှိပ်စက်ညှဉ်းပန်းမှု အပါအဝင် နိုင်ငံတကာ ဥပဒေအရ ရာဇဝတ်မှု မြောက်တဲ့ ပြစ်မှုတွေအတွက် သမ္မတဟောင်း ဘွတ်ရှ်ကို ဖမ်းဆီး တရားစွဲဆို နိုင်ဖို့ နိုင်ငံတကာ ဥပဒေက ပေးထားတဲ့ တာဝန်အရ ကနေဒါ အစိုးရက လုပ်ပေးရမှာပါ " ဟု အထက်ပါ လူ့အခွင့်အရေး စောင့်ကြည့်သည့် အဖွဲ့မှ ပြောခွင့်ရ အရာရှိတစ်ဦးဖြစ်သူ ဆူဆန်လီက ပြောကြားသည်။ ကနေဒါ ရှေ့နေချုပ်ရုံးသို့ အဆိုပါ Amnesty အဖွဲ့က ဘွတ်ရှ်လက်ထက် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ပို့ပေးထားပြီး ဖြစ်ကာ ယခုမှ မီဒီယာပေါ်သို့ ထုတ်ပြန်ခြင်း ဖြစ်သည့်ဟု AFP သတင်းက ဖော်ပြထားသည်။

" အမေရိကန် အရာရှိတွေဟာ သူတို့ သမ္မတဟောင်းကို တရားဥပဒေအရ အရေးယူဖို့ ပျက်ကွက်ခဲ့တာမို့ နိုင်ငံတကာ အစိုးရကို စတင် တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။ အကယ်၍ ကနေဒါအစိုးရကသာ ဒါကို လုပ်ဆောင်ပေးဖို့ ပျက်ကွက် ခဲ့ရင်တော့ ဒါဟာ ကုလသမဂ္ဂရဲ့ ညှဉ်းပန်း နှိပ်စက်မှုဆိုင်ရာ ဆန့်ကျင်ရေး ကြေညာချက်ကို အလေးမထားတာပဲ ဖြစ်၊ အခြေခံ လူ့အခွင့်အရေးကို မလေးစားခြင်းလည်း ဖြစ်ပါတယ် " ဟု ဆူဆန်လီက ဆက်လက် ပြောကြားသည်။

ကနေဒါအစိုးရက အဆိုပါ သတင်းနှင့် ပတ်သက်၍ မှတ်ချက် တစ်စုံတစ်ရာ မပေးသေးပါ။ အာဖဂန်နှင့် အီရတ်စစ်ပွဲများ တိုက်ခဲ့သော သမ္မတ ဘွတ်ရှ်သည် အလားတူ လူ့အခွင့်အရေး လှုပ်ရှားသူများ၏ ဖိအားကြောင့် ဆွစ်ဇာလန် ခရီးစဉ် ပျက်ခဲ့ရဖူးသည်။

သတင်း..The Voice