19 October 2011

" စားဖိုမှူးကောင်းကောင်း လိုနေတာပါ " - ဇာဂနာနှင့် တွေ့ဆုံခြင်း


နာမည်ကျော် ကဗျာဆရာ၊ စာရေးဆရာကြီး နန်းညွန့်ဆွေ၏ သားဖြစ်ပြီး၊ နိုင်ငံရေးနှင့် ဆိုင်သော ပျက်လုံးများနှင့် အခြား လှုပ်ရှားမှုများကြောင့် ၁၉၈၆ ခုနှစ်တွင် တစ်ကြိမ်၊ ၁၉၈၈ ခုနှစ်တွင် တစ်ကြိမ်၊ ၁၉၉ဝ ခုနှစ်တွင် တစ်ကြိမ်၊ ၂၀၀၇ ခုနှစ်တွင် တစ်ကြိမ်၊ ၂၀၀၈ ခုနှစ်တွင် တစ်ကြိမ် စုစုပေါင်း ငါးကြိမ်တိတိ ဖမ်းဆီးထိန်းသိမ်း ခံခဲ့ရသူ နိုင်ငံကျော် ဟာသလူရွှင်တော်၊ သရုပ်ဆောင်၊ ဒါရိုက်တာနှင့် စာရေးဆရာ မောင်သူရ ခေါ် ဇာဂနာသည် ၂၀ဝဂခုနှစ် နာဂစ် ဆိုင်ကလုန်း မုန်တိုင်းအပြီး ပဉ္စမ အကြိမ်မြောက် ဖမ်းဆီးထိန်းသိမ်း ခံရအပြီး ၂၀၁၁ ခုနှစ်၊ အောက်တိုဘာလ ၁၂ရက် သီတင်းကျွတ် လပြည့်နေ့တွင် လွတ်မြောက်လာရာ The Voice Weekly က ရန်ကုန်မြို့တော်၊ စမ်းချောင်း မြို့နယ်၊ မြေနီကုန်းရှိ ၎င်း၏ နေအိမ်သို့ သွားရောက် တွေ့ဆုံ မေးမြန်းထားသည်များ အနက် သင့်တော်သည်များကို ကောက်နှုတ် ဖော်ပြအပ်ပါသည်။

VOICE : လက်ရှိက ဒီမိုကရေစီကို သွားတော့ သွားနေတယ်။ အကူးအပြောင်း ကာလမှာ Hard-liner တွေက ရှေ့သွားမယ့် သူတွေကို နောက် ပြန်ဆုတ်အောင် လုပ်နေသလို ဖြစ်နေတယ်။ နောက်တစ်ခုက တစ်လျှောက်လုံး အရိုးစွဲလာတာ ဖြစ်တဲ့အတွက် ဒီလိုမျိုး ဖြစ်သွားတာလား။ ကိုသူရ ခုနက ပြောတဲ့ အခြေအနေပေါ် မူတည်ပြီး သုံးသပ်ရင် ဘယ်လို နေမလဲ။ လွတ်လွတ်ချင်း ဆိုတော့ ကိုယ်နဲ့တူတူ ကျခံခဲ့သူတွေ မလွတ်တဲ့အတွက် ကိုသူရ စိတ်ထဲမှာ ခံစားမှုနဲ့ ပြောတယ်လို့ ကျွန်တော် ထင်တယ်။ ခေါင်းအေးအေးနဲ့ ထားပြီး ပြောမယ်ဆို ဘယ်လို မြင်မလဲ။

ZGN : အဲဒီအပေါ်မှာလည်း နှစ်ခု ရှိတယ်။ တစ်ခုက အချို့မေးတာ သွားတာတွေမှာ ခံစားမှုနဲ့ မြန်မြန်ဖြေ လိုက်တာ ရှိတယ်။ တကယ့် တကယ် စဉ်းစားကြည့်ရင် ဘယ်ကိစ္စမဆို Precaution Test (မဖြစ်ခင် ကြိုဆန်း စစ်) အပေါ် မူတည်ပြီးတော့မှ နောက်တစ်ဆင့် စဉ်းစားရမယ်လို့ ကျွန်တော် ယုံကြည်တယ်။ သို့သော် ဒီကာလ၊ ဒီအချိန် သီတင်းကျွတ် အချိန်မှာမှ ယူပြီးတော့ ဒါကို Precaution Test လုပ်လိုက်တယ်လို့ မြင်တယ်။ ဒါဟာ နိုင်ငံရေးပဲ။

နိုင်ငံရေး ဆိုတာမှာတော့ အနည်းနဲ့ အများ ဆိုသလိုတော့ ကစားကြမှာပါ။ ဒါကို ကစားကွက် တစ်ခုလို့ ကျွန်တော် ယူဆကြည့်မယ် ဆိုရင် အခြားသော ကစားကွက် တစ်ခု လိုအပ်လိမ့်ဦးမယ်လို့ ထင်တယ်။ အဲဒါ နိုင်ငံရေးစကား ဗျ။ တော်ရုံလူနဲ့ တွေ့ရင် ကျွန်တော် ပြောဖြစ်မှာ မဟုတ်ဘူး။ ဒါဟာ ပရိယာယ်ပါတဲ့ ကစားကွက်တစ်ခု။ ဒါက စစ်တုရင် ကစားကွက် တစ်ခု ဖြစ်သွားပြီ။ အဲဒါကို သပ်သပ် ကစားကွက် တစ်ခုလို့ ယူဆမိတယ်။ ဟိုဟာ (အခြား အင်တာဗျူး တွေမှာ ဖြေဆိုခဲ့တာတွေ) က ကျွန်တော် ပေါ်တင်ပြောရရင် Emotion Type နဲ့ ကျွန်တော် လုပ်တဲ့ဟာ။ ဒါတော့ ကျွန်တော် ဒီလိုပဲ ပြောမှာပဲ။ နိုင်ငံရေး စကားအနေနဲ့ မေးရင် Politician Outlook နဲ့ ဖြေမှာပဲ။ အဲဒီမှာလည်း ကျွန်တော် စဉ်းစားမိတယ်။ Politician Outlook နဲ့ Occupational Outlook ပေါ့။ ဒါကို အဲလိုတော့ သုံးသပ်မိတယ်။

သို့သော် ဒီဥစ္စာက ကျွန်တော် ဈေးဆစ်နေရမယ့် အရာ မဟုတ်ဘူး။ ရွေ့ တော့ ရွေ့ရမှာပဲ။ မရွေ့လို့တော့ မရဘူး။ နိုင်ငံရေး ဆိုတာကို အဲလို လုပ်မယ်လို့ ပြောပြတာ။ သို့သော် ထောင်ထဲက လူတွေ ကျန်နေခဲ့တဲ့ အတွက် စိတ်မကောင်း ဖြစ်တာတော့ ရှိတယ်။ ဒါပေမဲ့ တစ်ဖက်ကလည်း ထောင်ထဲ ဆယ့်လေးငါးနှစ် နေခဲ့ရတာ။ ဒီလောက်တော့ မမှုပါဘူးလို့ ပြောလို့ရတယ်။

ကျွန်တော့် သူငယ်ချင်းတွေကိုလည်း လူမှုရေးအရ ကျွန်တော် အားပေးလို့ ရမယ်။ ဘာပဲဖြစ်ဖြစ် လုပ်လို့ရတယ်။ သို့ သော် ဒီအနေအထားမျိုးတော့ သိပ်တော့ မကောင်းဘူး။ ကျွန်တော်တို့ ဒီဟာက နောက်တစ်နေ့ လုပ်စရာ အလုပ် ပေါ်လာတယ်လို့ ယူဆတယ်။ ကျွန်တော်တို့ ဉာဏ်ကစား ရတော့မယ်လို့ ထင်တယ်။ တစ်ခုခုတော့ အပြန်အလှန် ရွေ့ရတော့မယ်။ သူတို့ ဘက်ကတော့ စရွေ့ပြီ။

အဲဒီတော့ ကျွန်တော် စဉ်းစားတယ်။ စစ်တုရင် ကစားသလိုပဲ။ သူ့ဘက်က ဖွင့်လိုက်တဲ့ အပေါ် မူတည်ပြီးတော့ ကိုယ့်ဘက် ကလည်း လိုက်ကစား ရမယ်။ သူ့ဘက်က Opening တစ်ခုတော့ ဖွင့်လိုက်ပြီ။ ကိုယ့်ဘက်က ပိတ်မမိဖို့ လိုတယ်။ ကျွန်တော်က ဒီနေရာမှာ အပြတ်ငြင်းဖို့ တစ်ခု ရှိတယ်။

အဲဒါက ဘာလဲဆိုတော့ လမ်းမပေါ် ထွက်ပြီး အကျဉ်းသား အားလုံး လွှတ်ပေးဆိုတဲ့ စာတမ်းကြီးတွေ ထောင်ပြီး လုပ်တဲ့ လုပ်ရပ်ကိုတော့ လုံးလုံးလျားလျား ထောက်ခံမှာ မဟုတ်ဘူး။ ကျွန်တော့ကို အဲဒါ လုပ်ပါဆိုရင်လည်း လုပ်မှာ မဟုတ်ဘူး။ ဒီအချိန်မှာ ဉာဏ်ကစားရမယ့် အချိန်။ ကျွန်တော်က စစ်တုရင်ပွဲ တစ်ခုလို့ပဲ မြင်တယ်။ ဒါဟာ ဘောလုံးပွဲ မဟုတ်ဘူး။ စားပွဲပေါ်မှာ ကစားရမယ့် ကိစ္စ။ အဲဒါကတော့ နည်းနည်းတော့ သိမ်မွေ့တယ်။

VOICE : အခု ကိုသူရပြောသွားတဲ့ သဘောက လက်ရှိ Scenario က ဒီလိုပဲ ဖြစ်နေတယ်။ အထဲမှာ ဖတ်ခဲ့ရတဲ့ စာတွေနဲ့ ကြားသိရတာတွေ ရှိမယ်။ နောက် ကစားပွဲမှာ အဓိက ပလေယာတွေ ရှိတယ်။ အဲဒီတော့ Scenario ကို သေချာ သဘောပေါက်ဖို့ ဘယ်လို ပလေယာတွေနဲ့ စကားပြောဖို့ လိုမယ် ထင်လဲ။

ZGN : ကျွန်တော်ကလည်း ပြောချင်တယ်။ ထိုနည်းတူ ပြောတာလည်း နားထောင်ချင်တယ်။ အဲဒီလူကတော့ အရင်ကလည်း Key Player ဖြစ်တဲ့ အန်တီ(ဒေါ်အောင်ဆန်းစုကြည်) ပေါ့။ အန်တီ့ကို မေတ္တာရပ်ခံချင် တာလည်း ရှိတယ်။ နောက် ဦးရွှေမန်း နဲ့လည်း ပြောမယ်။ ပြီးရင် ဦးခင်အောင်မြင့်နဲ့လည်း ပြောမယ်။ ကာကွယ်ရေး ဦးစီးချုပ်နဲ့လည်း ပြောမယ်။ ပြည်ထဲရေး ဝန်ကြီးနဲ့လည်း ပြောမယ်။ ပြီးတော့ အန်တီ့ကိုလည်း သူတို့နဲ့ တွေ့ဖို့ မေတ္တာရပ်ခံ ချင်တယ်။ သူတို့ ပြောတာလည်း နားထောင်ချင်တယ်။ အဲဒါကိုတော့ ကျွန်တော် ဦးဆုံး လုပ်မှာပါ။

VOICE : အန်တီနဲ့ စကားပြောပြီးတဲ့ အခါမှာ အချို့ သိသင့်တာတွေ သိလာမယ်။ ဘာ မျှော်လင့်ထားတာ ရှိလဲ။

ZGN : မျှော်လင့်ထားတာတွေ ကတော့ ဒီလူ၊ ဒီလူတွေနဲ့တော့ တွေ့ချင်တယ်။ အနှစ်သာရက ကျွန်တော် ဘာကို သိစေချင်လဲ ဆိုတော့ ဒီလူငယ်တွေ ကိစ္စကို အန်တီ့ကို မေးမယ်။ အန်တီ ဘာလုပ်မလဲပေါ့။ ကျောင်းတွေ ဖွင့်လိုက်၊ သင်တန်းတွေ ဖွင့်လိုက်နဲ့ ဒီထက်ပိုပြီး အရှိန်မြှင့်ဖို့ လိုတယ်။ အရေးကြီးတဲ့ သင်တန်းတစ်ခု ဖွင့်ဖို့ လိုတယ်။ လွှတ်တော် တည်ခဲ့တာ ပျင်းလို့တော့ မဟုတ်ဘူး။ ကိစ္စတစ်ခု ရှိရတော့မယ်လို့ ကျွန်တော် နဂို ထောင်ထဲကတည်းက စဉ်းစားတယ်။ စဉ်းစားတဲ့ အတိုင်းပဲ ဒီလိုဟာ တစ်ခု ဖြစ်လာတယ်။ ဒီလိုဟာ တစ်ခု ဖြစ်လာတဲ့ နောက်မှာ ပါတီ မှတ်ပုံတင်ဖို့ စပြီး ဆွေးနွေးကြရ တော့မယ်။ ဖဲစကားနဲ့ ပြောရင် First Step နီးပြီပဲ။ ဘယ် ဖဲပစ်ပစ် မဒေါင်းတော့ဘူး။ ဒါကတော့ ရှေ့လျှောက်ရမယ့် ခရီးပဲ။

ကျွန်တော် အန်တီ့ကို မေးရမှာက အန်တီ မှတ်ပုံတင်မလား၊ မတင်ဘူးလား။ ဖဲကတော့ တစ်ချပ် ဝယ်ရတော့မယ်။ မဝယ်ချင်ရင် အန်တီ ဦးဆောင်တဲ့ အခြားပါတီတစ်ခု အရေးတကြီး လိုလာမယ်။ ကျွန်တော် ဒီစကားတွေ ပြောရတော့မယ်။ ကျွန်တော် မြင်တဲ့နိုင်ငံရေး အရွေ့က အဲဒါလို့ ကျွန်တော် ထင်တယ်။ နှစ်မျိုးပဲ ကျွန်တော် မြင်တယ်။ တစ်က NLD မှတ်ပုံတင် မှာလား။ ဒီတစ် ဖဲ 'ဟ' ထားတယ်။ ဒီအတွက် 'ဟ' ထားတာ။ မှတ်ပုံတင် ဘာဆက်ဖြစ်မလဲ။ သို့မဟုတ် NLD ကို ဒီအတိုင်း ဆက်ထားလိုက်။ ရက်စ်တော့ ဖြစ်သွားပြီ တစ်ခု။ Variation (နိုင်ငံရေးကစားပွဲ) တစ်ခု။ လက်ခံရင် Variation တစ်ခု။ လက်မခံရင် နောက်တစ်မျိုး ကျွန်တော် ပြောပြဦးမယ်။ အဲဒီဟာက ဘယ်လို ဖြစ်လာမလဲဆိုတော့ ကျွန်တော် ခုနက ပြောသလိုပဲ ပုဂ္ဂိုလ်ကြီးတွေနဲ့ တွေ့ဖို့ ပြောရဦးမယ်။

ဒါ နိုင်ငံရေးကြောင့် ကျွန်တော် ပြောတာ။ ခုနက ပြောတာက လူပြက်ပြော ပြောတာ။

VOICE : အဲဒီတော့ နိုင်ငံရေးနဲ့ ပတ်သက်ပြီးတော့ တစ်လျှောက်လုံး မြန်မာပြည် လိပ်ခဲတည်းလည်း ဖြစ်လာခဲ့တဲ့ အတိုက်အခံနဲ့ အစိုးရ ကြားပေါ့။ အတိုက်အခံလို့ သုံးရတာတော့ ကျွန်တော့်စိတ်ထဲ ဘဝင်မကျပါဘူး။ အများသုံးတဲ့ စကားဖြစ်လို့ သုံးရတာပါ။ အခုအချိန်က နှစ်ဖက်စလုံးက သေသေချာချာ စဉ်းစဉ်းစားစား ဆုံးဖြတ်ရမယ့် အဓိက အချိန်ကာလကို ရောက်ပြီလို့ ကိုသူရ ယူဆလား။

ZGN : ကျွန်တော် ထင်တယ်။ ဥပမာ - ဟင်းပွဲကြီး တစ်ပွဲ လိုပေါ့။ ချက်စရာ အမယ်တွေတော့ အစုံရောက်ပြီ။ ချက်တတ်တဲ့ လူတွေ ချက်မှ ဒီဟင်းပွဲကြီး စားကောင်းမှာ။ ပစ္စည်းတွေကတော့ စုံပြီ ချက်တဲ့သူ အပေါ် မူတည်ပြီး ဒီဟင်း ပွဲကြီး စားကောင်း မကောင်း ဆုံးဖြတ်မှာ။ ချက်တတ်တဲ့သူ ကလည်း များများ မလိုဘူး သုံးယောက်ပဲ လိုတယ်။ ချက်တတ်တဲ့သူတွေ ဘယ်သူတွေ ဖြစ်မလဲဆိုတာ ကျွန်တော် ခန့်မှန်းလို့ပဲ ရသေးတယ်။ ယတိပြတ် ပြောလို့ မရသေးဘူး။ ကျွန်တော်တို့မှာ အဲဒီ ချက်တတ်တဲ့သူတွေ လိုနေပြီ။ ဟင်းပွဲကြီးကတော့ ချက်ဖို့ အဆင်သင့် ဖြစ်နေပါပြီလို့။ ချက်တတ်တဲ့သူ လိုနေတယ်။ ပုစွန်မှန်း၊ ငါးမှန်း သိပေမယ့် ချက်တတ်တဲ့သူ ချက်မှ စားကောင်းမှာ။ သေချာတာကတော့ သမ္မတကြီး ဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည် ကတော့ မပါလို့ မဖြစ်ဘူး။ တိုင်းပြည်ပြင်ပ ရောက်နေတဲ့သူတွေလည်း ဟင်းချက်တဲ့ သူတွေ ထဲမှာ ပါဖို့ လိုပါတယ်။ တလောက လာသွားတဲ့ ကိုဇော်ဦးတို့ပဲ ဖြစ်ဖြစ်၊ ကိုဇာနည်တို့ပဲ ဖြစ်ဖြစ် ဘယ်သူ ဖြစ်မယ် ဆိုတာ ကျွန်တော် မသိသေးဘူး။ အန်တီနဲ့ ဦးသိန်းစိန် နှစ်ယောက်တည်းနဲ့တော့ မလုံလောက် သေးဘူး။ စကားလုံး ကောင်းကောင်း သုံးရရင် စားဖိုမှူး ကောင်းကောင်း လိုနေတာပါ။

VOICE : ဧည့်သည်တွေ များတဲ့ အတွက် မေးခွန်း နှစ်ခုလောက် ထပ်မေးပါရစေ။ သီးလေးသီးနဲ့ ပတ်သက်တဲ့ ကိစ္စတွေ နှစ်သီးပဲ ပြန်လာတဲ့အတွက် မျှော်စင်ကျွန်း ကိစ္စကို သဘောမတူဘူးလို့ အသံထွက် နေတာတွေ ကြားရပါတယ်။ သူတို့ အကြောင်းကို စိတ်ခံစားမှုနဲ့ ပြောမိတာလား။ ဘာကြောင့် ပြောမိတာလဲ ဆိုတာ သိပါရစေ။

ZGN : ကျွန်တော် ခုနက ပြောခဲ့သလိုပါပဲ။ သူတို့ သီးလေးသီး ဆုံရင်တော့ ဘာမှ ပြောစရာ မရှိပါဘူး။ သူတို့ဆီကို ကျွန်တော် ရေးထားတဲ့စာ ရှိပါတယ်။ အဲဒီစာက ကံအားလျော်စွာ ကျွန်တော် အခု ထွက်လာတဲ့ အချိန်ထိ ရောက်မလာဘူး။ ဒီနေ့မနက်မှ ရောက်လာပါတယ်။ မကနဲ့လို့ မပြောပါဘူး။ အေးအေးဆေးဆေး ကလို့ ရပါတယ်။ ကျွန်တော် ထွက်လာမယ် ဆိုတာ သူတို့ ကြိုလည်း မသိပါ ဘူး။ သူတို့ နှစ်ယောက်က တောင်ပံ တိုက်စစ်တွေ ဆိုရင် ကျန်တဲ့ နှစ်ယောက်က ဘလင်နာနဲ့ စထရိုက်ကာပါ။ သူတို့ နှစ်ကောင်တည်းနဲ့လည်း ဘာမှလုပ်လို့ မရပါဘူး။ ဟိုနှစ်ယောက်တည်း နဲ့လည်း လုပ်လို့ မရပါဘူး။ အမှန်အတိုင်း ပြောရရင် တစ်စုတစ်စည်းတည်း ကစေချင်တယ်။ မတည့်ဘူးလို့ ပြောတာကိုလည်း ကျွန်တော် လက်မခံပါဘူး။ တည့်ကို တည့်ရပါ့မယ်။ ကျွန်တော်နဲ့ 'ကိုမေတ္တာ' ဆိုရင် မတည့်ဘူးလို့ ဘယ်သူမှ ပြောလို့ မရပါဘူး။ အခုချိန်ထိလည်း ကျွန်တော်တို့မှာ မတည့်စရာ အကြောင်း မရှိပါဘူး။ သူတို့ ပေါင်းတာလည်း ဘယ်လောက်မှ မကြာသေးပါဘူး။ ကျွန်တော်တို့ ပေါင်းလာတာ နှစ်ပေါင်း ၃၀ ကျော်ပါပြီ။ ရန်လည်း တစ်ကြိမ်မှ မဖြစ်ဖူးဘူး။ 'အရိုင်း' နဲ့လည်း ဒီအတိုင်းပါပဲ။

ဒီနိုင်ငံမှာ မတည့်ဘူးဆိုတဲ့လူတွေ Agree to Disgree ခေတ်ကာလမှာ မင်းတို့ မတည့်ကြဘူး ဆိုရင် မင်းတို့ အသုံးမကျ လို့ပေါ့။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးသိန်းစိန် တို့တောင် လက်ဆွဲနှုတ်ဆက် နေကြပြီ။ မင်းတို့ ဘာလို့ မတည့်ကြ တာလဲ။ ဖြတ်လို့ မရလို့ ကမယ်ဆိုရင် ကကြပါ။ မစုံဘဲနဲ့ ကမယ်ဆိုရင် ကျွန်တော် သဘောမတူပါဘူး။ သီးလေးသီးအဖွဲ့ စပြီးကတော့ သူရယ် (ချောစုမျိုး)၊ မြစပယ်ငုံရယ်၊ သီးလေးသီးနဲ့ ကခဲ့ကြတာပါ။ မျှော်စင်ကျွန်းထဲက လှလှပပ ထွက်ခဲ့ပြီးမှ မျှော်စင်ကျွန်းကို ပြန်ဝင်တဲ့ အချိန်မှာ ခြေကျိုး နားရွက်ပြတ်နဲ့ ပြန်ဝင် မလာစေချင်ပါဘူး။ မျှော်စင်ကျွန်းပွဲကို ကျွန်တော် လုပ်ခဲ့တာ စိန်ခေါ်ပြီးတော့ ကျွန်တော် လုပ်ခဲ့ရတာပါ။ အငြိမ့်ဆိုတာ ဒီလို ကရတယ်ဆိုတာ သိစေချင်လို့ပါ။ ဘုန်းကြီးကိစ္စ ဖြစ်တာကို အမြတ်ထုတ် လိုက်တာလည်း ပါ,ပါတယ်။ ခေတ်ကာလရဲ့ အခြေအနေကို နားလည်ပြီး လုပ်ဖို့ လိုပါလိမ့်မယ်။ ဂမ်ဘာရီ ရှိနေလို့ သူနဲ့ဆိုင်တဲ့ ပြက်လုံး ထွက်ခဲ့တာပါ။ အခုချိန် မင်းတို့ ဘာပြက်လုံး သွားထုတ်မလဲ (ဇီးသီး၊ ဂေါ်ဇီလာ၊ စိန်သီး)။ တိုင်းပြည်ပြင်ပက လူတွေရဲ့ အကြောင်းကို ပြက်လုံးထုတ်မယ် ဆိုရင် သူတို့အကြောင်းကို သိဖို့ လိုပါမယ်။ ကျွန်တော် ပြောပါရစေ။ သူတို့တွေရဲ့ နာမည်တွေကို ကျွန်တော် ပေးခဲ့တာပါ။ ဂေါ်ဇီလာကိုလည်း ကျွန်တော်ပဲ ပေးခဲ့တာပါ။ အခု ကျွန်တော် အပြင် ရောက်လာပြီ ဖြစ်တဲ့အတွက် တိုင်ပင်ပါရစေဦး။ ကျွန်တော် မရောက်ခင်တုန်းက ကြိုက်သလို လုပ်ကြပါ။ ကပြီ ဆိုရင်တော့ ကောင်းအောင် လုပ်ကြရပါတယ်။ တစ်နှစ်တည်းမှာ တစ်ပွဲတည်း ကက သမိုင်းတွင် ကျန်ရစ်ဖို့ လိုပါတယ်။ ချန်ပီယံ သရဖူဆိုတာ ရဖို့လွယ်သလောက် ထိန်းသိမ်းဖို့ ခက်ပါတယ်။ ကိုမေတ္တာဆို ဒီအချိန်ထိ ဘာကြောင့် ရပ်တည်နေတာ လဲဆို သူတို့တွေ သင်ခန်းစာယူဖို့ သင့်ပါတယ်။ ခဏခဏ အပိတ်ခံရတာနဲ့ အထဲမှာ နေရတာနဲ့ ကျသလောက်ကို ပြန်တက်နိုင်တဲ့ သူပါ။ ရန်ဖြစ်တာ၊ တစ်ယောက်နဲ့ တစ်ယောက် မတည့်တာ မင်းတို့ အင်တာဗျူးတွေမှာ ဖတ်ရတယ်။ ခေါက်ဆွဲခြောက် စားရတာလောက်ကို စာဖွဲ့ပြီး ဖြေထားတာပါ။ ကျွန်တော်တို့တွေဆိုရင် လူတွေရဲ့ အထင်သေးခံ ခဲ့ရတာတွေ၊ ထမင်း မစားခဲ့ရတာတွေ အများကြီး ကြုံခဲ့ရပါတယ်။

ပြန်ပြောပြရမယ် ဆိုရင် ကြံတော သချိုင်း ရှိစဉ်တုန်းက ဂူတွေပေါ်မှာ အကျွတ်အလွတ် ပွဲအတွက် ဖယောင်းတိုင်တွေ ထွန်းထားပါတယ်။ ကျွန်တော်နဲ့ ကိုမေတ္တာ ည ၈ နာရီလောက် မီးသင်္ဂြိုဟ်စက် အဆောက်အအုံရှေ့မှာ သွားထိုင်နေရပါတယ်။ ဘာကြောင့်လဲဆိုတော့ မနက်ဖြန်မှာ မြန်မာ့အသံမှာ အစမ်းကပြဖို့အတွက် တီးစရာ ဆိုင်းမရှိလို့ပါ။ မူလတုန်းကတော့ တက္ကသိုလ် အနုပညာအသင်းက လူတွေ တီးဖို့ စီစဉ်ထားပေမယ့် အနီးကပ်တော့မှ သူတို့က ကပ်ဖျက် လိုက်ပါတယ်။ ဆိုင်းလိုက် စုံစမ်းတော့ ဘယ်ဆိုင်းမှ ငှားလို့ မရတော့ဘူး။ ကြံ့တော သချိုင်းထဲက မသာတီးတဲ့ ဆိုင်းပဲ ရှိတယ်။ မနက်စာလည်း ည ၈ နာရီထိုးတဲ့ အချိန်ထိအောင် မစားရသေးတဲ့အတွက် မြန်မာ့ အသံရှေ့မှာရှိတဲ့ သစ်တောဝန်ထမ်း အိမ်ရာက ကိုမေတ္တာရဲ့ အစ်မအိမ်က ထမင်းကို သွားတောင်းပြီးတော့ စားခဲ့ရပါတယ်။ အဲဒီလောက်ထိ သူတို့တွေ ဘဝ မနာခဲ့ပါဘူး။ ၂၀၀၇ တုန်းက အုတ်အော် သောင်းတင်း ဖြစ်အောင် လုပ်နိုင်ခဲ့တဲ့ အရှိန်ကို ၂၀၁၁ မှာ အရှိန် ပိုကောင်းလာအောင် ဒီထက်တင်ဖို့ လိုပါတယ်။ အဲဒီလို ဖြစ်လာဖို့အတွက် ကျွန်တော်လည်း အပြင် ပြန်ရောက်လာပါပြီ။ လူစုံတက်စုံလည်း ဒီမှာ ရှိပါတယ်။ ဝိုင်းပြီးတော့ လုပ်ဖို့ လိုပါလိမ့်မယ်။ မကပဲ နေရင်တော့ ဘာမှ မဖြစ်ပါဘူး။ ကရင်တော့ ကောင်းအောင် လုပ်ပေးဖို့ လိုပါတယ်။