16 October 2011

နိုင်ငံကျော်အနုပညာရှင်ဇာဂနာနှင့်True News ဂျာနယ်တွေ့ဆုံခြင်းအင်တာဗျူးအားစာပေစီစစ်ရေးမှခွင့်ပြုချက်မပေး


နိုင်ငံကျော်အနုပညာရှင်ဇာဂနာနှင့်တွေ့ဆုံခြင်း အား စာပေစီစစ်ရေးမှ ခွင့်ပြုချက် မပေးပါသဖြင့် True Newsအတွဲ-၄၊အမှတ်-၄တွင် ဖော်ပြနိုင်ခြင်းမရှိပါ။ ဇာဂနာနှင့်မေးမြန်းထားသည်များမှ အချို့ ကိုကောက် နှုတ်ဖော်ပြပါပေးထားပါသည်။

များများပြူထွက်လာဖို့၊

အရှိန်အဟုန်မြင့်မြင့်နဲ့ ပြူထွက်လာဖို့လိုတယ်၊ မြန်မာနိုင်ငံက လှောင်အိမ်ထဲထည့်ခံထားရတဲ့ ကျားလို၊ ခြင်္သေ့လိုဖြစ်နေတဲ့ အခြေအနေပါ...“ နိုင်ငံကျော်အနုပညာရှင် ဇာဂနာနှင့်တွေ့ဆုံခြင်း”

“အီမိုးရှင်းအရပြောရရင် စစချင်း စိတ်တော်တော်ပျက်သွားတယ်။ သမ္မတကြီးကို မယုံချင်ချင်ဖြစ်သွားတယ်၊ ကျွန်တော်တစ်ဦးတည်းအမြင်ကိုပြောတာပါ။ ကိုမင်းကိုနိုင် အစ်မက သူကိုထောင်ဝင်စာ တွေ့ခါနီးဘာမှာအုံးမလဲ ဖုန်းဆက်မေးတော့ ရင်ထဲလုံးဝမကောင်းဘူး၊ ဒီအပေါ်ကျွန်တော်တော်တော်လေးခံစားရတယ်၊ အီမိုးရှင်းမဟုတ်ဘဲ တဖြည်းဖြည်း ပြန်စဉ်းစားကြည့်တော့ ကျွန်တော်သမ္မတကြီးကို ယုံကြည်လာတယ်၊ ဒါဟာ နိုင်ငံရေးအရ ဆိုရင် သမ္မတကြီးရဲ့ အစပျိုး စမ်းသပ်ချက်တစ်ခုပဲ။”

“ထောင်ကထွက်ထွက်ချင်း ပထမဆုံး လုပ်မှာက ကျန်ခဲ့တဲ့သူငယ်ချင်းတွေအားလုံး အပြင် ပြန်ထွက်လာအောင်လုပ်မယ်၊ အားလုံး အပြင်မှာ ပျော်ပျော်ပါးပါး ပြန်ဆုံကြဖို့ အစွမ်းကုန်ကြိုးစားမယ်။ မလွတ်လာသေးတဲ့ အကျဉ်းသားတွေ လိုအပ်တဲ့အကူအညီ ထောက်ပံ့ဖို့ ကျွန်တော်ဦးဆောင်စီစဉ်သွားမယ်။ ကမ်းလှမ်းထားသူတွေ အများကြီးရှိတယ်။ ကူညီပေးကြမယ်လို့လည်းဆိုတယ်။”

“အန်တီအနေနဲ့ ပါတီအသစ်ထောင်မယ်ဆိုပါတော့ ဒါက ကျွန်တော့်စိတ်ကူးပါ ဒီလိုလုပ်မယ်ဆိုလည်း လုပ်သင့်တယ်လို့မြင်တယ်။ ကိုယ်စားပြု (proxy) ပါတီတစ်ခု အနေနဲ့ပေါ့။ ကြားဖြတ်ရွေးကောက်ပွဲဝင်ဖို့ ပါတီထောင်ဖို့ ပြောတာမျိုးမဟုတ်ဘူး၊ လူငယ်တွေ နိုင်ငံရေးလုပ်ဖို့ ကွင်းတစ်ကွင်း ရသွားမယ်။ အန်တီ ဦးဆောင်မှုနဲ့ပေါ့ ။အန်တီက ဒီမိုကရေစီရဲ့ မိခင်ကြီး မြန်မာနိုင်ငံ ရဲ့ နိုင်ငံရေးခေါင်းဆောင် အနေနဲ့သာ နေစေချင်တာမျိုးပါ။”

ပြည်သူ့ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်တွေအပေါ်မှာရော လွှတ်တော်အတွင်း အဆိုတင်သွင်းမှုကို အားရလား ဆိုတဲ့ မေးခွန်းအပေါ်ဖြေကြားရမှာ-

“အားမရဘူး ရှင်းရှင်းပြောရရင် ဂျာနယ်လစ်တွေ မေးတဲ့မေးခွန်းလောက် အဆင့်မရှိဘူး။ လွှတ်တော်ထဲမှာ မသိလို့မေးတာမျိုး မလုပ်သင့်တော့ဘူး။ မြေစမ်းခရမ်းပျိုးတာမျိုး မလုပ်ရဘူး။ ကိုယ့်ကိုကိုယ် ပိုကောင်းတဲ့ အရည်အသွေးတွေ ဖြည့်ပြီး လွှတ်တော်မှာပြသဖို့လိုပြီ။ အခုပုံစံက လွှတ်တော်ကိုယ်စား လှယ်တွေက မြန်မာဘောလုံးအသင်းနဲ့တူနေပြီ၊ ဘယ်လိုကန်ကန် မနိုင်တော့ဘူးဖြစ်နေတယ်။”