17 October 2011

ပြည်သူ ခြောက်ထောင်ကျော်တို့ဘဝ ကသောင်းကနင်းဖြစ်မှုအား အစိုးရမှပစ်ပယ်ထားမည်ဟု မယုံကြည်

ပြည်သူခြောက်ထောင်ကျော်တို့၏ လူမှုဘဝ ကသောင်းကနင်းဖြစ်မှုအား နိုင်ငံတော် အစိုးရမှ ပစ်မယ်ထားမည် မဟုတ်ကြောင်း လှည်းတန်းရှိ ပြည်မြန်မာကုန်တိုက်တွင် ဆိုင်ခန်းဖွင့်လှစ်သူများက တစ်ညီတစ်ညွတ်တည်း ဆိုကြသည်။

“ကျွန်တော်တို့ရဲ့ မိသားစုဘဝတွေ၊ အလုပ်ရှင် အလုပ်သမားတွေရဲ့ ဆက်ဆံရေး အခြေအနေတွေကို ပျက်စီးပြီး တစ်ဦးတစ်ယောက်တည်းက ချမ်းသာမယ့် အလုပ်ကို အစိုးရအနေနဲ့ လုပ်ဆောင်ဖို့ အားပေးမယ်လို့ မထင်ပါဘူး” ဟု ပြည်မြန်မာကုန်တိုက်အတွင်းရှိ အလှကုန်ပစ္စည်းဆိုင်ရှင် ဦးတင်ဦးက ပြောကြားသည်။

ပြည်မြန်မာဆိုင်ခန်းပိုင်ရှင်များသည် သက်ဆိုင်ရာဝန်ကြီးဌာနမှ ပေးဆောင်ရန် သတ်မှတ်သည့် ဆိုင်ခန်းခွန်၊ ရေခွန်၊ မြေခွန်များကို အတိအကျ ပေးဆောင်သဖြင့် မိမိတို့အား ဖွဲ့စည်းပုံအခြေခံဥပဒေမှ ကာကွယ်မည်မှာ သေချာပါကြောင်း ယင်းက ဆက်လက်ပြောကြားသည်။

“စီးပွား/ကူးသန်းဝန်ကြီးဌာနက ညွှန်ကြားရေးမှူးတစ်ယောက်ဆိုရင် လက်ရှိအစိုးရနဲ့ အရင်အစိုးရ ဘာမှမကွာဘူးလို့ ပြောတာတောင် ကျွန်တော်တို့တွေက ဒီမိုကရေစီအစိုးရကို တန်ဖိုးထားတယ်။ ဒါကြောင့် ကျွန်တော်တို့ နစ်နာမှုတွေ ပြန်ရမယ်လို့ ထင်တယ်”ဟု ပြည်မြန်မာ ကုန်တိုက်ဝင်းတွင် လက်ဘက်ရည်ဆိုင် ဖွင့်ထားခဲ့ဖူးသူတစ်ဦးက ပြောကြားသည်။

“ပြည်သူတစ်ဦးတစ်ယောက်ကို မဟုတ်ဘဲ။ ပြည်သူတွေ အကုန်လုံးကို ထိခိုက်ရင် ပြည်ထောင်စု တရားလွှတ်တော်ချုပ်ကို တားမြစ်စေ အမိန့်တော် ချပေးဖို့ ဦးတိုက်လျှောက်ထားလို့ရတယ်”ဟု တရားရုံးချုပ်ရှေ့နေတစ်ဦးက အကြံပြု ပြောကြားသည်။

စီးပွား/ကူးသန်းဝန်ကြီးဌာနပိုင် ပြည်မြန်မာကုန်တိုက် အဆောက်အဦးအား AA Pharmacy ကုမ္မဏီမှ ပြည်မြန်မာ ဆိုင်ခန်းပိုင်ရှင်တစ်ဦး နာမည် အသုံးပြု၍ ဝယ်ယူခဲ့ပြီးယင်းအဆောက်အဦးအား Shopping Centre ဖွင့်ရန် စီစဉ်ထားကြောင်း သတင်းရရှိသည်။

သတင်း.. KS ( yangonchronicle )