21 October 2011

လွတ်မြောက်လာသောနိုင်ငံရေးအကျဉ်းသားများနှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံနှုတ်ဆက်မည်


အစိုးရသစ်၏ ဒုတိယအကြိမ်လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာ သည့် နိုင်ငံရေးအကျဉ်းသား များကို ဒေါ်အောင်ဆန်းစုကြည်က အောက်တိုဘာ ၂၁ ရက်နေ့တွင် တွေ့ဆုံနှုတ်ဆက်သွားမည်ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD)မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ထောင်မှလွတ်မြောက်လာသော နိုင်ငံရေးအကျဉ်းသားများကို လွတ်မြောက်လာချိန်တွင် NLDမှ ဗဟိုအလုပ်မှုဆောင်များက ပုံမှန်တွေ့ဆုံလေ့ ရှိရာ ယခုအကြိမ်တွင် ဒေါ်အောင်ဆန်းစုကြည် ပါ တွေ့ဆုံဆွေးနွေးသွားမည် ဖြစ်ကြောင်း သိရသည်။

“ဒေါ်အောင်ဆန်းစုကြည်ရဲ့ လမ်းညွှန်မှုအောက်မှာပဲ ဆက်လုပ်သွားမှာပါ”ဟု ပြန်လည် လွတ်မြောက်လာ သည့် နိုင်ငံရေး အကျဉ်းသားများက ပြောဆိုသည်။

အကျဉ်းသား ၆၃၀၀ကျော်လွတ်ပေးခဲ့ရာ နိုင်ငံရေးအကျဉ်းသား ၂၃၁ဦးလွတ်မြောက်လာခဲ့ပြီး NLD အဖွဲ့ဝင် ၃၈ ဦး လွတ်မြောက် လာခဲ့ကြောင်း NLD မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အကျဉ်းသားများအား လွှတ်ပေးခဲ့ခြင်းကိုမူဝိုင်းဝန်း ကြိုဆိုကြသော်လည်း နိုင်ငံရေးအကျဉ်းသား အားလုံးကို လွှတ်ပေးရမည်ဖြစ်ပြီး အားလုံး လွတ်မြောက်ရေးအတွက် ဆက်လက်တောင်းဆိုကြရ မည် ဖြစ်ကြောင်း နိုင်ငံရေးအင်အားစုများက တစ်ညီတညွှတ်တည်း ပြောဆိုကြသည်။

၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်များအပါအဝင် တခြားသော နိုင်ငံရေးအကျဉ်းသား အားလုံးကို လွှတ်ပေးမှသာ အမျိုးသား ရင်ကြားစေ့ရေးကို တည်ဆောက်နိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း ၎င်းတို့က ပြောကြားသည်။

သတင်းရင်းမြစ်..... yangonchronicle