19 October 2011

ပြည်သူတွေရဲ့ အသံကို တကယ်ဘဲမကြားတာလား သမ္မတကြီးရယ်.


နိုင်ငံတော်သမ္မတအနေဖြင့် ယနေ့၂၀၁၁ခုနှစ် အောက်တိုဘာလ ၁၈ရက်နေ့တွင် ကျရောက်သော ၈၈မျိုးဆက်သစ်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၏ ၄၉နှစ်မြောက် မွေးနေ့လက်ဆောင်အနေဖြင့် ကိုမင်းကိုနိုင်အပါအ၀င် ကျန်ရှိနေသော နိုင်ငံရေးအကျဉ်းသားများကိုထပ်မံ လွှတ်ပေးရန် ကိုဇာနာ (ခေါ်) ကိုသူရ နှင့် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသော မိသားစုဝင်များမှ မျှော်လင့်နေကြောင်း ကိုမင်းကိုနိုင်၏ မွေးနေ့ပွဲအခမ်းအနားတွင် ပြောကြားခဲ့ပါတယ်

အဆိုပါအခမ်းအနားကို သမိုင်းမြို့မပရိယတ္တိ စာသင်တိုက်တွင် ကျင်းပပြီး ၈၈ မျိုးဆက်ကျောင်းသားလူငယ်အဖွဲ့၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ၊ အန်အယ်လ်ဒီ အဖွဲ့ချုပ်အဖွဲ့ဝင်များ ၊ ၈၈ မျိုးဆက်သစ်ကျောင်းသားလူငယ်များ ၊ မကြာသေးခင်မှ လွတ်မြောက်လာသော နိုင်ငံရေးအကျဉ်းသားအချို့၊ generation wave မှ ဇေယျာသော် နှင့် စာပေအနုပညာရှင်အချို့လည်း တတ်ရောက်ခဲ့ ပြီး နိုင်ငံရေးအကျဉ်းသားများအား ထပ်မံလွှတ်ပေးရန် တောင်းဆိုချက်များကို စုစည်းတင်ပြလိုက်ပါတယ်။


ဒေါ်အောင်ဆန်းစုကြည် ( အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)

ကိုမင်းကိုနိုင်ရဲ့မွေးနေ့မှာ ကိုမင်းကိုနိုင်ရဲ့ မိသားစုကိုဂုဏ်ပြုချင်ပါတယ်။ ဒီလိုသားတစ်ယောက်ကို နှစ်ပေါင်း များစွာ ထောက်ပံ့ခဲ့တာ ထောက်ခံခဲ့တာ ပြုစုပျိုးထောင်ခဲ့တာ ပြည်သူအတွက် မိသားစုကို ကျေးဇူးတင်တယ်လို့ ပြောချင်ပါတယ် ကိုမင်းကိုနိုင်နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး အမြန်ဆုံး လွတ်မြောက်ပါစေ ကျွန်မတို့ နိုင်ငံတစ်နိုင်ငံလုံး ပြည်သူပြည်သားအားလုံး ညီညီညွတ်ညွတ်နဲ့ အဂတိတရားလေးပါးကနေ လွတ်မြောက်တဲ့ ဘ၀ကို ရောက်နိုင်ကြပါစေလို့ ကျွန်မကနေ ဆုတောင်းလိုက်ပါတယ်။

ဇာဂနာ (ခေါ် ) ကိုသူရ

မင်းကိုနိုင်ဘာလဲဆိုတာသိကြမှာပါ ကျွန်တော် အကျဉ်းထောင်ထဲမှာ နံရံချင်းကပ်လျက် လေးနှစ်လုံးလုံး ရှိနေတုန်းက သူနဲ့ကျွန်တော်နဲ့က သံတိုင်တွေကြားထဲကနေ မိုးကောင်းကင်းကိုမော့ကြည်ကာ သူကိုလည်းကျွန်တော်မမြင်ရ ကျွန်တော်ကိုလည်းသူမမြင်ရ သူကိုလည်းမတွေ့ရ အသံတွေတော့ ကြားနေရတယ် သူပြောတဲ့စကားလုံးတွေဟာ ကဗျာတစ်ပုဒ်ဖြစ်နေတယ် အဲကဗျာဟာ မင်းကိုနိုင်ဘာလဲ ဆိုတာကို နားထောင်ကြည့်ပေးပါ “လကိုလဲမမြင်ရ ငါဘယ်ရောက်နေပါလိမ့် ပါဝင်ခွင့်မရတဲ့လောက သတိရရုံလေးပါဘဲ “ နောက်တစ်ခုက ကျွန်တော်တို့သူငယ်ချင်းကို သမ္မတကြီးခင်ဗျာ ဒီကနေ့ မွေးနေ့လက်ဆောင်အဖြစ်နဲ့ ပြန်လွတ်ပေးပါလို့ ကျွန်တော်တောင်းဆိုချင်ပါတယ်။

ဦးဇိုဇံ (ချင်းတိုင်းရင်းသားများတိုးတက်ရေးပါတီ)

ကျွန်တော်တို့ မြန်မာပြည်မှာရှိတဲ့ တိုင်းရင်းသား လူငယ်အားလုံး ကျောင်းသားအားလုံး ခုဏကျွန်တော်ပြောတဲ့ ဗမာ ၊ မွန် ၊ရခိုင် ၊ရှမ်း အားလုံးပါတယ် အားလုံးရဲ့ နှလုံးသားထဲမှာ ကျွန်တော်တို့ရဲ့ အာဇာနည်သူရဲကောင်း စလိုင်းတင်မောင်ဦးရဲ့ ဒီမိုကရေစီလမ်းစဉ် ဒီမိုကရေစီဝိညဉ်ကို ဆက်လက်ပြီးတော့ သယ်ဆောင်ကြပါစို့လို့ ကျွန်တော် ပြောချင်ပါတယ်။ ကျွန်တော်တို့ရဲ့ ရဲဘော်ကြီးမင်းကိုနိုင်အတွက် ကဗျာတစ်ပုဒ် ကျွန်တော်ကြိုးစားပြီးတော့ ရေးလာခဲ့ပါတယ်။ ဖယောင်းကျွတ်သည် မီးကျွမ်းမောင်းပျက် ဤသေနတ်ဖြင့် ဆင်မဖမ်း ကျားမဖမ်းပါ ဒီမိုကရေစီ ပြည်သူ့အားဖြင့်သာ ရွှေစစ်စစ်ကိုမှန်းတော့သည်။

ဇေယျာသော် ( လွတ်ငြိမ်းချမ်းသာခွင့်ဖြင့်လွတ်မြောက်လာသူ ဟစ်ဟော့အဆိုတော်)

ကိုမင်းကိုနိုင် ကိုယ်တိုင်မဆင်နွဲလိုက်ရတယ် မွေးနေ့ပွဲဟာ နှစ်နှစ်ဆယ်နီးပါးရှိနေပါပြီ အဲအတွက်ကြောင့်မလို့ နောင်နှစ်နောင်နှစ်တွေမှာ သူကိုယ်တိုင်ပါဝင်တဲ့မွေးနေ့ပွဲလေး ကျင်းပခွင့်ရဖို့ ကျွန်တော်မျှောင်လင့်ပါတယ်။ G.W member မှမဟုတ်ပါဘူး ယုံကြည်ချက်ကြောင့်အကျဉ်းကျခံနေရတဲ့ အကျဉ်းသား တစ်ဦးတစ်ယောက် ကျန်တယ်ဆိုရင် အဲဒီတစ်ဦးတစ်ယောက်လွတ်မြောက်လာဖို့အတွက် ဆက်ပြီးတောင်းဆိုသွားမှာပါ

မစုစုနွေး (ခန္တီးထောင်မှ လွတ်မြောက်လာသူ)

ကျွန်မတို့ကိုလွှတ်ပေးတဲ့အတွက် ၀မ်းသာပါတယ်၊ အကျဉ်းထောင်အသီးသီးမှာ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရတဲ့ ကျောင်းသားခေါင်းဆောင်တွေအပါအ၀င် နိုင်ငံရေးအကျဉ်းသူအကျဉ်းသားတွေ မလွတ်သေးတဲ့အတွက်တော့ ကျွန်မတို့ အထူးဝမ်းနည်းပါတယ် လွှတ်လည်းလွှတ်ပေးစေချင်ပါတယ်။

ဒေါ်နုနုဆွေ ( လွတ်ငြိမ်းချမ်းသာခွင့်တွင် မပါရှိသေးသော စည်သူမောင်၏အမေ)

လွတ်လွတ်လပ်လပ်သက်ရှိထင်ရှား မွေးနေ့ကို ခံစားစေချင်တာပေါ့ မင်းကိုနိုင်မွေးနေ့မှာပေါ့ အန်တီတို့ ဇာဂနာတို့ မင်းကိုနိုင်အမတို့ ပြောကြတာတွေကို နားထောင်ရင်း အန်တီလည်း မျက်ရည်လည်မိတယ် ခံလည်းခံစားရတယ် အန်တီလည်း နိုင်ငံတော်သမ္မတကို ကျန်ရှိနေတဲ့ အကျဉ်းသားတွေကို ချွင်းချက်မရှိ လွှတ်ပေးစေချင်တယ်။

မင်းကိုနိုင်၏ မွေးနေ့ပွဲမှာ နံနက် ၁၀ နာရီခွဲ ၀န်းကျင်ခန့်တွင် ပြီးဆုံးသွားခဲ့ပြီး မရမ်းကုန်မြို့နယ်၊ ပရိယတ္တိစာသင်တိုက်သို့လာရောက်ခဲ့ကြသော နိုင်ငံရေးအသိုင်းအ၀ိုင်းမှသာမက ပြည်သူလူထုများလည်း နိုင်
ငံတော်သမ္မတကြီးရဲ့အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်ကို စောင့်မျှော်နေကြပြီ ဖြစ်ကြောင်း ပြောဆိုလျက်ရှိပါ
တယ်။

သတင်း၊ဓာတ်ပုံ....မြစ်မခ(မီဒီယာ)