22 October 2011

ဂတ်ဗိုလ် အပြောင်းအလဲ

(New Statesman မှ 17.Oct.2011 ရက်စွဲပါ “The Shifting of the guard” သတင်းဆောင်းပါးကို yangonchronicle မှ ဘာသာပြန်ဆိုသည်။)

ယခုဆောင်းပါးရှင် Peter Popham ၏ “The Lady and The Peacock” လေဒီ နှင့် ခွပ်ဒေါင်း (ဒေါ်စု အထုပ္ပတ္တိ) ကို နိုဝင်ဘာ ၃ ရက် တွင် ဖြန့်ချိမည် ဖြစ်သည်။

ဒီမိုကရေစီသို့ ဦးတည်သော စစ်မှန်သည့် တိုးတက်ပြောင်းလဲမှုအားလုံး ရပ်ဆိုင်းနေခဲ့သော မြန်မာနိုင်ငံတွင် တပ်မတော်အစိုးရ၏ နေ့ရက်များမှ လမ်းခွဲ ပြောင်းလဲတော့မည့် လက္ခဏာများ စတင်ပေါ်ထွက်လျက်ရှိသည်။ ယခုအချိန်သည် ဒေါ်အောင်ဆန်းစုကြည်၏ အကောင်းဆုံး အခါသမယ ဖြစ်နိုင်ဖွယ်ရှိပါသလား။

နောက်ဆုံးတွင်မူ မြန်မာနိုင်ငံ၌ အပြောင်းအလဲစတင်တော့မည်ဖြစ်ကြောင်း ခိုင်မာစွာ ရည်ညွှန်းသည် ဟုဆိုနိုင်သော ဖြစ်ရပ်တစ်ခု သြဂုတ်လ ၁၇ ရက်က ပေါ်ပေါက်ခဲ့သည်။ ဤကိစ္စသည် အများအံအား သင့်ကြသော ဦးသိန်းစိန် နှင့် ဒေါ်အောင်ဆန်းစုကြည်တို့၏ သမိုင်းဝင်တွေ့ဆုံမှု မဟုတ်ပဲ တွေ့ဆုံမှုအပြီးတွင် သမ္မတကတော်က ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်ခေါ်ကာ ညစာဖြင့် ဧည့်ခံမှုပင် ဖြစ်ပေသည်။

အကယ်၍ ယခင်အာဏာရှင် ဦးသန်းရွှေ၏ အာဏာပါဝါများ အားနည်းလာပြီဆိုသည်ကို တစုံတယောက်က သံသယရှိသည်ဆိုပါက ဤအတွက် အထောက်အထားများရှိပြီး ဖြစ်ပါသည်။ ဦးသန်းရွှေသည် တချိန်က နိုင်ငံခြားကိုယ်စားလှယ်အဖွဲ့များနှင့် အစည်းအဝေးဆွေးနွေးပွဲများတွင် ဒေါ်အောင်ဆန်းစုကြည်၏ နာမည်ထွက်ပေါ်လာပါက ချက်ခြင်း ရုတ်သိမ်းတတ်ခြင်းကြောင့် နာမည်ဆိုးသောသူ တစ်ဦးဖြစ်ခဲ့သည်။ သို့သော်လည်း ဦးသန်းရွှေ၏ “ ဒေါ်အောင်ဆန်းစုကြည် အပေါ် မုန်းတီးမှု” သည် “ အတူအကွ စုဝေးကာ ဒေါ်အောင်ဆန်းစုကြည် ဟု ပညတ်ထားသော မှော်ဝင်အရုပ်ကို ပင်အပ်ဖြင့် ဝိုင်းထိုးတတ်ကြသော ဗိုလ်ချုပ်မှူးကြီးကတော် နှင့် အခြား ဗိုလ်ချုပ်ကတော်များ၏ မုန်းတီးမှု ” ကို လုံးဝယှဉ်နိုင်လိမ့် မဟုတ်ပါ။

ထိုသို့သော ထူးထူးဆန်းဆန်း အိမ်တွင်းပုန်း နိုင်ငံ၏ ကျိုးကြောင်းမဆီလျော် ရီရွှင်ဖွယ်ကောင်းသော နေပြည်တော် အဝေးမြို့တော်ကို အနောက်ကမ္ဘာ နာမည်ကျော် “လေဒီ” က ယခု အသိအမှတ်ပြု လက်ခံလိုက်ပြီ ဖြစ်လေသည်။

ထို့နောက်တွင်မူ အပြောင်းအလဲ လက္ခဏာများ မြန်မြန်ဆန်ဆန် ထွက်ပေါ်လာခဲ့သည်။ တစ်နှစ်ခန့် နှောင့်နှေးကြန့်ကြာနေသော ကုလ လူ့အခွင့်အရေး ကိုယ်စားလှယ်၏ ပြည်ဝင်ခွင့်ဗီဇာကို ခွင့်ပြုခဲ့သည်။ ၁၀လကြာအောင် ဆင်ဆာ စောင့်ခဲ့ရသော ဒေါ်အောင်ဆန်းစုကြည်၏ အင်တာဗျူး အပါအဝင် သူမ၏ သတင်းနှင့် ရုပ်ပုံများ မြန်မာ့သတင်းစာစောင်များတွင် ၁၉၈၉ နောက်ပိုင်း ပထမဆုံးအကြိမ် စတင် ပါဝင်လာသည်။ (နိုင်ငံရေး ကိစ္စများကို ဖြတ်တောက်ထားသော်လည်း ကိစ္စမရှိပါ။) ထို့အပြင် လူ့အခွင့်အရေး ကောင်မရှင်ကိုလည်း ယခင်အစိုးရ လက်ထက်က လူဟောင်းများ ထည့်သွင်းကာ ဖွဲ့စည်းပေးခဲ့သည်။ ဤမျှမကသေးပဲ ခေတ်မမှီတော့သော တည်ဆဲဥပဒေများကို ပြန်လည် သုံးသပ် ပြင်ဆင်မည့် ကောင်မရှင် တစ်ခုကိုလည်း ဖွဲ့စည်းကာ ကုလသမဂ္ဂ လူသားခြင်းစာနာမှုရေးရာ ညှိနှိုင်းရေးရုံး အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းများ ထံမှ အကြံဉာဏ်များ ရယူလျက်ရှိသည်။

မျှော်လင့်မထားသော အံ့အားသင့်ဖွယ် စိတ်ဝင်စားစရာ အကောင်းဆုံးဖြစ်ရပ်မှာ “ ထွက်ရှိသမျှ လျှပ်စစ်ဓါတ်အား ၉၀ ရာခိုင်နှုန်းကို တရုတ်နိုင်ငံသို့ သွယ်ယူရန်အတွက် ဧရာဝတီမြစ်ဖျားကို ကန့်လန့်ပိတ် တည်ဆောက်နေသော မြစ်ဆုံတရုတ်ရေလှောင်တမံ စီမံကိန်းကို ရပ်ဆိုင်းပစ်လိုက်သည့် လုပ်ဆောင်မှုပင် ဖြစ်သည်။ ယခုနှစ်ပိုင်းအတွင်း ထိုစီမံကိန်းကြောင့် နစ်နာဆုံးရှုံး ရသည့်အပြင် လတ်တလော အစိုးရတပ်များနှင့် တိုက်ခိုက်နေသော ကချင်တိုင်းရင်းသားများ၏ တရုတ်ဆန့်ကျင်ရေး မုန်းတီးမှုနှင့် မြန်မာပြည်သူများ၏ မျိုးချစ်စိတ်တို့ ပူးပေါင်းမိကာ မြစ်ဆုံတမံ ရပ်ဆိုင်းရေး ဆန္ဒထုတ်ဖော်လှုပ်ရှားမှုများ ကြီးထွားလာခဲ့သည်။ ထိုလှုပ်ရှားမှုများကို ဒေါ်အောင်ဆန်းစုကြည် က ထောက်ခံအားပေး ရပ်တည်လိုက်ပြီး နောက်တွင်မူ ထိုစီမံကိန်းကို ရပ်ဆိုင်းထားမည်ဟု သမ္မတ က ကြေငြာလိုက်လေသည်။ “ပြည်သူလူထု၏ ဆန္ဒနှင့်ဆန့်ကျင်နေသောကြောင့်” ဟူသော စကားလုံး သည် ယခင်က အကြောင်းမျိုးစုံပြကာ ထင်ရာလုပ်တတ်သော မြန်မာအစိုးရအပေါ် အံ့အားသင့်စရာ အကြောင်းရင်း တစ်ခုပင်ဖြစ်သည်။

ယခုလတ်တလောတွင် အစိုးရက နောက်ထပ် တက်ကြွသော ဆောင်ရွက်မှုတစ်ခုကို စတင်လိုက်ပြန် ပါသည်။ ထင်ရှားသော နိုင်ငံရေးသမားများ အပါအဝင် နိုင်ငံရေးအကျဉ်းသား ၂၀၀ ခန့်ကို အစိုးရကလွှတ်ပေးလိုက်ခြင်းဖြစ်သည်။ မနှစ်က နိုဝင်ဘာလတွင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးခဲ့ပြီး နောက်ပိုင်း မည်သူကိုမျှ လွှတ်ပေးခြင်းမရှိသည့်အချက်ကပင် ယခု လွတ်ငြိမ်းချမ်းသာခွင့်ကို ထူးခြားစေခဲ့သည်။ သို့သော်လည်း ပြီးခဲ့သော မေလက ခပ်ပါးပါးလေး လွတ်ငြိမ်းချမ်းသာခွင့်ပေးသော အစီအစဉ်ကဲ့သို့ပင် နိုင်ငံရေးအကျဉ်းသား မဆိုသလောက်သာ အကြုံးဝင်ခဲ့ခြင်းကြောင့် အလားတူပင် ဝေဖန်ခံခဲ့ရသည်။

ဒေါ်အောင်ဆန်းစုကြည် သည် ရန်ကုန်မြို့တော်နေအိမ်တွင် ၇ နှစ်ဆက်တိုက် အကျယ်ချုပ် ထိန်းသိမ်းခံရခြင်းမှ လွတ်မြောက်လာသည်မှာ တစ်နှစ်ခန့် ရှိတော့မည်ဖြစ်ပြီး သူမ၏ လွတ်လပ်မှုတွင် အပိုင်းနှစ်ပိုင်း လုံးဝကွဲနေသည်။ ပထမအပိုင်းမှာ လွန်စွာနှေးကွေးခြင်းဖြစ်သည်။ သူမ လွတ်မြောက်လာပြီးနောက် လူထုပရိသတ်ကို မိန့်ခွန်းပြောကြားခဲ့သော်လည်း ယခင် အာဏာရှင်အစိုးရကို လွန်စွာ ဒေါသထွက်စေခဲ့သော “အုတ်တံတိုင်းပေါ်မှ ကျော်၍ လူထုပရိသတ်နှင့် တွေ့ဆုံပွဲများ” ကိုပြန်လည် ပြုလုပ်ခြင်းမရှိတော့ပေ။ ထိုမျှမကသေးပဲ ၂၀၀၂ ခုနှစ်က ဒီပဲယင်းမြို့ အနီးတွင် တပ်မတော်အစိုးရ၏ လက်မရွံ့လူရမ်းကားများ ခြုံခိုတိုက်ခိုက်မှုကြောင့် သူမ၏ အမာခံ ထောက်ခံသူများစွာ အသက်ဆုံးရှုံးခဲ့ရကာ အဆုံးသတ် ခဲ့ရသော နိုင်ငံရေးစည်းရုံးမှု ခရီးစဉ်မျိုးကိုလည်း ပြန်လည် အကောင်အထည်ဖော်ခြင်း မရှိတော့ပေ။

အဝေးကပန်းတိုင်

ဒေါ်အောင်ဆန်းစုကြည်သည် သူမ လွတ်မြောက်လာပြီးနောက်ပိုင်း နိုင်ငံခြားသတင်းထောက်များစွာနှင့် အင်တာဗျူးပြုလုပ်ခဲ့ပြီး သူမထံသို့ နိုင်ငံခြား သံတမန်များ၊ ကိုယ်စားလှယ်များ အမြောက်အများ လာရောက် တွေ့ဆုံခဲ့ကြသော်လည်း သူမ၏ ပြည်တွင်း ရပ်တည်မှု အနေအထားမှာ စိုးရိမ်ဖွယ်ရာ “ပါးလျားလွန်း” နေသည်ပာု ရှုမြင်လျက်ရှိကြသည်။ မည်သည့်နေရာမဆို မည်သည့်နိုင်ငံရေးလောကမဆို ရယူခွင့်ရှိသော “ရွေးကောက်ပွဲအောင်ပွဲခံသည့် ရလဒ်အပေါ်အားပြုရပ်တည်ခွင့်” ကို သူမ လုံးဝမရနိုင်ခဲ့ပါ။ (သူမက ထို ၁၉၉၀ ရလဒ်ကို ဆုပ်ကိုင်ထားဆဲပာု ပြောကြားခဲ့ဘူးသည်)

ပြီးခဲ့သော မတ်လက ရန်ကုန်မြို့ NLD ပါတီ ဌာနချုပ်သို့ (ဆောင်းပါးရှင်) သွားရောက်ခဲ့စဉ်က သူမသည် ပါတီဝင်များကို ဖိတ်ခေါ်၍ အစည်းအဝေး ပြုလုပ်ကာ အလုပ်များနေခဲ့သည်။ သူမက သူတို့ထံသွားရမည့်အစား သူတို့က သူမထံ လာတွေ့ကြရခြင်းဖြစ်ပြီး ထိုနှစ်ခုသည် တူညီခြင်းမရှိပါ။ ရန်ကုန်မြို့ပြင် ထွက်၍ ပဲခူးသို့ သွားသော ခရီးမှာလည်း နေ့ခြင်းပြန် ခရီးစဉ်မျှသာ ဖြစ်ပေသည်။

ထိုအရာအားလုံးသည် သမ္မတဦးသိန်းစိန်နှင့် ရွေးကောက်တင်မြှောက်ခံ လွှတ်တော်တို့က ယခင်တပ်မတော်အစိုးရက တရားဝင် အာဏာလွှဲပြောင်းပေးလိုက်ချိန် (ဆောင်းပါးရှင်၏ မြန်မာခရီးအပြီး ၁၀ ရက်အကြာ) တွင် စတင်ပြောင်းလဲလာခဲ့ခြင်းဖြစ်သည်။

အညှာကြွေချိန်ဦးလာသော စစ်သားအို တစ်စု(အမှန်တကယ်မှာ တစ်ဦးထဲသာ) က သူတို့ယုံကြည်စိတ်ချသူများထံ အာဏာ အမွေပေးခြင်း ပာုယူဆရသောကြောင့် ကြီးမားသော အပြောင်းအလဲကို မျှော်လင့်ခဲ့ကြခြင်းမရှိပါ။ အထူးသဖြင့် မြန်မာပြည်မြောက်ပိုင်းမှ ရှမ်း၊ ကချင် အုပ်စုများနှင့် အနှစ် ၂၀ အပစ်ရပ်ထားခြင်း ပျက်ပြားကာ နယ်စပ်တစ်လျှောက် တိုက်ပွဲများ ပြန်လည်ဖြစ်ပွား လာခဲ့သောကြောင့် ပြည်သူတို့၏ “မျှော်လင့်ချက်မဲ့ ခံစားမှုများ” ကြီးထွားလာခဲ့ခြင်းဖြစ်သည်။

သို့သော်လည်း သမ္မတဦးသန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့၏ သြဂုတ်လ ၁၇ ရက် တွေ့ဆုံမှုသည် မြန်မာနိုင်ငံ၏ “နိုင်ငံရေး ရေမြေ ပြောင်းချိန်” ဖြစ်သွားခဲ့သည်။ အဝေးမြို့တော်နေပြည်တော်မှ သမ္မတအိမ်တော်သို့ အထူးဖိတ်ကြားခံရသော ဒေါ်အောင်ဆန်းစုကြည်သည် ယခင်အစိုးရ အကြီးအကဲက တမင် ချောင်ထိုးထားခဲ့သော သူမ၏ဖခင် လွတ်လပ်ရေးဗိသုကာ ဗိုလ်ချုပ်အောင်ဆန်း၏ ပုံတူကားချပ်၏ အောက်တွင် သမ္မတ ဦးသိန်းစိန်နှင့် နှုတ်ဆက်၍ ပြုံးရွှင်ကျေနပ်စွာ သတင်းဓာတ်ပုံ အရိုက်ခံခဲ့လေသည်။

အထက်ပါ လိုက်လျောမှုလက္ခဏာများအတွက် အပြန်အလှန်အားဖြင့် အစိုးရက ဘာကိုပြန်လိုချင်သလဲ ဆိုသည်မှာ အလွန်တရာ ရှင်းလင်း ပါသည်။ အာဆီယံအဖွဲ့၏ ၂၀၁၄ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ယူလိုခြင်း၊ အရေးယူပိတ်ဆို့မှု Sanctions များ ဖယ်ရှားပေးစေလိုခြင်း၊ ကမ္ဘာ့ဘဏ်နှင့် IMF အဖွဲ့အစည်းတို့ကို ပြန်လာစေလိုခြင်း(ကျပ်တည်းစွာ ရုန်းကန်နေရသော နိုင်ငံစီးပွားရေးကို သိသာစွာ အားဖြည့်ရန်) တို့ပင် ဖြစ်ပေသည်။ တကယ့် ဒီမိုကရေစီ ထွန်းကားရေးပာု ဆိုပါက နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးခြင်း၊ နယ်စပ်တောင်တန်းတွင် ငြိမ်းချမ်းအောင် ဆောင်ရွက်ခြင်း၊ အခြေခံဥပဒေကို ပြန်လည်ရေးသားခြင်း စသည်တို့ပါဝင်ရပေလိမ့်မည်။ တပ်မတော်(သို့) စစ်တပ်၏ သြဇာ အမြစ်တွယ်နိုင်အောင် အာမခံထားသည့် အခြေခံဥပဒေကို ဖန်တီးပေးသော အမျိုးသားညီလာခံကို ဦးသိန်းစိန်ကပင် တာဝန်ယူကျင်းပခဲ့ခြင်းဖြစ်သည်။

မည်သို့ပင်ဖြစ်စေ မြန်မာ့ဒီမိုကရေစီ သည် အဝေးကပန်းတိုင်(သို့) အလှမ်းဝေးသော ပန်းကလေးဖြစ်နေဆဲပာု ဆိုသော်ငြားလည်း ကနဦး ခြေလှမ်းများကို ကျွန်တော်တို့ မြင်နေရပြီ။