21 October 2011

တရုတ်-မြန်မာ နယ်စပ် လက်နက်မှောင်ခိုဂိုဏ်းကို ဖြိုခွဲ၊ ၁၇ဦး ဖမ်းဆီး

(Burma News မှ 19 October 2011 ရက်စွဲပါ "Arms trafficking ring busted, 17 arrested" သတင်းကို yangonchronicle မှ ဘာသာပြန်ပါသည်။)

အစိုးရဆန့်ကျင်ရေးသူပုန်များနှင့် မူးယစ်ဆေးဝါးစစ်ဘုရင်များအခြေစိုက်ရာ ဝေးလံသော မြန်မာပြည်မြောက်ပိုင်း ဥပဒေမဲ့ နယ်စွန်နယ်ဖျား ဒေသများမှ တရားမဝင် လက်နက်များအား ရှန်ဂရီလာတောင်တန်းကို ဖြတ်ကျော်သယ်ဆောင်ကာ တရုတ်ပြည် အနောက်တောင်ပိုင်း တိဘက်ဒေသများသို့ ရောင်းချနေသော လက်နက်မှောင်ခိုဂိုဏ်းနှင့် ပတ်သက်သူ ၁၇ ဦးကို တရုတ်ရဲက ဖမ်းဆီးလိုက်ပါသည်။

အထက်ပါဂိုဏ်းနှင့်ပတ်သက်သူ နှစ်ဦးကို မတ်လ အစောပိုင်းက ဖမ်းဆီးခဲ့မိပြီးနောက် တရုတ်ရဲတပ်ဖွဲ့ဝင် ၆၀ ခန့်က ဒေသတစ်လွှား ၆ လခန့် ခြေရာခံ၍ ဖော်ထုတ်ခဲ့ခြင်းဖြစ်ကြောင်း Xinhua သတင်းဌာနက ဗုဒ္ဓဟူးနေ့တွင် ကြေညာသည်။

အဆိုပါတရားခံနှစ်ဦးကို မြန်မာနိုင်ငံနှင့် နယ်စပ်ခြင်းထိနေသော ယူနန်ပြည်နယ်၏ နယ်စွန်နယ်ဖျားတွင် မတ်လက ဖမ်းဆီးမိခြင်းဖြစ်ပြီး အခြားတရားခံများကိုမူ တိဘက်ဒေသ လာဆာ၊ စီချွမ်ပြည်နယ်မှ တိဘက်ဒေသနှင့် ယူနန်၊ စီချွမ်ပြည်နယ်များရှိ တိဘက်စီရင်စုဒေသ များသို့ ရောင်း ချခဲ့ခြင်း ဖြစ်ကြောင်း ဖြောင့်ချက်ပေး ဝန်ခံထားကြသည်ဟု သိရှိရသည်။

ထိုကဲ့သို့ လက်နက်များ၊ ပေါက်ကွဲစေတတ်သော ပစ္စည်းများအား တရားမဝင် လက်ဝယ်ထားခြင်း၊ ထုတ်လုပ်ခြင်း၊ ရောင်းဝယ်ခြင်းတို့ကို တရုတ်ဥပဒေများက တားမြစ်ထားသည်။ တရားမဝင် လက်နက်မှောင်ခိုရောင်းဝယ်ခြင်းနှင့် ပတ်သက်၍ အပြစ်ရှိသူများမှာ သေဒဏ်ချမှတ်မှုနှင့် ရင်ဆိုင်ရနိုင်သည်ဟု ဆိုသည်။

ရှန်ဂရီလာ တောင်တန်းများကြားမှ နူဂျီယန်းမြို့သည် မြန်မာနှင့်နယ်စပ် (သို့) ယူနန်ပြည်နယ်မှ တိဘက် ယင်ချီစီရင်စု သို့ သွားရောက်ရန် ဝင်ပေါက်လမ်းကြောင်းဖြစ်သည်။

လတ်တလော နှစ်ပိုင်းများအတွင်း ပိုက်ဆံများများရလိုသူများ က မြန်မာနိုင်ငံမြောက်ပိုင်း မှ ပြည်တွင်းစစ်နှင့်လျော့ရဲသော လက်နက် ထိန်းချုပ်မှုဥပဒေများကို အခွင့်ကောင်းယူကာ တရားမဝင်လက်နက်မှောင်ခို ရောင်းဝယ်ခြင်းကို စတင်လုပ်ဆောင်ခြင်းဖြစ်သည်ဟု ယူနန်ရဲ တပ်ဖွဲ့က ပြောကြားသည်။