20 October 2011

ရက် ၂၀၀ မှ ရက် ၃၀၀ အတွင်း ဖြစ်နိုင်ခြေရှုခင်းများ (မောင်ဝံသ)

ပြောချင်လွန်းလို့ / မောင်ဝံသ

ရက် ၂၀၀ မှ ရက် ၃၀၀ အတွင်း ဖြစ်နိုင်ခြေရှုခင်းများ

ယခု အောက်တိုဘာ ၁၆ ရက်ဆိုရင် သမ္မတကြီး ဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရအဖွဲ့ တာဝန်ထမ်းဆောင်ခဲ့တာ ရက်ပေါင်း ၂၀၀ ပြည့်ပြီဗျာ။ ကုန်လွန်ခဲ့တဲ့ ၆လကျော်ကာလအတွင်း ဆောင်ရွက် ပြီးစီးခဲ့တဲ့ ကိစ္စကြီး ကိစ္စငယ်တွေ မနည်းလှဘူးဆိုတာလည်း သတိပြုမိတယ်ဗျ။

သိသာထင်ရှား ဖြစ်ရပ်များ

သိသာ ထင်ရှားတဲ့ ဖြစ်ရပ်တွေကတော့ မြန်မာနိုင်ငံရဲ့ အကြီးမားဆုံး ဒီမိုကရက် တစ် နိုင်ငံရေးအဖွဲ့အစည်းကြီးရဲ့ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်နဲ့ အစိုးရခေါင်းဆောင်များ ရင်းရင်းနှီးနှီး တွေ့ဆုံကြတာ၊ ပထမဆုံး ဇူလိုင် ၂၅ စိမ်းလဲ့ကန်သာ ဆွေးနွေးပွဲရဲ့ ပူးတွဲ ကြေညာချက်မှာ ]]ပြည်သူလူထု ကိုယ်စိတ်နှစ်ပါး ချမ်းသာစေရေးအတွက် နှစ်ဖက် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများကို ဆွေးနွေးခဲ့ကြသည်}}လို့ ဖော်ပြခဲ့တာ၊ ယခုထိ သုံးကြိမ်တိုင် ဆက်လက် ဆွေးနွေးကြတာ၊ ဤကာလအတွင်း သမ္မတကြီး ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ နေပြည်တော်က သမ္မတ အိမ်တော်မှာ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းပုံ နောက်ခံထားလျက် ရိုက်ကူးထားတဲ့ သမိုင်းဝင်ဓာတ်ပုံ ထွက်ပေါ်လာတာ၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်တွေ၊ တွေ့ဆုံမေးမြန်း မှုတွေ၊ နိုင်ငံခြား ဧည့်သည်တွေနဲ့ တွေ့ဆုံမှုတွေကို ပြည်တွင်း ပုဂ္ဂလိက သတင်းမီဒီယာတွေမှာ အသားပေးထည့်သွင်း ဖော်ပြ ခွင့်ရှိခဲ့တာ စတာတွေ ဖြစ်ပါတယ်။

မြစ်ဆုံနှင့် အပေါင်းလက္ခဏာ

နောက် အရေးကြီးတဲ့ ဖြစ်ပေါ်မှုတစ်ခုကတော့ မြစ်ဆုံဆည် စီမံကိန်းကို ပြည်သူအလွှာအသီးသီးက စိုးရိမ်တကြီး ပြင်းပြင်းထန်ထန် ကန့်ကွက်မှုတွေ ပေါ်ပေါက်လာတဲ့နောက်ပိုင်း သမ္မတကြီးက ပြတ်သားတဲ့ ဆုံးဖြတ်ချက်ချပြီး ရပ်ဆိုင်းလိုက်ခြင်းပဲဖြစ်တယ်ဗျာ။ အဲဒီအတွက် သမ္မတကြီး ကို ပြည်သူ့အလွှာ အသီးသီးကပဲ သောင်းသောင်းဖြဖြ ဂုဏ်ပြုခဲ့ကြပါတယ်။ သမ္မတကြီးနောက်က ပြည်သူတွေ ရှိတယ်ဆိုတဲ့ ထောက်ခံမှုမျိုးကို ထုတ်ဖော်ခဲ့ကြတဲ့အထိပဲဗျ။

အစိုးရသစ်ရဲ့ ရက်ပေါင်း ၂၀၀ ကာလအတွင်း အထက်ဖော်ပြပါ ဖြစ်ပေါ်မှုတွေဟာ တိုင်းပြည်အတွက် အပေါင်းလက္ခဏာတွေပဲ ဖြစ်တယ်ဗျ။

ဒေါ်အောင်ဆန်းစုကြည်အခန်းကဏ္ဍ

ဒေါ်အောင်ဆန်းစုကြည်ဟာ ၁၉၉၀ ရွေးကောက်ပွဲမှာ အများစု အနိုင်ရခဲ့တဲ့ ဒီမိုကရက်တစ် နိုင်ငံရေးအင်အားကြီးတစ်ခုရဲ့ ခေါင်းဆောင် ဖြစ်တယ်။ ပြည်သူလူထုအများရဲ့ လေးစား အားပေးမှုကို ခံယူရရှိ ထားသူဖြစ်တယ်။ နိုင်ငံတကာ အဆင့်အတန်းအားဖြင့်လည်း ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင်တစ်ဦးဖြစ်ပြီး ကမ္ဘာ့နိုင်ငံခေါင်းဆောင်များရဲ့ အသိအမှတ်ပြု ထောက်ခံမှုကို ရရှိခဲ့သူဖြစ်တယ်။ သူလို နိုင်ငံရေးခေါင်းဆောင်တစ်ယောက်နဲ့ လက်ရှိအစိုးရအဖွဲ့ခေါင်းဆောင်၊ နိုင်ငံရဲ့ အကြီးအကဲဖြစ်သူတို့ ခင်မင်ရင်းနှီးစွာ တွေ့ဆုံ ဆွေးနွေးမှု ဖြစ်ပေါ်ခဲ့ခြင်း၊ တိုင်းပြည်အကျိုးရှိမယ့်ကိစ္စရပ်တွေမှာ အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ထုတ်ပြန်ကြေညာခြင်းတို့ဟာ အမျိုးသားစည်းလုံးညီညွတ်ရေး ကြိုးပမ်းမှုရဲ့ လမ်းစပဲလို့ မျှော်လင့်နိုင်ပါတယ်။

ပြည်နယ်အချို့မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနဲ့ ဖြစ်ပွားနေတဲ့ စိတ်မချမ်းမြေ့ဖွယ် အငြင်းပွားမှုတွေကို ပြည်ထောင်စုမိသားစုဝင် ညီအစ်ကို မောင်နှမ ချင်း ဖြေရှင်းနည်း နဲ့ ဖြေရှင်းသွားကြရပါဦးမယ်။ တိုင်းရင်း သား ညီအစ်ကိုများနဲ့ ငြိမ်းချမ်းရေးကြိုးပမ်းဆောင် ရွက်ရာမှာ ဒေါ်အောင်ဆန်းစုကြည်က ပါဝင်ကူညီလိုပါတယ်လို့ သမ္မတကြီးကို တင်ပြ ထားတာလည်း ရှိပါတယ်။

တိုင်းရင်းသားများရဲ့ ယုံကြည်မှု

အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း အပေါ် သူတို့ခေတ် တိုင်းရင်းသားခေါင်းဆောင်တွေက ယုံကြည်ကိုးစားမှုရှိခဲ့သလို ယနေ့ခေတ် တိုင်းရင်းသားခေါင်းဆောင်တွေကလည်း ဒေါ်အောင်ဆန်း စုကြည်အပေါ် ယုံကြည်ကိုးစားကြောင်းကို ထုတ်ပြန်ကြေညာထားကြပါတယ်။ အချို့သော သပ်လျှိုလိုသူများကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတကြီး ဦးသိန်းစိန်အစိုးရတို့ ဆွေးနွေးနေကြတာဟာ ဗမာချင်းချင်း ပြဿနာကို ကြိတ်ပြီး ဖြေရှင်းနေကြတာပဲ ဖြစ်တယ်၊ တိုင်းရင်းသားတွေကိုတော့ စစ်တိုက်နေ တယ်စသည်ဖြင့် အထင်အမြင်လွဲမှားစရာများကို ပြောဆိုရေးသားလာကြတာ တွေ့ရတယ်ဗျ။ သည်ပြဿနာကို အကောင်းဆုံး ဖြေရှင်းနည်းကတော့ တိုင်းရင်း သားများနဲ့ပါ နိုင်ငံရေးအရ သဘောတူညီချက်များရသည်အထိ တွေ့ဆုံဆွေးနွေး ကြဖို့ပဲ ဖြစ်ပေလိမ့်မယ်ဗျာ။

လွတ်ငြိမ်းခွင့် ကြေညာမည့်သတင်း

ယခုရက်ပိုင်းအတွင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူများကို လွှတ်ပေးတော့မယ်လို့ ထုတ်ဖော် ပြောဆိုခဲ့တဲ့ သတင်းဟာလည်း အစိုးရသစ် သက်တမ်း ၆လတာအတွင်း လူသာဓုခေါ် နတ်သာဓုခေါ်စရာပါပဲဗျ။ ဤဆောင်းပါး ပုံနှိပ်ဖော်ပြတဲ့ အချိန်မှာတောင် လွတ်ငြိမ်းခွင့်တွေ ရကောင်း ရပြီး ဖြစ်နိုင်ပါတယ်။

နိုင်ငံရေး ဖြစ်နိုင်ခြေများ

ယခု အရှိန်အဟုန်အတိုင်း ဆက်သွားနေရင်ဖြင့် မြန်မာနိုင်ငံရဲ့ နိုင်ငံရေး ဖြစ်နိုင်ခြေများ (political scenarios) ဟာ အလွန် အလားအလာ ကောင်းနေပြီလို့ ပြောနိုင်တော့မှာ ဖြစ်တယ်ဗျ။ နောက်ထပ် ရက်ပေါင်း ၁၀၀ အတွင်းမှာ အောက်ပါဖြစ်နိုင်ခြေ ရှုခင်းများကို မျှော်မှန်းနိုင်ပါလိမ့်မယ်။

၁။ အစိုးရနဲ့ ဒေါ်အောင်ဆန်းစုကြည် ဆွေးနွေးမှုများမှ တိုင်းပြည် အတွက် အကျိုးဖြစ်ထွန်းစေမည့် လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီချက်များကို ပူးတွဲ ကြေညာ နိုင်ဖွယ် ရှိပါတယ်။

၂။ ယခု မှတ်ပုံမတင်ရသေးတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ နှစ်ဖက် ကျေနပ်လက်ခံတဲ့ သဘောတူညီချက်များဖြင့် တရားဝင်နိုင်ငံရေး ပါတီအဖြစ်သို့ ရောက်လာပါမယ်။ ကြားဖြတ်ရွေးကောက်ပွဲများမှာ အဖွဲ့ချုပ်ကိုယ်စားလှယ်လောင်းများ ပါဝင် အရွေးခံကြဖွယ်ရှိပါတယ်။

၃။ ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့ချုပ်ခေါင်းဆောင်အချို့ဟာ အာဏာနှင့် မသက်ဆိုင်သော တိုင်းပြည်အကျိုးပြု လုပ်ပိုင်ခွင့်ရှိသည့် အပ်နှင်းတာဝန်များကို လက်ခံပြီး အစိုးရနှင့် ပူးပေါင်း ဆောင်ရွက်လာကြ ဖွယ်ရှိပါတယ်။

၎။ တိုင်းရင်းသားလက်နက်ကိုင်များနှင့် ပဋိပက္ခများ ရပ်ဆိုင်းလျက် နိုင်ငံရေးအရ ဖြေရှင်းနိုင်သည့် သဘောတူညီချက်များ ရရှိနိုင်ပါတယ်။

၅။ လွတ်ငြိမ်းခွင့်ရ ယုံကြည်ချက်အကျဉ်းသားဟောင်းများမှ ၈၈ မျိုးဆက်များ၏ နိုင်ငံရေးတွင် ပါဝင်ဆောင်ရွက်မှု စာမျက်နှာသစ်များကို တွေ့မြင်လာရနိုင်ပါတယ်။

၆။ အမေရိကန်ပြည်ထောင်စုနှင့် ဥရောပနိုင်ငံများမှ မြန်မာနိုင်ငံ အပေါ် ပိတ်ဆို့အရေးယူထားမှုအချို့ ပြန်လည် ရုပ်သိမ်းမည့် ခြေလှမ်းများ သိသာထင်ရှားစွာ ပေါ်ပေါက်လာနိုင်ပါတယ်။

၇။ ပြည်ပဖိအား တစ်စုံတရာကို အကြောင်းပြု၍ ပြည်ထောင်စု တိုင်းရင်းသားများ ပိုမို၍ ကျစ်လစ်ခိုင်မာသော စည်းလုံးညီညွတ်မှုကို တည်ဆောက်နိုင်ကြဖွယ်ရှိပါတယ်။ သမိုင်းမှာ မကြုံဖူးသော အမျိုးသား ညီညွတ်မှု စံချိန်တစ်ခု တင်နိုင်ပါလိမ့်မယ်။

အချက်အလက်ကို အခြေခံပါတယ်

အထက်ပါ ဖြစ်နိုင်ခြေရှုခင်းများဟာ ကျွန်တော်ရဲ့ အတ္တနောမတိ လိုရာဆွဲ တွေးခေါ်မှု၊ ထင်ယောင်ထင်မှားဖြစ်မှုဖြင့် တင်ပြခြင်းမဟုတ်ပါ။ ထင်သာမြင်သာ အချက်အလက်များကို အခြေခံပြီး ဆင်ခြင်တွက်ဆထားခြင်း သာ ဖြစ်ပါတယ်။ နိုင်ငံရပ်ခြားများမှာတော့ နိုင်ငံရေးဆောင်းပါးရှင်ကြီးများဟာ ယခုလို နိုင်ငံရေး အကဲဖြတ် တွက်ဆချက်တွေကို အခါအားလျော်စွာ ထုတ်ပြန်လေ့ရှိပါတယ်။ မှန်တာလည်းရှိ၊ လွဲတာလည်း ရှိပေါ့ဗျာ။ ကျွန်တော်လည်း သမ္မတကြီးဦးသိန်းစိန်အစိုးရ ရက်ပေါင်း ၁၀၀ ပြည့်ချိန်က တစ်ကြိမ် နိုင်ငံရေးသုံးသပ်ချက်အချို့ကို ရေးသားခဲ့ပြီး ယခု ရက်ပေါင်း ၂၀၀ ပြည့်ချိန်မှာ ထပ်မံလေ့လာဆန်းစစ်မိသမျှကို စမ်းသပ် တင်ပြလိုက်ခြင်း ဖြစ်ကြောင်းပါ။

၁၁ ၁၀ ၁၁.။


ရာခိုင်နှုန်းပြည့်ထောက်ခံပါရစေ

မောင်ဝံသ

ပြည်သူချစ် အနုပညာရှင် ဇာဂနာ မြစ်ကြီးနားထောင်က လွတ်လာပြီး လွတ်ငြိမ်းခွင့်နဲ့ စပ်လျဉ်းလို့ သူ့ အမြင် သူ့သဘောထားတွေကို မီဒီယာတွေနဲ့ ပြောတယ်။ ဖြစ်သင့်ဖြစ်ထိုက်တာတွေကို လိုရင်းတိုရှင်း ပြောသွားတယ်လို့ ကျွန်တော် သဘောရပါတယ်။

ထောင်က ခုလေးတင် ထွက်လာတဲ့ အနုပညာရှင်တစ်ယောက် ကတောင် သူ့သဘောထားကို ခုလို ပွင့်ပွင့်လင်းလင်း တင်ပြသွားရင် စာဖတ်ပရိသတ်နဲ့ အပတ်စဉ် ထိတွေ့နေတဲ့ စတုတ္ထမဏ္ဍိုင်အဖွဲ့ဝင် သတင်းစာဆရာ တစ်ယောက်အနေနဲ့ ကျွန်တော့်အမြင် ကျွန်တော့် ဆန္ဒကိုလည်း ပရိသတ်ကို အသိပေးသင့်တယ်လို့ ခံယူမိတဲ့အလျောက် ယခုလို ရေးသားလိုက်ခြင်း ဖြစ်ပါတယ်။

ဒီကနေ့ သီတင်းကျွတ်လပြည့်နေ့ နေ့ထူးနေ့မြတ် ( ၁၂ အောက်တိုဘာ ၂၀၁၁) မှာ မြန်မာပြည်အနှံ့ ထောင်တွေထဲက အကျဉ်းသား ၆၀၀၀ ကျော် (၆၃၅၉ ဦး) ကို နိုင်ငံတော်သမ္မတရုံး အမိန့်အမှတ် ၄၉^ ၂၀၁၁ အရ လွှတ်ပေးတယ်။ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူများ (နိုင်ငံရေး အကျဉ်းသား)များထဲက ဦးရေ ၁၀၀ ကျော်လောက်ပဲ ပါတယ်လို့ သိရပါတယ်။ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူများ (နိုင်ငံရေး အကျဉ်းသား) များဆိုတာ ကျွန်တော်တို့က ခေါ်ဝေါ်သုံးနှုန်းတာပါ။ တရားဝင်ကြေညာချက်မှာ အကျဉ်းသားများလို့ပဲ ပါရှိပါတယ်။

ဒီနေရာမှာ ]]စကားနောက် တရားပါ}}ဆိုတဲ့ မြန်မာဆိုရိုးစကား အတိုင်းဆိုရင် အခေါ်အဝေါ် အသုံးအနှုန်းတွေရဲ့ နောက်ကွယ်မှာ သဘောထားခံယူချက်တွေ ရှိနေတယ်လို့ဆိုနိုင်ပါတယ်။

၁၉၈၈ တိုင်းဆူပြည်ဖျက် ဆူပူမှုများလို့ သုံးနှုန်းသူရဲ့ ခံယူချက်ဟာ ၁၉၈၈ မှာ ဖြစ်ပွားခဲ့တဲ့ ဒီမိုကရေစီတောင်းဆိုတဲ့ လူထု လှုပ်ရှားမှုများအပေါ် ရန်လိုတဲ့ သဘောထား ဆိုတာ ပေါ်လွင်နေတာပါပဲ။ မလွှဲသာလို့သာ နောင်အခါ ထုတ်ဖော် ပြောဆိုရေးသားခြင်း မပြုဘဲ မျိုချထားရသည့် တိုင်အောင် အဲဒီသဘောထားရှိသူဟာ ဒီမိုကရေစီစနစ်ကို ဟန်ဆောင် ပန်ဆောင်တောင် လက်မခံရုံသာမက ဒီမိုကရေစီလှုပ်ရှားသူများအပေါ် အခဲမကျေနိုင်ဘဲ အာဃာတ ကြီးမားနေမည်သာ ဖြစ်ပါတယ်။

ယခု လွတ်ငြိမ်းချမ်းသာခွင့်ကြေညာတဲ့နေ့ မတိုင်ခင် တစ်ရက် အလိုမှာ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က နိုင်ငံတော် သမ္မတထံ အိတ်ဖွင့်ပေးစာပေးပို့ခဲ့ တာကို အစိုးရသတင်းစာတွေမှာ ဖော်ပြ ခဲ့ပါတယ်။ အဲဒီပေးစာထဲမှာ (ကုလသမဂ္ဂအတွင်းရေးမှူးချုပ်နှင့် အချို့ နိုင်ငံတို့၏ မျှော်လင့်တောင့်တချက်တစ်ရပ်ဖြစ်သော) ''ယုံကြည်ချက်ကြောင့် အကျဉ်းကျခံရသူများ (prisoners of conscience) အား လွှတ်ပေးရေးကိစ္စ ''လို့ ဆိုပေမယ့် ထိုအကျဉ်းကျခံနေရသူများမှာ တည်ဆဲ ဥပဒေများကို ချိုးဖောက်သဖြင့် အပြစ်ဒဏ် ကျခံနေရခြင်း ဖြစ်သည်ဟူသော နိုင်ငံတော်အစိုးရ၏ ရပ်တည်ချက်ကိုလည်း ကော်မရှင်က သဘောပေါက် ကြောင်း ဖော်ပြပါရှိပါတယ်။

လွတ်ငြိမ်းချမ်းသာခွင့်ပေးတဲ့ အမိန့်ကို သေချာဖတ်ကြည့်ရင် အမျိုးသား ပြန်လည် သင့်မြတ်ရေး၊ သို့မဟုတ် အမျိုးသား စည်းလုံး ညီညွတ်ရေးအတွက် လုပ်ဆောင်ချက်တစ်ရပ်အနေနဲ့ လွတ်ငြိမ်းခွင့်ပေး တယ်လို့ ဖော်ပြထားခြင်း မရှိပါဘူး။ အမိန့်စာထဲမှာ တရားဝင်ဖော်ပြထား ချက်များအရဆိုရင် အကျဉ်းသားတွေကို ယနေ့ လွှတ်လိုက်ခြင်းဟာ လူသားချင်း စာနာ ထောက်ထားမှု၊ သနားချစ်ခင်မှုကို အလေးထားခြင်းနဲ့ နိုင်ငံတော်ရဲ့ မေတ္တာ စေတနာအလျောက် ဆောင်ရွက်ချက် ဖြစ်တယ်လို့ နားလည်ရပါတယ်။

သို့ပေမယ့် ဇာဂနာကဲ့သို့သော အကျဉ်းသားများကို ယုံကြည် ချက်ကြောင့် အကျဉ်းကျခံနေ ရသူ၊ နိုင်ငံရေးအကျဉ်းသားအဖြစ် လက်မခံ လိုသူများ၊ အဲသလို ခေါ်ဝေါ်သုံးနှုန်းခြင်းပင် မပြုလိုသူများကို ဒီအချိန်မှာ အခြေအတင် ငြင်းခုံမနေတော့ပါဘူး။ စိတ်ချမ်းသာသလို ခေါ်ကြပါစေတော့။ ကြောင်ဖြူတာ မည်းတာ ပြဿနာမဟုတ်၊ ကြွက်ခုတ်ဖို့က အဓိက ဆိုသဟာလိုပဲ ကျန်ရှိနေသေးသော မင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဌေးကြွယ်၊ မင်းဇေယျာ၊ ကိုမြအေး၊ ကိုပြုံးချို၊ ကိုအံ့ဘွယ်ကျော်၊ ကိုဇော်သက်ထွေး၊ ကိုဂျင်မီ၊ မမီးမီး စတဲ့ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် များအားလုံး၊ ခွန်ထွန်းဦး၊ စိုင်းညွန့်လွင် အစရှိသော တိုင်းရင်းသားခေါင်းဆောင်များ အားလုံးကို တစ်ဆက်တည်း ဆက်လက် လွှတ်ပေးသင့်ပါတယ်လို့ပဲ ကျွန်တော့်ရဲ့ သဘောထားအမြင်ကို တင်ပြလိုပါတယ်။

ယခု ထုတ်ပြန်တဲ့ လွတ်ငြိမ်း ချမ်းသာခွင့်အမိန့်ဟာ တပ်မတော် သား ကိုယ်စားလှယ်များ အပါအ၀င် လွှတ်တော်ကိုယ်စားလှယ်များက အဆိုပြု ဆွေးနွေး ဆုံးဖြတ်ကြပြီး နိုင်ငံတော်သမ္မတကြီးထံ ထောက်ခံတင်ပြ ခဲ့ကြရာမှ ထွက်ပေါ်လာခြင်း ဖြစ်တယ်လို့ သိထားပါတယ်။ ဒါကြောင့် သည်တစ်ခါတော့ အားလုံး လွတ်ငြိမ်းခွင့်ရကြပြီး ဒီမိုကရေစီနိုင်ငံ တည်ဆောက်ရေးမှာ တက်ညီလက်ညီ ပူးပေါင်းပါဝင်နိုင်ကြတော့မယ်လို့ မျှော်လင့်ထားတာပါ။ အဲသလို မဟုတ်ဘဲ သူတို့တွေအားလုံး လွတ်ငြိမ်း ခွင့်မရဘူး၊ ကျန်သူတွေကျန်၊ ချန်သူတွေကို ချန်ထားဦးမယ် ဆိုရင်ဖြင့် ယခု နိုင်ငံတော် သမ္မတရုံး အမိန့်အမှတ် ၄၉ /၂၀၁၁ အကောင်အထည် ဖော်မှုကို ကျွန်တော့် အနေဖြင့် ၅၀ ရာခိုင်နှုန်းပဲ ထောက်ခံ နိုင်ပါဦးမယ်။ ကျွန်တော့် ဆန္ဒ အမှန်ကတော့ ရာခိုင်နှုန်းပြည့်ထောက်ခံချင်နေကြောင်း ပါဗျာ။

နောက်ဆုံးတစ်ခု ပြောချင်တာတစ်ခု ရှိပါသေးတယ်။ ၁၂ အောက်တိုဘာ ၂၀၁၁ နေ့မှာ လွတ်ငြိမ်းခွင့်ရလို့ အကျဉ်းထောင်အသီးသီးက ထွက်လာကြတဲ့ လွတ်လူများရဲ့ သတင်းကို ၁၃ ရက်နေ့ထုတ် အစိုးရ သတင်းစာများမှာ လုံးဝ မတွေ့ရှိရတဲ့အတွက် ကျွန်တော့်စိတ်ထဲ လေးလံနေမိပါ တယ်။ ဘာကြောင့်မှန်းတော့ မသိပါ။ ကျွန်တော် စိတ်လေး နေတာကတော့ လေးနေတာပါပဲခင်ဗျာ။

၁၃ ၁၀ ၁၁