20 October 2011

ဟဂ်ျဘုရားဖူးသွားသူများ ဗီဇာရရှိရန် အခက်အခဲများ ရှိနေသာကြောင့် ရန်ကုန်မြို့ဆော်ဒီသံရုံးရှေ့တွင် ငြိမ်းချမ်းစွာဆန္ဒပြလိုသူများရှိနေ

မြန်မာနိုင်ငံမှ ဆော်ဒီနိုင်ငံသို့ ဟဂ်ျဘုရားဖူးခရီးသွားလိုသူများသည် ဗီဇာရရှိရန် အခက်အခဲများ ရှိ နေသောကြောင့် နိုင်ငံတော်သမ္မတထံသို့ တရားဝင်လျှောက်ထားလိုကြောင်းကို ရန်ကုန်မြို့ ဆော်ဒီသံရုံးရှေ့ တွင် ငြိမ်းချမ်းစွာ ဆန္ဒပြလိုသူများထံမှ သိရသည်။

ဟဂ်ျဘုရားဖူးသွားလိုသူများသည် သာသနာရေးရာဝန်ကြီးဌာနမှ ထောက်ခံစာရရှိမှသာလျှင် ဆော်ဒီသံရုံးမှ ဗီဇာထုတ်ပေးခြင်းဖြစ်ကြောင့် သာသနာရေးရာဝန်ကြီးဌာနမှလည်း ၄င်းနှင့် ဆက်နွယ်သော အေဂျင်စီ မဟုတ်ပါက ထောက်ခံချက်ထုတ်မပေးသောကြောင့် ဟဂ်ျဘုရားဖူးသွားများ ဗီဇာရရှိရန် အခက်အခဲ ဖြစ်နေကြောင်း ဟဂ်ျဘုရားဖူးသွားရန် ဗီဇာလာရောက်လျှောက်ထားသူများထံမှ သိရသည်။

“သာသနာရေးဝန်ကြီးဌာနက ဟဂ်ျနဲ့ပတ်သတ်လို့ ခန့်အပ်ထားတဲ့သူက သူ့ကိုယ်ပိုင် ဟဂ်ျခရီးသွား ၀န်ဆောင်မှု့လုပ်ငန်းလဲရှိတယ်။ ကျွန်တော်တို့ ဆော်ဒီသံရုံးမှာ ဗီဇာလျှောက်ရင် သာသနာရေးဝန်ကြီးဌာနရဲ့

ထောက်ခံစာလိုပါတယ်။ သူတို့အေဂျင်စီနဲ့ ချိတ်ဆက်ပြီးလုပ်တာမဟုတ်ရင် ထောက်ခံစာ မလုပ်ပေးဘူး ဖြစ်နေတယ်။ အဲ့ဒါကြောင့် ကျွန်တော်တို့ နိုင်ငံတော်သမ္မတဆီကို တရားဝင်လျှောက်ထားဖို့လုပ်မယ် အဲ့အတွက်လည်း အခုလို ခံနေရတဲ့ သူတွေ အကုန်လုံး ဆော်ဒီသံရုံးရှေ့မှာ ငြိမ်းချမ်းစွာနဲ့ ဆန္ဒပြမှာ ”ဟု ဆော်ဒီနိုင်ငံမှ ဟဂ်ျသို့ဘုရားဖူးသွားရောက်လိုသူ တစ်ဦးက ပြောသည်။

ဆော်ဒီနိုင်ငံဂျစ်တာလေဆိပ်သည် ၂၀၁၁ခုနှစ် နိုဝင်ဘာလ ၃ရက်နေ့တွင် လေယာဉ်ဆင်းခွင့်ရပ်ဆိုင်းမည် ဖြစ်ပြီး ဗီဇာလျှောက်ထားသူများသည် ၂၀၁၁ခုနှစ် ဧပြီလမှစ၍ လျှောက်ထားခဲ့သော်လည်း ယခုအချိန်ထိ မရရှိသေးခြင်း ၊ ကုမ္ပဏီကြီးများမှလည်း မူလဈေးထက် ပိုမိုတောင်းခြင်းမျိုးလည်း ရှိနေကြောင်းသိရသည်။

“ဧပြီလကတည်းက ဗီဇာသွားလျှောက်နေတာ အခုဆို ဆယ်လပိုင်းဖြစ်နေပြီဗျာ ဗီဇာမရသေးဘူး နိုဝင်ဘာလ ၃ရက်နေ့ဆို ဆော်ဒီနိုင်ငံဂျစ်တာလေဆိပ်ကို ဘုရားဖူးလေယာဉ်တွေ နောက်ဆုံးရပ်နားမှာ ပြီးတော့ ကုမÜဏီအကြီးစားတွေက လုပ်စားနေတာများတယ် အခုဈေး တင်ပြီးရောင်းနေကြ တာ ဒေါ်လာ လေးထောင့်ငါးရာ ၊ ငါးထောင့်ငါးရာ လောက်ရှိတယ် အမှန်ဈေးက အနိမ့်ဆုံး ဒေါ်လာ သုံးထောင့်ငါးရာ ၊ လေးထောင်ဘဲရှိတာ အဲ့လိုတွေ လုပ်နေတော့ ဘုရားဖူးသွားမယ့်လူတွေ တကယ်အခက်ကြုံနေတယ် “ဟု ဟာရီဦးစိန်မြင့် ကပြောသည်။

ဆော်ဒီနိုင်ငံ ဟဂ်ျဘုရားဖူးသွားရန် ယခင်နှစ်ကလည်း ဘုရားဖူးခရီးသည် ၁၃၀၀ ၀န်းကျင်ရှိခဲ့ပြီး ယခုနှစ်တွင် သုံးထောင်ခန့် ပိုများလာသောကြောင့် နိုင်ငံတော်သမ္မတထံ တရားဝင်လျှောက်ထားလိုကြောင်း ဘုရားဖူးခရီးသည်များထံမှ သိရသည်။

သတင်း...မြစ်မခမီဒီယာ