04 May 2010

နာဂစ်(၂)နှစ်ပြည့် အထိမ်းအမှတ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင်ဆွမ်းကပ်အမျှဝေပွဲကျင်းပပြုလုပ်

နာဂစ်စ် လေမုန်တိုင်းဒဏ်ကို အပြင်းအထန် ခံစားခဲ့ရသော ဘိုကလေးမြို့တွင် ပုဂ္ဂလိက အလှူရှင်များကို စောင့်မျှော်နေကြသော လေဘေးဒုက္ခသည်များ ဖြစ်ပါသည်။ (Photo: AFP)

မြန်မာနိုင်ငံမှာ နာဂစ်မုန်တိုင်း တိုက်ခတ်ခံခဲ့ရတဲ့ ၂ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က သံဃာတော်တွေကို ဆွမ်းကပ်လှူဒါန်းတဲ့ အခမ်းအနားတရပ်ကို အဖွဲ့ချုပ်ရုံးမှာ ဒီကနေ့မနက် ကျင်းပခဲ့ပါတယ်၊၊

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးတင်ဦး ကမကထပြုပြီး နာဂစ်မုန်တိုင်းအတွင်း သေဆုံးသွားသူတွေအတွက် ကုသိုလ်ကောင်းမှု ပြုခဲ့တဲ့အကြောင်း နာဂစ်ဒုက္ခသည် ကူညီရေးကော်မတီ ဥက္ကဋ္ဌ၊ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးအုန်းကြိုင်က ပြောပြပါတယ်၊၊ အခမ်းအနားမှာ နာဂစ် ကူညီရေးကော်မတီရဲ့ မုန်တိုင်းသင့်ဒေသတွေမှာ အကူအညီပေး လုပ်ဆောင်ချက် မှတ်တမ်းဓာတ်ပုံတွေ ပြသထားတယ်လို့ ဆိုပါတယ်၊၊

ဒီကနေ့မှာပဲ အဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အတွက် ရည်ရွယ်ပြီး ပြင်ဆင်ထားတဲ့ ရုံးခန်းမှာ သံဃာတော် ၅ ပါးနဲ့ အန္တရာယ်ကင်းပရိတ် ရွတ်ဖတ်ခဲ့တယ်လို့ အဖွဲ့ချုပ် အမျိုးသမီးအဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာမေဝင်းမြင့်က ပြောပါတယ်၊၊

“ဒီဇင်ဘာလ ခရစ္စမတ်နေ့က စပြီးလုပ်တာပေါ့။ ပြီးသွားတော့ ဒီအခန်းလေးကို ဒေါ်စု ရုံးပြန်တက်ရင် ထိုင်ဖို့ ရည်ရွယ်ပြီးတော့ လုပ်တာဖြစ်ပါတယ်။ ကျမတို့ကတော့ ဆုံးဖြတ်ထားပြီးသားပဲ။ ဒေါ်စုအတွက် ရည်ရွယ်ပြီး လုပ်ထားတာဖြစ်တဲ့အတွက် ဒီအခန်းကို သော့ပိတ်ပြီးတော့ ထားခဲ့မယ်၊ အထဲမှာ ဒေါ်စုအတွက် ရည်ရွယ်ထားတဲ့ ပစ္စည်းအားလုံးကိုလည်း ဘာမှမသယ်ဘဲ ဒီအတိုင်း ထားခဲ့မှာဖြစ်ပါတယ်။ ဖွင့်ပွဲတော့မဟုတ်ပေမယ့် လူကတော့ မရှိသေးဘူးပေါ့နော်၊ ဒါမျိုး ရည်ရွယ်ပြီးတော့ပေါ့။ အစတုန်းကတော့ ဒေါ်စုရဲ့ မွေးနေ့မှာမှ လုပ်ဖို့၊ မွေးနေ့မှာကျတော့ အဲန်အယ်လ်ဒီအနေနဲ့ တရားဝင်ရပ်တည်မှု မရှိတော့တဲ့အခါ ဒီနေ့ တခါတည်း ကြိုတင်ပြီးတော့ လုပ်လိုက်တာပါ”

ဒုတိယဥက္ကဋ္ဌ ဦးတင်ဦးနဲ့အတူ အမျိုးသမီးအဖွဲ့ဝင်တွေက စီစဉ် ဆောင်ရွက်ခဲ့တာလို့ ဆိုပါတယ်၊၊

အလားတူပဲ နာဂစ်မုန်တိုင်းဒဏ်ကြောင့် ကွယ်လွန်သွားခဲ့သူတွေအတွက် ရည်စူးပြီး ဆွမ်း ဆက်ကပ်လှူဒါန်းပွဲတရပ်ကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ နေထိုင်ကြတဲ့ မြန်မာနိုင်ငံသားတွေ စုပေါင်းပြီး ဝပ်ဆိုင်းမွန်လို့ အမည်ရတဲ့ မြန်မာဘုန်းတော်ကြီးကျောင်းမှာ ဒီကနေ့ မနက်ပိုင်းက ပြုလုပ်ခဲ့ကြပါတယ်။

မုန်တိုင်း တိုက်ခိုက်ခံရပြီး ၂ နှစ်ပြည့်ခဲ့ပေမယ့် ဧရာဝတီတိုင်းအတွင်း ဒေသတချို့မှာ အိုးအိမ် အတည်တကျ မရှိသေးသူတွေ အများအပြား ကျန်နေသေးပြီး သောက်သုံးရေ အခက်အခဲတွေလည်း ရှိနေသလို ကျန်းမာရေးလိုအပ်ချက်တွေနဲ့ လယ်ယာစိုက်ပျိုးရေး လုပ်ငန်းတွေ၊ ပြန်လည်ထူထောင်ရေးတွေ လိုအပ်နေဆဲ ဖြစ်တယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်လေ့လာသူများအဖွဲ့ HRW က အစီရင်ခံစာတစောင် ထုတ်ပြန်ခဲ့ပါတယ်။


ဒီလိုဖြစ်နေရတာဟာ မုန်တိုင်းသင့် ပြည်သူတွေဆီ ပြည်တွင်းပြည်ပက ထောက်ပံ့တဲ့အကူအညီတွေ အပြည့်အ၀ မရောက်ရှိလို့ ဖြစ်ပြီး လက်ရှိစစ်အစိုးရမှာ တာဝန်ရှိတယ်လို့ ဆွမ်းဆက်ကပ်လှူဒါန်းပွဲ ပြုလုပ်ရာမှာ ဦးဆောင် ပါဝင်ခဲ့သူတဦးဖြစ်တဲ့ နန်းယဉ်စမ်က ပြောပါတယ်။

“နာဂစ်ဖြစ်ပြီးနောက်ပိုင်း ဒီ အသက် ဆက်ရှိနေတဲ့လူတွေ၊ ဒုက္ခရောက်နေတဲ့ လူတွေကို ချက်ချင်းအကူအညီ ပေးဖို့က အဓိကကတော့ အစိုးရက တာဝန်ယူရမှာပေါ့၊ ဒါပေမယ့် တကယ့်တကယ် ပြန်ကြည့်မယ်ဆိုရင် အစိုးရက ဘာမှ အကူအညီပေးတဲ့ လုပ်ငန်းတွေ လုပ်မနေဘူး။ လုပ်တဲ့လူတွေကိုတောင်မှ လွတ်လွတ်လပ်လပ် လုပ်ခွင့်မပေးဘူး။ ပြည်ပကနေပြီးတော့မှ ပေးသွားတဲ့ အကူအညီ ငွေတွေဆိုလည်း အစိုးရကနေတဆင့် ဖြတ်နေတော့ အကူအညီ ငွေတွေဆိုတာ တကယ် ဒုက္ခရောက်နေတဲ့ လူတွေဆီကို မရောက်လို့ ဒီပြဿနာတွေက အခုထိ ဖြစ်နေဆဲ ဖြစ်တယ်”


နာဂစ်မုန်တိုင်း နှစ်ပတ်လည်အလှူပွဲကို ထိုင်းနိုင်ငံအခြေစိုက် မြန်မာနိုင်ငံအရေး လှုပ်ရှားဆောင်ရွက်နေတဲ့ အဖွဲ့တခုဖြစ်တဲ့ Friends of Burma အဖွဲ့က ဦးဆောင် စီစဉ်တာဖြစ်တယ်လို့ သိရပါတယ်။



ရင်းမြစ်..RFA