05 May 2010

ပြည်ပသွား မြန်မာခရီးသည် တစ်ဦးလျှင် ရွှေတစ်ကျပ်သားထက် ပိုသယ်ခွင့်မပြုတော့

ပြည်ပသို့ထွက်ခွာမည့် မြန်မာနိုင်ငံသားခရီးသည်များအနေဖြင့် တစ်ဦး လျှင် တစ်ကျပ်သားထက်မပိုသည့် ရွှေထည် ပစ္စည်းကိုသာယူဆောင်ခွင့်ပြုပြီး ကျောက် ကွင်းထားသည့် မည်သည့်လက်ဝတ်ရတနာ ကိုမျှ ပြည်ပသို့ ယူဆောင်ခွင့်မပြုကြောင်း ပြည်ပမှပြန်ရောက်လာသည့် မြန်မာခရီးသည် တစ်ဦးထံမှ သိရသည်။


အဆိုပါညွှန်ကြားချက်ကို အကောက် ခွန်ဌာနမှ ထုတ်ပြန်ထားခြင်းဖြစ်ကြောင်း၊ ချမှတ်ထားသည့်စည်းကမ်းများကို လိုက်နာ ခြင်း မရှိသူများအား နိုင်ငံခြားငွေလဲလှယ်မှု ကြီးကြပ်ရေး အက်ဥပဒေပုဒ်မ (၉၂)ဖြင့် လည်းကောင်း၊ကျောက်မျက် ရတနာဥပဒေပုဒ်မ (၃၉)အရလည်းကောင်း အရေးယူသွား မည်ဖြစ်ကြောင်း သိရသည်။


''ထိုင်းက အမျိုးတွေဆီသွားတော့ နီလာဝမ်းဆက်တစ်စုံ၊ စိန်လော့ကက်သီး နှစ်ခု စုစုပေါင်းတစ်ကျပ်ခွဲသားရှိတဲ့ ဆွဲကြိုး နဲ့ ဟန်းချိန်းကို အိတ်ထဲထည့်ပြီး သွားတာ လေဆိပ်ရောက်တော့ လုပ်စရာရှိတာတွေ လုပ်နေတုန်း ခဏနေတော့ အကောက်ခွန် မှ တာဝန်ရှိသူတွေက ပြည်ပသွားမယ့်သူ တွေ ရွှေတစ်ကျပ်သားထက်ယူခွင့်မရှိဘူး။ ကျောက်ပါတဲ့လက်ဝတ်ရတနာတွေကိုလဲ ယူခွင့်မရှိဘူးဆိုတာနဲ့ လေဆိပ်လိုက်ပို့တဲ့ မိဘတွေဆီမှာပဲ အပ်ထားခဲ့ရတယ်''ဟု ပြည်ပ သို့ ထွက်ခွာခဲ့သည့်ခရီးသည်တစ်ဦးက ပြော သည်။


မြန်မာနိုင်ငံမှ အကြောင်းအမျိုး မျိုးဖြင့် ပြည်ပသို့ ထွက်ခွာသည့် မြန်မာ နိုင်ငံသားခရီးသည်အချို့သည် ကျောက် မျက်ရတနာ၊ လက်ဝတ်ရတနာများအား ပြည်ပသို့ထုတ်ယူသယ်ဆောင်သွားကြသဖြင့် လေဆိပ်မှတာဝန်ရှိသူများအနေဖြင့် အထူး ကြပ်မတ်စစ်ဆေးလျက်ရှိကြောင်း အကောက် ခွန်ဌာနမှတာဝန်ရှိသူတစ်ဦးက ပြောသည်။


''ဒီကြေညာချက်ကို ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်ပြည်ပထွက် ခွာရဲ့ အချက်အချာကျတဲ့နေရာမှာ အများ ပြည်သူမြင်သာအောင် ကြေညာထားပါ တယ်။ ဒီနှစ်အစောပိုင်းက ထုတ်ပြန်ကြေ ညာခဲ့တာပါ။ ပြည်ပထွက်ခွာတဲ့ မြန်မာ နိုင်ငံသားတိုင်း တစ်ဦးကို သတ်မှတ်ထား တဲ့ ရွှေတစ်ကျပ်သားထက်ယူခွင့်မရှိဘူး။ ဘယ်ကျောက်မျိုးကိုမဆို ပြည်ပကို ယူဆောင် ခွင့်မပြုပါဘူး''ဟု ယင်းက ထပ်မံပြော သည်။


ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ပြည်ပထွက်ခွာနေရာတွင် နိုင်ငံ ခြားသားများပစ္စည်းယူဆောင်ခွင့်နှင့် ပတ် သက်သည့် ကြေညာချက်များကိုလည်း ကြေညာထားကြောင်း သိရသည်။


သတင်းYMG