03 May 2010

စီအန်ဂျီယာဉ်မောင်းများနှင့် ကားပိုင်ရှင်များအကြား ဓာတ်ငွေ့ဆိုင်မီးပျက်နေသည့် အချိန်အခါမျိုးတွင် နားလည်မှုဖြင့် ယာဉ်မောင်းချိန် တိုးမြှင့်ပေးမှုများရှိလာ

ရန်ကုန်မြို့ရှိ CNG ယာဉ်မောင်းများနှင့် ယာဉ်ပိုင်ရှင်များအကြား ဓာတ်ငွေ့ထည့်ရာတွင် မီးပျက်နေသည့် အခြေအနေကြုံတွေ့ပါက အဆိုပါ ယာဉ်မောင်းအား ယာဉ်မောင်းချိန်ကိုနားလည်မှုဖြင့် တိုးမြှင့်၍ ပြေးဆွဲခွင့်ပေးထားကြောင်း ယာဉ်ပိုင်ရှင်များ နှင့် အငှားယာဉ်မောင်းများထံမှ သိရှိရသည်။




မြန်မာပြည်မှာ ဂက်စ်ထည့်ဘို့ ကိုကားတန်းကြီးစောင့် နေရပုံပါ


ယင်းကဲ့သို့ ယာဉ်ပိုင်ရှင်များမှာ မိမိ၏ CNG အငှားယာဉ်မောင်းကို နားလည်မှုဖြင့်အချိန်တိုးမြှင့်၍ ပြေးဆွဲခွင့်ပေးရခြင်းအကြောင်းရင်းမှာ ယခု လပိုင်းအတွင်း CNG ဓာတ်ငွေ့ဆိုင်အများစုမှာ မီးပျက်နေ၍ ဓာတ်ငွေ့ထည့်ရာတွင် အချိန်အားဖြင့်အနည်းဆုံး ၃ နာရီမှ ၆ နာရီဝန်းကျင်အထိ စောင့်စားနေရသည့်အတွက်ကြောင့် ဖြစ်ကြောင်းသိရှိရသည်။



"CNG ဓာတ်ငွေ့ဆိုင်တွေက ပုံမှန်မရှိဘူး။ တစ်ခါတစ်လေကျရင် မီးလာတယ်။ တစ်ခါတစ်လေကျရင် မီးပျက်တယ်။ မီးလာတဲ့အခါမှာတော့ တော်တော်လေးအဆင်ပြေတယ်။ မီးပျက်တဲ့အခါမှာတော့ ဂက်စ်ထည့်ရာ မှာတော်တော်လေးကြာတယ်။ အနည်းဆုံး သုံးနာရီလောက်ကြာတယ်။ ကိုယ့်ကားက ခရီးသည်ကိုလိုက်ပို့ရင်း နဲ့ဂက်စ်ကုန်သွားတော့ နီးစပ်ရာဂက်စ်ဆိုင်မှာဝင်တန်းစီတယ်။ အဲဒီဆိုင်က မီးပျက်နေတော့ အကြာကြီးစောင့်ရမှာစိုးလို့ တခြားဆိုင်ကိုသွားပြီးဂက်စ်ထည့်တော့လည်း မထူးခြားပါဘူး။ ပိုတောင်အချိန်ကုန်သွားပါသေးတယ်။


အဲလိုအကြာကြီးစောင့်ရတဲ့အခါမှာ အုံနာကြေးမပြည့်တော့ ပိုင်ရှင်ဆီကို အကြောင်းကြားပြီး နောက်ထက်အချိန်ပိုဆွဲခွင့်ရအောင် ခွင့်တောင်းရပါတယ်"ဟု CNG အငှားယာဉ်မောင်းတစ်ဦးက ဆိုပါသည်။



CNG အငှားယာဉ်ပိုင်ရှင်တစ်ဦးကလည်း "ယာဉ်မောင်းတွေဘက်က အခက်အခဲတွေကို ပြောပြတော့လည်း ကျွန်တော်တို့ဘက်က ဖြစ်နိုင်တာကို လိုက်လျောပေးပါတယ်။ ဥပမာ - ဂက်စ်ထည့်တာ သုံးနာရီ ကြာတယ်ဆိုရင် ကားပြေးဆွဲခွင့်ကို နောက်ထက်သုံးနာရီတိုးပြီး ပြေးဆွဲခွင့်ပေးပါတယ်။ အဲလိုပေးနိုင်တာကလည်း ယာဉ်မောင်းတစ်ယောက်တည်းကိုပဲ နားလည်မှုပေးလို့ရတယ်။ တချို့ယာဉ်တွေဆိုရင်တော့ ယာဉ်မောင်းချိန်နှစ်ချိန်ရှိတော့ နားလည်မှုလုံးဝပေးလို့မရဘူး။ အဲဒီအခါမှာတော့ မနက်ယာဉ်မောင်းက ညဘက်ယာဉ် မောင်းအတွက် ဂက်စ်ဖြည့်ပေးရမယ်။ ညယာဉ်မောင်းက မနက်ယာဉ်မောင်းအတွက် ဂက်စ်ဖြည့်ပေးရမယ်"ဟုပြောကြားခဲ့သည်။



CNG ယာဉ်အုံနာကြေးမှာ ကျပ် ၁၄၀၀၀ ၀န်းကျင်၊ ဒီဇယ်နှင့် ဓာတ်ဆီယာဉ်အုံနာကြေးမှာ ကျပ် ၁၀၀၀၀ ၀န်းကျင်ရှိကြောင်း သိရှိရသည်။ weeklyeleven တွင်၎င်းသတင်းအား ဖော်ပြထားပါသည်.။