03 May 2010

ပေါ်ပြူလာဂျာနယ် အယ်ဒီတာချုပ်နေရာ အပြောင်းအလဲ ပြုလုပ်။


မေလ ပထမပတ်မှာ ထွက်ရှိလာသည့် ပေါ်ပြူလာဂျာနယ် အတွဲ (၁၄)၊ အမှတ် (၁၇)တွင် အယ်ဒီတာချုပ်အဖြစ် ကိုမျိုး(မြန်မာစာ)မှ ပြောင်းလဲဆောင်ရွက်ကြောင်း တွေ့ရှိကြရသည်။ ယင်းဂျာနယ်တွင် ယခင် အယ်ဒီတာချုပ် ဖြစ်သော ဟိန်းလတ်၏ အမည်အား မီဒီယာဂရု၏ ဒုတိယဥက္ကဌအဖြစ် တွေ့ရှိရသည်။

ဟိန်းလတ်မှာ နအဖ ပြန်ကြားရေးဝန်ကြီး ခန့်အပ်သော မြန်မာနိုင်ငံ စာပေနှင့်စာနယ်ဇင်းအဖွဲ့ ဗဟိုကော်မတီဝင် တစ်ဦးဖြစ်ပြီး လာမည့် စာပေညီလာခံတွင်လည်း နောက်ထပ် သက်တမ်းဆက်လက် တာဝန်ပေးခံရမည့် တစ်ဦး ဖြစ်ကြောင်းလည်း စာပေနှင့်စာနယ်ဇင်း ဗဟိုအဖွဲ့ဝင် တစ်ဦးထံမှ သိရသည်။ ဆရာ ကိုမျိုး (မြန်မာစာ) မှာ ယမန်နှစ်က စတင်ထုတ်ဝေသော ပေါ်ပြူလာနယူးစ် ဂျာနယ်တွင် တာဝန်ခံအယ်ဒီတာအဖြစ် ဆောင်ရွက်သူ တစ်ဦးဖြစ်ပြီး ယခင်ကလည်း ပေါ်ပြူလာဂျာနယ်တွင် အယ်ဒီတာတစ်ဦးအဖြစ် ဆောင်ရွက်ခဲ့ဖူးသူဖြစ်သည်။

နအဖ ရွေးကောက်ပွဲအကြိုကာလ ပြည်တွင်း ဂျာနယ်လောကတွင် အနုပညာဦးစားပေး ဂျာနယ်တစ်စောင် ဖြစ်သော ဆရာ ဦးဝင်းငြိမ်း၏ အလင်းတန်းဂျာနယ်တွင် နိုင်ငံရေးပါတီ အင်တာဗျူး ဖော်ပြလာခြင်း၊ နအဖ၏ ၂၀၁၀ ရွေးကောက်ပွဲကို ကြိုဆို၍ ထွက်ပေါ်သည်ဆိုသော မြတ်ခိုင်တို့ သားအဖ၏ မော်နီတာ ဂျာနယ်အသစ် ထုတ်ဝေလာခြင်း တို့နှင့်အတူ ပေါ်ပြူလာဂျာနယ် အယ်ဒီတာချုပ် အပြောင်းအလဲမှာ နိုင်ငံရေး စာမျက်နှာ ကဏ္ဍပါဝင်လာခြင်းတို့က ဆက်လက် စောင့်ကြည့်ရမည့် ထူးခြားပြောင်းလဲမှုများဟု စာပေလောက သားတစ်ဦးက ဆိုသည်။

(သတင်း - မာဃ၀ိဇ္ဇာ)။