02 May 2010

အင်းလေးကန် အတွင်းရှိ အင်းလေး ဖောင်တော်ဦးဘုရား ၀န်းကျင်တွင် ကန်ရေပြင်ဟာစံချိန်တင် ရေခန်းခြောက်မှုဖြစ်ပေါ်

အင်းလေးဖောင်တော်ဦးဘုရားကို ၂၀၁၀ပြည့်နှစ် ဧပြီလအတွင်းက တွေ့ရစဉ်


ယခုနှစ်တွင် ရာသီဥတုပူပြင်းပြီး မိုးမရွာသဖြင့် ရှမ်းပြည်နယ် တောင်ပိုင်း အင်းလေးဒေသ အင်းလေးကန်အတွင်းရှိ အင်းလေးဖောင်တော်ဦးဘုရားဝန်းကျင်တွင် စံချိန်တင် ရေခန်းခြောက်မှု ဖြစ်ပေါ်လျက်ရှိ ကြောင်းဒေသခံများထံမှ သိရှိရပါသည်။


ရှမ်းပြည်နယ်တောင်ပိုင်း အင်းလေးဒေသရှိ ဖောင်တော်ဦးဘုရား ၀န်းကျင် ရေခန်းခြောက်မှုရှိခဲ့သော်လည်း ဘုရားခြေတော်ရင်းလှေကား ထစ်လှေဆိပ်အထိ စက်လှေ မော်တော်များ သွားလာနိုင်ပြီး ရေကျ၍ ကုန်းပေါ်လာမှုကြောင့် စက်လှေပေါ်မှဆင်းပြီး ဘုရားရင်ပြင်တော်ပေါ်သို့ တက်ရန် ပေ ၂၀ မှ ပေ ၄၀ အထိသာ လမ်းလျောက်ရခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရှိရသည်။




''အင်းလေး ကန်မကြီးတစ်ခုလုံးပဲ ခန်းခြောက်ကုန်တယ် ပြောနေကြလို့ ကိုယ်တိုင်အင်းထဲကို ဆင်းပြီး လာကြည့်တာပါ။ ရာသီဥတုပူပြင်းပြီး မိုးမရွာလို့ ကန်မကြီးမှာ ရေချိန်ပေ တော်တော်ကျသွားပေမယ့် အလျားငါးမိုင်၊ ခြောက်မိုင် အနံ နှစ်မိုင်၊ သုံးမိုင်လောက် ကျယ်တဲ့ အင်းလေးကန်မကြီးမှာ ရေအပြည့်ရှိနေပါသေးတယ်။ အင်းလေးကိုသွားတဲ့ ချောင်းလမ်းတွေဖြစ်တဲ့ နမ့်ကတ်ချောင်း၊ အမှတ်(၁)ချောင်း၊ အမှတ်(၂)ချောင်းတွေရဲ့တချို့နေရာ တွမှာ ရေအနက်တစ်ပေခွဲ၊ နှစ်ပေ လောက်အထိ ရေကျသွားပေမယ့် စက်လှေမော်တော်တွေမောင်းလို့ ရပါသေးတယ်။ စက်လှေမောင်းသူ ရဲ့ ရေလမ်းကြောင်းကျွမ်းကျင်မှုနဲ့ ညောင်ရွှေဖောင်တော်ဆိုက် ဆိပ်ကမ်းကနေ ဖောင်တော်ဦးဘုရား ခြေတော်ရင်း လှေဆိပ်အထိ ရေမိုင်ဆယ့်သုံးမိုင်ကို ပဲ့ချိတ်မော်တော်စီးပြီးသွားခဲ့ပြန်ခဲ့ ပါတယ်။ ရေကျခန်းခြောက်တာမို့ လှေဆိပ်ကနေ ဘုရားရင်ပြင်တော် အထိ မြောက်ဘက်ကဆို ၁၀ ပေကနေ ပေ ၂၀ လောက် အနောက်ဘက်ကဆို ပေ ၃၀ လောက်ပဲ လမ်းလျောက်ပြီး တက်ရတာပါ''ဟု တောင်ကြီးမြို့မှ ဘုရားဖူးလူငယ်တစ်ဦးက ပြောပြသည်။



အင်းလေးဖောင်တော်ဦးဘုရားကို ၂၀၀၉ခုနှစ်ဆောင်းတွင်းကတွေ့ရစဉ်

ညောင်ရွှေဆိပ်ကမ်းမှ အင်းလေးကန်မကြီး မြောက်ဘက်အ၀င်ဝအထိ နမ့်ကတ်ချောင်းလမ်းအတိုင်း ရေမိုင် လေးမိုင်၊ ကန်မကြီးမြောက်ဘက်အ၀င်ဝမှ တောင်ဘက်အ၀င်ဝအထိ ကန်မကြီးကိုဖြတ်၍ ရေမိုင် ငါးမိုင်ခွဲ၊ ကန်မကြီးတောင်ဘက် အ၀င်ဝမှ အမှတ်(၁)၊ (၂)ချောင်းလမ်းများဖြင့် ဖောင်တော်ဦးဘုရားခြေတော်ရင်း လှေဆိပ်သို့သုံးမိုင်ခွဲ စုစုပေါင်းရေမိုင် ၁၃ မိုင်ကို ပဲ့ချိတ်မော်တော်စီး၍ သွားလာနိုင်ကြောင်း၊ ဖောင်တော်ဦး ဘုရား အ၀င်၊ အထွက် ချောင်းများ ရေခန်းခြောက်မှုမှာ နှစ်ပေါင်းငါးဆယ်ကျော်အတွင်း ယခုတစ်ကြိမ်သာ ကြုံဖူးကြောင်း၊ ဖောင်တော်ဦးဘုရားသာမက နန်းပန်အလိုတော်ပေါက်ဘုရား၊ ငါးဖယ်ချောင်းကျောင်း(ကြောင်ခုန်ကျောင်းဟုလည်း ဒေသခံများကခေါ်)၊ ရက်ကန်းရုံ၊ ငွေထည်အလုပ်ရုံ၊ အခြား လက်မှုလုပ်ငန်းများကိုလည်း စက်လှေ မော်တော်ဖြင့် သွားရောက်ဖူးမြော်လေ့ လာနိုင်ဆဲဖြစ်ကြောင်း ဒေသခံတိုင်းရင်းသားကြီးတစ်ဦးထံမှ သိရှိရသည်။.weeklyeleven မှ ပြန်လည်ဖော်ပြပေးလိုက်ပါသည်.။