03 May 2010

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် မည်သည့် နိုင်ငံသားတိုင်းမဆို ဆိုက်ရောက်ဗီဇာ စတင်လျှောက်ထားနိုင်ပြီ

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိလာကြသည့် မည်သည့်နိုင်ငံသားတိုင်းမဆို ဆိုက်ရောက်ဗီဇာ Visa On Arrival စတင် ထုတ်ပေးနေပြီဖြစ်ကြောင်း ဧပြီလ ၃၀ ရက်နေ့ ပြည်ထဲရေးဝန်ကြီးဌာနတွင် ကျင်းပခဲ့သည့် မြန်မာနိုင်ငံ၌ ဆိုက်ရောက်ဗီဇာ ပြောင်းလဲကျင့်သုံးရေးဆိုင်ရာ အစည်းအဝေးမှဆုံးဖြတ်ခဲ့သည့် မူဝါဒဆိုင်ရာဆုံးဖြတ်ချက်များအရ သိရှိရပါသည်။


ကမ္ဘာလှည့်ခရီးသွားများအနေဖြင့် ယခင်ကမြန်မာနိုင်ငံ၌ ဆိုက်ရောက်ဗီဇာရရှိခဲ့မှု မရှိခြင်းကြောင့် ထိုင်းနှင့် စင်ကာပူနိုင်ငံများတွင် ဗီဇာရရှိရန်ကြိုးပမ်းရ၍ အချိန်နှောင့်နှေးခြင်းကြုံတွေ့ရသည့်အတွက် ယခုကဲ့သို့ စီစဉ်ခဲ့ရပြီး မြန်မာနိုင်ငံခရီးသွားကဏ္ဍတွင်လည်း ပိုမိုအဆင်ပြေစေရန် ရည်ရွယ်သည်ဟု သိရှိရပါသည်။



"အရင်ကဆိုရင် မြန်မာနိုင်ငံမှာ သံရုံးမရှိတဲ့နိုင်ငံတွေအနေနဲ့ သံရုံးရှိတဲ့နိုင်ငံတွေဖြစ်တဲ့ ထိုင်း၊ စင်ကာပူနိုင်ငံတွေမှာTransit ခံပြီး ဗီဇာဝင်လုပ်ရတယ်။ အခု ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ဆိုက်ရောက်ဗီဇာ စထုတ်ပေးနေတော့ ပိုလွယ်ကူသွား ပါတယ်"ဟု ရန်ကုန်တိုင်း လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့ပါသည်။ယခုအခါ ဆိုက်ရောက်ဗီဇာများကို မေလ၁ ရက် နေ့တွင် စတင်ထုတ်ပေးခဲ့ရာ ဖိလစ်ပိုင်နိုင်ငံသားလေးဦး စတင်ရရှိခဲ့ပြီးဖြစ်ကြောင်း သိရှိရပါသည်။



မည်သည့်နိုင်ငံသားမဆို ၄င်းတို့ သက်ဆိုင်ရာနိုင်ငံမှ လာရောက်သူတိုင်းအား ဆိုက်ရောက်ဗီဇာစည်းမျဉ်းဘောင်ဝင်လျှင် ဗီဇာထုတ်ပေးမည်ဖြစ်ကြောင်း၊လျောက်ထားသူ၏ ပတ်စ်ပို့သက်တမ်းသည် ရန်ကုန်သို့ရောက်ရှိချိန်တွင် သက်တမ်းအနည်းဆုံး ခြောက်လ ရှိရမည်ဟု သိရသည်။



ဆိုက်ရောက်ကမ္ဘာလှည့်ဗီဇာအတွက် ဗီဇာကြေးအမေရိကန်ဒေါ် လာ ၃၀ ကောက်ခံပြီးနေထိုင်ခွင့် ၂၈ ရက်ပေးမည်ဖြစ်ပြီး သက်တမ်းတိုးခွင့် ပြန်လည်လျှောက်ထားခြင်း ခွင့်မပြုကြောင်း၊ဆိုက်ရောက်လုပ်ငန်းဗီဇာ အတွက် အမေရိကန်ဒေါ်လာ ၄၀ ကောက်ခံပြီး နေထိုင်ခွင့် ရက် ၇၀နှင့် နေထိုင်ခွင့်သက်တမ်း ပြန်လည်တိုးနိုင်ကြောင်း၊ဆိုက်ရောက်ပြည်ဝင်ဗီဇာ (လူမှုရေးအလည်အပတ်)အတွက် ဗီဇာကြေး အမေရိကန်ဒေါ်လာ ၄၀နှင့်နေထိုင် ခွင့် ၂၈ ရက်ခွင့်ပြုပြီး နေထိုင်ခွင့်သက်တမ်း ထပ်မံတိုးမြှင့်နိုင်ကြောင်းနှင့် ဆိုက်ရောက်ဖြတ်သန်းခွင့် ဗီဇာအတွက် အမေရိကန်ဒေါ်လာ ၁၈ဒေါ်လာ ကောက်ခံကာ ၂၄နာရီ နေခွင့်ပြုမည်ဖြစ်ကြောင်း သိရှိရပါသည်။



ဆိုက်ရောက်ဗီဇာလျောက်လွှာ ပုံစံအား လေကြောင်းလိုင်းများတွင် အွန်လိုင်းမှ ကြိုတင်ရယူလျှောက်ထားနိုင်ပြီး မြန်မာနိုင်ငံမှပြန်လည်ထွက်ခွာရန် လေယာဉ်လက်မှတ်ပါရှိရမည်ဖြစ်ကြောင်း သိရှိရပါသည်။ယခုအချိန်ထိ မြန်မာနိုင်ငံသို့ လာရောက်ကြသော နိုင်ငံခြားသား ခရီးသွားဧည့်သည်များတွင် လုပ်ငန်းဗီဇာနှင့် အလည်အပတ်ဗီဇာအမျိုးအစားသာ အများဆုံးလာရောက်ကြသည်ဟု စုံစမ်းသိရှိရသည်။



ဆိုက်ရောက်ဗီဇာလျောက်ထားသူများအတွက် ထုတ်ပြန်ထားရှိချက်အချို့

  • မြန်မာနိုင်ငံအစိုးရမှ တရားဝင်အသိအမှတ်ပြု လိုင်စင်ထုတ်ပေးထားသည့် ဟိုတယ်၊ မိုတယ်၊တည်းခိုခန်းများတွင် နေထိုင်လည်ပတ်မည့်သူဖြစ်ရမည်။ တည်းခိုမည့်လိပ်စာကို အတိအကျဖော်ပြရမည်။
  • ဆွေမျိုးများ၊ မိတ်ဆွေများ၏နေအိမ်များ၊ စက်ရုံ၊ အလုပ်ရုံအပါအ၀င် တည်းခိုရန်နေရာရှိသူများအနေဖြင့် လက်ခံမည့်သူ၏ လိပ်စာကို အတိအကျဖော်ပြရမည်။
  • မိဘ၏နိုင်ငံကူးလက်မှတ်၌ ပူးတွဲပါရှိသော အသက် ၇ နှစ်အောက်ကလေးများကိုမိဘနှင့်အတူ အခမဲ့ခွင့်ပြုသည်။
  • သီးခြားပတ်စ်ပို့ကိုင်ဆောင်သူ အသက် ၇ နှစ်အောက် ကလေးများကို ဗီဇာကြေး အခမဲ့ခွင့်ပြုမည်။
  • တစ်ဦးချင်းလာရောက်လည်ပတ်သူဖြစ်ပါက ကိုယ်ပိုင်ငွေအနည်းဆုံး အမေရိကန်ဒေါ်လာ ၃၀၀ ပါရှိကြောင်း တင်ပြနိုင်ရမည်။ မိသားစုအလည် အပတ်လာရောက်ခြင်းဖြစ်ပါက အနည်းဆုံးအမေရိကန် ဒေါ်လာ ၆၀၀ ပါရှိကြောင်း တင်ပြနိုင်ရမည် (သို့မဟုတ်)အမေရိကန်ဒေါ်လာနှင့်တန်ဖိုးညီမျှသော နိုင်ငံခြားသုံးငွေကို တင်ပြနိုင်ရမည်။
  • ခွင့်ပြုချက်မရှိသော ကန့်သတ်နယ်မြေများကို သွားရောက်ခြင်း မပြုရ။

ရင်းမြစ်...weeklyeleven.